ကျွန်မချစ်တဲ့ မိုးရာသီ

17:01 Posted by ကျောပိုးအိတ်

ခုတလော ရာသီဥတုကလဲ အုံ့ မှိုင်းပြီး ၂၄နာရီနီးနီး မိုးကရွာနေတယ်။ ရာသီဥတုတွေထဲမှာ ကျွန်မက မိုးရာသီကို အကြိုက်ဆုံးပါဘဲ။ ဘာလို့ လဲဆိုတော့ မိုးရာသီမှာ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစို တောက်ပနေလို့ ပါ။ ဒါပေမယ့် အများစုက မိုးရာသီကို မကြိုက်ပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။ ဟုတ်ဘူးလား။

မိုးများစရွာပြီဆိုတာနဲ့  မိုးမှုန်လေးတွေ ကျွန်မကို လာစင်မယ့်နေရာလောက်မှာ ကျွန်မ အမြဲရပ်နေတတ်တယ်။ မိုးမှုန်တွေ မျက်နှာကို လာထိတဲ့ အရသာဟာ ကျွန်မအတွက်တော့ အရမ်းကို နူးညံ့ပါတယ်။ ပြီးတော့ တွေးချင်ရာ တွေး၊ ငေးချင်ရာငေးနဲ့  ဘ၀ဟာ ပြီးပြည့်စုံနေခဲ့တယ်။

ခုလဲဘဲ မိုးက အရမ်းရွာနေတယ်။ ကျွန်မလဲ လုပ်လက်စအလုပ်တွေကိုစားပွဲပေါ်ပစ်ထားလိုက်ပြီး ပြုတင်းပေါက် နားမှာ မတ်တပ် ရပ်နေမိတယ်။ ခဏကြာတော့ မိုးကတိတ်သွားပြီး နေရာင်လေးထွက်လာပါတယ်။ မိုးတိတ်ပြီး စမှာ နေရောင်ထွက်လာတာအရမ်း ကိုလှပါတယ်။ မိုးမှုန်ပါးပါးလေးတွေက နေရောင်အောက်မှာ ရောင်စုံဖြာ လက်နေပါတယ်။

ငယ်ငယ်တုန်းကဆို မိုးရွာပြီဆိုတာနဲ့  မေမေ့မျက်နှာရိပ်ကို ကြည့်နေရတယ်။ မိုးရေချိုးချင်လို့ လေ။ မေမေက ချိုးစေလို့ များ ပြောလိုက်ရင် အိုးးးးးးး အရမ်းပျော်တာဘဲ။ မိုးရေထဲမှာ မောင်နှမတွေ ဘောလုံးကန်ကြတယ်။ ပြီးတော့ သူများအိမ်က ရေတလျှောက်အောက်မှာဝင်ပြီး အလုအယက် မိုးရေခံပြီးလုချိုးကြတယ်။ တစ်ခါတစ်လေ ဆို နှုတ်ခမ်းတွေပြာ၊ ဂတ်ဂတ်တုန်၊ လက်သည်းတွေ ပဲကြီးရေခွံလို တွန့် နေတာတောင်မှ မတော်ချင်သေးဘူး။

မေမေက တော်လို့ ရပြီလို့ ပြောတဲ့အခါမှ အိမ်ပေါ်တတ်တာ။ တစ်ခါတစ်ရံဆို မိုးရွာနေပေမယ့် မေမေနဲ့ အတူ စောင်ခြုံပြီး ကွေးကြသေးတယ်။ အဲဒိချိန်ဆို မေမေက အမြဲပုံပြောပြတယ်။ မိုးအေးအေးမှာ ကွေးရတဲ့ အရသာ ကလဲ
ဘယ်ရာသီနဲ့ မှမတူဘူး။

စာကြည့်ရတဲ့ ညတွေမှာဆို မိုးရွာရင် တယ်ပြီး မကြည့်ချင်ဘူး။ မိုးအေးအေးမှာ ဘာသာပြန်စာအုပ်တစ်အုပ်၊ ဒါမှမဟုတ် ဂျူး ၊ ဂျာနယ်ကျော်မမလေး၊ မိုးမိုး(အင်းလျား)၊မင်းလူ၊ နီကိုရဲ အဲလိုစာအုပ်တွေနဲ့ အေးအေးဆေးဆေး ငြိမ့်ချင်တာ။

မိုးတွင်းဆို အသီးအနှံ အစားအသောက်ပေါတယ်။ ပန်းလေးတွေ အများကြီး ဖူးပွင့်ကြတယ်။ပြီးတော့ကျောင်းတွေ လဲပြန်ဖွင့်တယ်။

တောင်သူဦးကြီးတွေအတွက်လဲ မိုးရာသီမှာ လုပ်ငန်းခွင်တွေဝင်ကြ၊ ချောင်းတွေမြောင်းတွေမှာလဲ ရေတွေပြည့်လို့  တံငါသည်တွေလဲ ၀မ်းစာဖူလုံကြနဲ့ ။ ကဲ ဘယ်လောက်ကောင်းလဲနော်။

ရှင်တို့ ရော ဘယ်ရာသီဥတုကိုကြိုက်လဲ။

ကျွန်တော့်စိတ်ကူး အိပ်မက်များ

07:14 Posted by ကျောပိုးအိတ်

ကျွန်တော်မိန်းမယူချင်နေတာ ကြာနေပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့  ဆုံးဖြတ်ထားတယ်။

• ကျွန်တော်ယူမယ့် မိန်းမက လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာမလိုပါဘူး။ ကိုယ်လုံး သေးသေးသွယ်သွယ်နဲ့  ချစ်စရာကောင်းရင်တော်ပါပြီ။ ကျွန်တော် ရယ်စရာပြောရင် လိုက်ရယ် တတ်ရမယ်။

• ကျွန်တော်ယူမယ့်မိန်းမရဲ့ အိမ် ဘယ်လိုပုံစံရှိတယ်ဆိုတာ စိတ်မ၀င်စားပါဘူး။ အိမ်ကျယ်ရင်ပြီးတာဘဲ။

• မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစားရိတ်တစ်ဝက်ဆီခံမယ်။ကျွန်တော်ယူမယ့် မိန်းမက တစ်ဝက်၊ သူ့  မိဘက တစ်ဝက်ပေါ့။

• သူ့ ရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစာတွေ ဥပမာ ဈေးကြီးပေးရတဲ့ ချောကလက်ကို သူ့  လက်ဖျား
နဲ့ တောင် မထိစေရဘူး။ ကျွန်တော်ဘဲစားမယ်။

• ကျွန်တော်ယူမယ့်မိန်းမဟာ ခေတ်နဲ့ တပြေးညီ စတိုင်လ်ကျကျဝတ်နိုင်အောင် ကျွန်တော် ဆင်ပေးမယ်။ ဒါပေမယ့် ဈေးကြီးလွန်းတဲ့ အ၀တ်အစားတွေ မဖြစ်စေရဘူး။

• ထမင်းဟင်းကို သူမ ဘယ်လိုဘဲချက်ချက် ကျွန်တော်အတွက်အရေးမကြီးဘူး။အရသာရှိရင်တော်ပါပြီ။

• မြန်မာဟင်းလျာတွေဲ ချက်စရာမလိုပါဘူး။ဒီနေ့ မြန်မာအစားအစာ၊ နောက်နေ့ ကုလားအစားအစာ၊ နောက်နေ့ တရုတ် အစားအစာ စသည်ဖြင့် ပြောင်းလဲပြီးတော့ ချက်ရင်လဲ လက်ခံပါတယ်။ ဒီအတွက်တော့ သူမကို လုံးဝ လွတ်လပ်ခွင့်ပေးထားတယ်။

• အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်ပြောမှာမုဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော် ၀တ်မယ့် အ၀တ်အစားကတော့ အမြဲသန့် နေရမယ်နော်။

• အိမ်ကို သန့် ရှင်းဘို့ သူမကို ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ အိမ်ရှင်မကောင်းတစ်ယောက်ဆိုရင် သူမ ရဲ့ အသိ စိတ်နဲ့ သူမလုပ်ပါလိမ့်မယ်။

• လှဲကျင်းလျှော်ဖွတ်ရလို့ သူမပင်ပမ်းနေပြီဆိုကြပါစို့ ။အဲဒိအခါကျရင် သူမကို ကျွန်တော် အနားယူ ခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ ပန်းကန်ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

• ဈေးကိုတော့ အမြဲအဖော်လိုက်ပေးမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ဘဲကိုင်ပေးမယ်။ အပြန်ကျမှ သူမကို အလှည့်ပေးမယ်။

• ကျွန်တော်သဘောနဲ့ တိုက်ဆိုင်တာမှန်မမျှ သူမပြောတာကို ကျွန်တော် လက်ခံနားထောင်ပေးမယ်။

• သူမရဲ့ အသက်ကို ကျွန်တော်တန်ဘိုးထားမယ်။ ဒါကြောင့် သူ့ လက်ထဲကို ပိုက်ဆံတစ်ပြားမှ ထည့်ပေး မှာ မဟုတ်ဘူး။ လူဆိုးသူခိုးတွေက ပေါတယ်မဟုတ်လား။ ငွေရှိရင် အနရယ် ရှိတယ်မဟုတ်လား။

• ကျွန်တော်ပြောသမျှအမိန့် ကို နာခံရမယ်လို့ ဘယ်တော့မှ ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် ဖြစ်ချင် တာတွေ ဖြည့်စည်းပေးရင်တော်ပါပြီ….. မဖြည့်နိုင်ရင်တော့လား

• ဒါဆို နောက်တစ်ယောက် ရှာပါစေပေါ့။ မဟုတ်ဘူးလား။


ဖော်ဝက်မေးလ်ကနေ ရတာပါ။ ထုံးစံအတိုင်းပါဘဲရှင်။ မူရင်းရေးသားသူ မပါလားဘူး။ မိန်းမစိတ်ကူးကိုတော့ ကျွန်မထင်တယ် ။ မမနိုင်းနိုင်းစနေဆီမှာ ဖတ်ဘူးသလိုဘဲ။ ဘာလို့ မသေချာတာလဲဆိုတော့ ကျွန်မ လည်ဖြစ်တဲ့ ဘလော့တွေက များလွန်းလို့ မမှတ် မိတာလဲပါတယ်။

မူရင်းရေးသားသူသိခဲ့ရင် ပြောပေးပါနော်။ ကျွန်မ ပြန်ထည့်ပေးပါ့မယ်။

သြော် မေ့လို့ ။ အဓိက မှာချင်တာက ဒီလိုယောကျာင်္းယူမယ်ဆို သေဘို့ သာပြင်ထားတော့နော်။
မိန်းကလေးတွေအတွက် ပညာပေးထားတာ။
း)

ကျောပိုးအိတ်ဆိုရင်တော့ ယူဘူးတော့။ ဒီလိုယောကျာင်္းမျိုး။ အပျိုကြီးဘဲ လုပ်တော့မယ်။ ဘယ်နှယ်တော်။
း)

ငယ်ဘ၀ကို သတိရစေတဲ့ အစားအသောက်များ

23:07 Posted by ကျောပိုးအိတ်

ငယ်ဘ၀ကို သတိရစေတဲ့ အစားအသောက်များတဲ့။ မမ မဟာဆန်က ချစ်စရာကောင်းစွာ တဂ်လာတယ်။ ဒီတော့လဲ ရေးရတော့တာပေါ့။
း)

ငယ်ငယ်တုန်းက ကျောပိုးအိတ်က အဖွားနဲ့ နေရတာ များတယ်။ ဖေနဲ့ မေက တာဝန်အရ မြန်မာနိုင်ငံ နေရာအနှံ့  ကို ပြောင်းနေရတာဆိုတော့ ငယ်လွန်းသေးတဲ့ ကျွန်မကို မခေါ်သွားဘူး။ ဒီတော့ ကျွန်မက အဖွားတွေ၊ အဒေါ်တွေ လက်ထဲမှာ ကြီးလာခဲ့တယ်။

အဖွား( အမေကြီး) က ရှေးဟောင်းအဖွားဆိုတော့ တော်ရုံမုန့် ဆို သူလုပ်ကျွေးတာ များတယ်။ ငယ်ငယ်က မောင်နှမ ၀မ်းကွဲ တွေနဲ့ လုစားခဲ့တာက ထမင်းခြောက်ကြော်ပါ။ ဒေါ်လေးက ထမင်းခြောက်တွေ လှမ်းထားပြီး ကြော်ကျွေးတယ်။ ဘေးနားမှာက ရေခဲရေ အဆင်သင့်နဲ့ ။ မောင်နှမတွေ စားလိုက်၊ ရေသောက်လိုက်နဲ့  ညစာကျတော့ ဗိုက်တွေပွပြီး ထမင်းမစားနိုင်ကြတော့ဘူး။

နောက်တော့ ကောက်ညှင်းပေါင်း ။ ကောက်ညှင်းပေါင်းစားတိုင်း မေကလက်သီးဆုတ်နဲ့ ဆုတ်ပြီး ပေးတတ် တယ်။ နှမ်းတောင်းလေးကိုဖြူးပြီး မေဆုတ်ပေးတဲ့ ကောက်ညှင်းပေါင်းက ခုထိစားနေရတုန်းဘဲ။

မနက်စောစောထတဲ့နေ့ ဆို မေနဲ့ လမ်းထိပ်က ဘိန်းမုန့် ဆိုင်သွားတယ်။ ဆီရယ် ကြက်ဥရယ် အိမ်ကယူသွားပြီး
ဘိန်းမုန့် သွားဝယ်ကြတယ်။ ပြန်လာပြီဆိုတာနဲ့  မကြီးက ကော်ဖီဖျော်ပေးထားတယ်။ ဘိန်းမုန့် နဲ့ ကော်ဖီပေါ့။ ဒါပေမယ့် ကျွန်မက ဘိန်းမုန့် စားရင် ရေနွေးကြမ်းနဲ့ စားတာများတယ်။

ကျွန်မတို့  အိမ်မှာက တော်ရုံဆို ၀ယ်မစားရဘူး။ အိမ်မှာချက်တာများတယ်။ အပြင်မှာ ၀ယ်စားရင် မသန့် တာနဲ့  အချိုမှုန့်  များတာနဲ့  ။ ဒီတော့ တော်ရုံဆို အိမ်မှာဘဲ ချက်စားကြတယ်။

မှတ်မှတ်ရရ ကျွန်မ ၅တန်းလောက်တုန်းက အိမ်မှာချက်စားတဲ့မုန့် ဟင်းခါး။ အရမ်းစားကောင်းတယ်။ ဘယ်လောက်ထိတောင် စားလိုက်မှန်းမသိဘူး။ ပြန်တောင်အန်ထွက်တယ်။ အဲဒိကတည်းက အိမ်မှာ နာမည်ပြောင်းခေါ်တော့တယ်။ အစားပုတ်တဲ့။
း)

နောက်တော့ ဖေပြောင်းရတဲ့ ကသာကို လိုက်သွားတယ်။ ကျွန်မ ၆တန်းလောက်မှာ ကျောင်းပိတ်လို့  မေကလာ ခေါ်တာနဲ့  လိုက်သွားတယ်။ အဲဒိမှာ ကျွန်မ ခေါပုတ်စစားဘူးတာ။ ကောင်းလိုက်တာနော်။ ဆားနဲ့ တို့ တို့ ပြီး စားတာ။ ခုထိမှတ်မိ နေတုန်းဘဲ။ ပြီးတော့ ဇီးသီးအချဉ်ချက်လားမသိဘူး။ ၀န်ထမ်းမိန်းမတစ်ယောက်က ချက်ပြီး လာပို့ ပေးတာ။ ချဉ်ချဉ်စပ်စပ်လေး နဲ့ တော်တော်စားကောင်းတယ်။

ပြီးတော့ ရှမ်းပြည်ပြောင်းရရော။ အဟဲ အစားပုတ်လေးက တော်တော်ပျော်တာပေါ့။ ရှမ်းပြည်မှာက ရှမ်းအစား အစာတွေ ကောင်းတယ်လေ။ ၅ရက်တစ်ဈေးနေ့ တွေဆို စောစောထပြီး ချမ်းချမ်းစီးစီးထဲမှာ အငွေ့  တစ်ထောင်း ထောင်းထနေတဲ့ ရှမ်းခေါက်ဆွဲ စားခဲ့တာတွေ၊ ကောက်ညှင်းပေါင်းစားခဲ့တာတွေ၊တို့ ဟူးနွေးစားခဲ့တာတွေ။ မေကဈေးထဲကနေ
ရှမ်းမုန့် ညှင်းချဉ် တွေဝယ်လာတယ်။ ကျွန်မက အဲဒါတွေနှိုက်နှိုက်စားတယ်။ ဒီတော့ ကျွန်မ အမက မီးလေး လာမကြီး မုန့်  ဖတ်ဝယ်လာတယ် ။ မုန့် ဖတ်နဲ့ နယ်စားမယ်တဲ့။ အဲဒိကနေ ကျွန်မ အသုတ်ကို စားတတ်လာတယ်။

နောက်သင်္ကြန်ဆို ငယ်ငယ်ကတည်းက ရန်ကုန်သင်္ကြန်ဘဲပျော်တယ်။ ဘယ်နေရာရောက်ရောက် ရန်ကုန်ပြန်ဘို့  အမြဲပူစာခဲ့တယ်။ ဘာလို့ လဲဆိုတော့ အဲဒိအချိန်ဆို မောင်နှမတွေအကုန်လုံးက အဖွားအိမ်မှာ ဆုံကြတယ်လေ။ အဖွားအိမ်ရှေ့ မှာ (ဗိုလ်ချုပ်လမ်း) မဏ္ဍပ်ထိုးပြီး ရေကစားရလို့ ။ အဲဒိနေ့ တွေဆို အစားတော်တော်စုံတယ်။

အဒေါ်တွေက ရေကစားရင်းနဲ့ စားရအောင် သရက်သီးကို ငံပြာရည်၊ ငရုတ်သီးမှုန့် နဲ့  နယ်ပေးထားတယ်။ အများကြီးဘဲ။ စားလိုက်၊ ရေကစားလိုက်နဲ့ ။
း)

၈တန်းနှစ်လောက်မှာ ပထမဆုံး အပြင်မှာ ကြေးအိုးစသောက်ဘူးတယ်။ ကြေးအိုးဆိုတာ ကြားသာကြားဘူးတယ်။စားဘူးသေး ဘူးလေ။ အဲဒိတော့ ကျူရှင်အဆင်းမှာ သူငယ်ချင်းတွေနဲ့  ကြေးအိုးသွားသောက်ကြတယ်။ လာချပေးတုန်းက အောင်မလေး ကုန်ပါ့မလား နင့်ကြေးအိုးဆိုတာကြီးကလဲ ထည့်ထားတာ များလှချည်လားပေါ့။ နောက်တော့ စားလိုက်သူငယ်ချင်းတွေနဲ့ စကား များလိုက်နဲ့  ဟော အချိန်တန်တော့လဲ ကုန်သွားတယ်တော့။

ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့အစားတွေထဲမှာ မုန့် ဘိုင်းတောင့် (စာလုံးပေါင်းမှားနိုင်ပါတယ်) အရမ်းကြိုက် ပါတယ်။
မုန့် ဘိုင်းတောင့်ကို ဆီနဲ့ နယ်ပြီးစားရတဲ့အရသာ ခုပြောနေရင်းတောင် မျက်စိထဲမြင်လာတယ်။

ခေါက်ဆွဲကြော်တို့ ၊ ကြာဇံကြော်တို့ ၊ မုန့် ဟင်းခါးတွေက ငယ်ငယ်ကတည်းက တော်တော်ကြိုက်ခဲ့တယ်။ တော်တော်များများလဲ စားခဲ့တယ်။

နောက်တော့ ဖေက မြစ်ဝကျွန်းပေါ်ဘက် ပြောင်းရတယ်။ ငါးပိ ငါးခြောက်သိပ်ပေါတဲ့နေရာဆိုတော့ အိမ်မှာ အလျှံပယ်ဘဲ။ အဲဒိနောက်ပိုင်း ငါးခြောက်ဖုတ် အရမ်းကြိုက်လာတယ်။ ငါးပိထောင်းကို သံပရာရည်ညှစ်ပြီး ထမင်းနဲ့ စားတတ်လာတယ်။

တစ်နေ့  နေ့ ခင်းအိပ်ယာနိုးတော့ ဗိုက်ဆာလာတယ်။ မေဗိုက်ဆာတယ်လို့  ပူဆာတော့ မေက ငါးပိရည်ရယ်၊ ပုဇွန်ခြောက်ရယ်၊ ဆီရယ် နယ်ပေးပြီး သရက်ကင်းတို့ စရာလေးနဲ့ စားချင်စရာ ပြင်လာပေးတယ်။ ဆန်ကလဲ ကော့နေအောင်ကောင်းနေတော့ စားကောင်းလိုက်တာ။ စားကောင်းတယ်ဆိုတာကလဲ မေကခွံ့ ကျွေးတာကိုး။

ပြီးတော့ နေ့ လည်ဘက်တွေမှာ သားအမိတွေ ပျင်းပျင်းနဲ့  လက်ဖက်သုတ်စားတယ်။ ဟော ကြိုက်သွားပြန်ရော။ လက်ဖက်ကတော့ မျိုးရိုးနဲ့ ကို ကြိုက်တာ။ မေကလက်ဖက် နှပ်တဲ့နေရာမှာ တော်တော်လေးကို လက်စွမ်း ထက်တယ်။ လက်ဖက်ကို နယ်ပေးထားပြီး ဆီစိမ်ထား။ ကျွန်မတို့ က နှိုက်စား။ သြော် လက်ဖက် ဆိုလို့  ကျွန်မစားတဲ့ လက်ဖက်က အကြော်စုံပါဘူးနော်။ အဘိုးကြီးသုတ်လို့ ခေါ်တဲ့ ကြက်သွန်ကြော်ရယ် နှမ်းရယ်။ ပြီးတော့ မပါမဖြစ် ဒညင်းသီးရယ် ၊ ခရမ်းချဉ်သီးရယ်ပေါ့။

နောက် ဘားအံကိုပြောင်းရတော့ ဘာတဲ့ မျှစ်တာလပေါ့တဲ့။ ကောင်းတယ်တော့ စားရတာ။ မော်လမြိုင်ဘက်ကို ပြောင်းရတော့ ဒူးရင်းသီးတွေ ပေါလိုက်တာ။ စားတာတောင် အပင်အောက်မှာ စားတာ။ နောက် ဖေ့အသိ တစ်ယောက်က မင်းဂွတ်ခြံတွေ တော်တော်များများပိုင်တယ်။ သူ့ မှာ စာဆိုတောင်ရှိသေးတယ်။ တစ်ပင်ကို တစ်လုံး၊ တစ်လုံးကို တစ်မွှာတဲ့။ စားနိုင်တဲ့သူကို သူ့ ခြံတစ်ဝက်ပေးတယ်တဲ့။ သူ့ ခြံက အဲဒိလောက်ကျယ်တာ။ မျက်စိတစ်ဆုံးဘဲ။

တကယ်တော့လေ အဲဒိအစားတွေသာ ချရေးရမယ်ဆို တော်တော်များနေမယ်။ စာဖတ်သူတွေလဲ မျက်စိညောင်း နေမယ်။ အနှစ်ချုပ်မယ်ဆို ကျွန်မက မြန်မာအစားအစာတွေ တော်တော်များများကြိုက်တယ်။ ဒါမယ့် ဆီများတဲ့ ပုသိမ်ဟာလ၀ါတို့ ၊ မန်းလေး ထိုးမုန့် တို့  သိပ်မစားဖြစ်ဘူး။

မမ မဟာဆန်ရေ။ သမီးလေး အိပ်ယာထဲမှာ ဖြစ်ညှစ်စဉ်းစားပြီးရေးပေးလိုက်တယ်နော်။ ကျေနပ်မယ် ထင်ပါ တယ်။
း)

သြော် ပြောဘို့ ကျန်ခဲ့တယ်။ မေကလေ ကျွန်မ မြန်မာပြည်ကို ပြန်တိုင်း ခုထိ ထမင်းခွံ့ ကျွေးတုန်း။ မေခွံ့ ကျွေးတဲ့ ထမင်းတွေက ခုထိ စားကောင်းနေဆဲဘဲ။ မေက စိတ်ရှည်တယ်။ ကျွန်မကို ထမင်းခွံ့ ကျွေးတိုင်း။ တစ်ခါတစ်ရံ ကျွန်မက ကလေးငယ်လေးတွေ ထမင်းကို မျိုမချဘဲ ငုံထားသလိုငုံထားရင် အဲချိန်ဆို မေက စိတ်မရှည်တော့ဘူး။ ပုံမှန်ဆို
အမြဲခွံ့ ကျွေးတယ်။

ရှာဖွေနေဆဲနေ့ ရက်များ

22:48 Posted by ကျောပိုးအိတ်

ကျွန်မရောက်နေတဲ့ နေရာလေးက ကွမ်းသီးပင်တွေ၊ ရာဘာပင်တွေ ပေါများတဲ့ သာယာသော တောရွာလေး တစ်ရွာမှာပါ။ သာယာပြီးနေချင်စရာကောင်းတဲ့ ရွာလေးမှာ ကျွန်မအလုပ်လုပ်တယ်။ ကျွန်မတို့ အဖွဲ့ မှာ ကျွန်မ အပါအ၀င် ဆရာဝန် ၃ယောက် နဲ့  အခြားအကူတွေပါတယ်။အဲဒိမှာ အလုပ်ရခြင်းကလဲ ကျွန်မသူနဲ့ တွေ့ ဘို့  အကြောင်းဖန်လာသလိုပါဘဲ။

တစ်နေ့ တစ်နေ့  လူနာတွေနဲ့ နဘန်းလုံးနေတဲ့ ကျွန်မရဲ့ ဘ၀ထဲကို သူ မထင်မရှား စတင်ရောက်ရှိလာပါတယ်။ တစ်နေ့  နေမကောင်းလို့ သူကျွန်မတို့ ဆေးခန်းကိုလာပြတယ်။ လူနာတွေအများကြီးထဲမှာမှ သူလိုကိုယ်လို မထူးခြားတဲ့ သူ တစ်ယောက်ပါ။

လူနာတစ်ယောက် ကိုယ်အရမ်းပူနေတာ သတိတောင် လစ်ချင်နေတယ်လို့  လာပြောတော့ ကျွန်မ လူနာဆီကို နားကြပ်ဆွဲပြီး အပြေးအလွှားသွားခဲ့မိတယ်။

အဖျားတတ်နေတဲ့ လူနာကို ကိုယ်ပူကျဆေးတိုက်ပေးပြီး ပြန်အလှည့်မှာ ကျွန်မမျက်စိထဲ တစ်စုံတစ်ခုကို မြင် လိုက်ရတယ်။ ကျွန်မ မျက်စိဘဲမှားတာလားဆိုပြီး နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်မိတယ်။ သေချာပါ တယ်။ သူ့ ခါးကြားမှာ ထိုးထားတာ သေနတ်တစ်လက်ပါ။

သေနတ်နဲ့ လူနာ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် အဲဒိအတွေးတွေက ကျွန်မကို ဆက်မတွေး
မိအောင် လူနာတွေနဲ့ ဆက်ပြီး အလုပ်များနေခဲ့ရတယ်။

ကျွန်မလူနာတစ်ယောက်ကို ဆေးပေးဘို့ ခေါ်လိုက်တယ်။ ဒါပေမယ့် တော်တော်နဲ့ လူနာရှင်က မလာဘူး။ စိတ် ကလဲတိုနေပြီ။ ဘာလို့ လဲဆိုတော့ ညနေ ၃နာရီထိုးတာတောင် ကျွန်မတို့ ထမင်းမစားရသေးလို့ ။ ကျွန်မ လူနာ ကိုခေါ်နေတဲ့ အသံက တော်တော်ကျယ်သွားပုံရတယ်။ အပြင်က ယူနီဖောင်းဝတ်ထားတဲ့ ရဲဘော် တစ်ယောက် ပြေးဝင်လာတယ်။

ကျွန်မတို့ ဆေးခန်းဖွင့်ထားတဲ့နေရာက အမဲရောင်နယ်မြေထဲမှာပါ။ တကယ်ဆို ကျွန်မတို့ ဆေးခန်းထဲကို လက်နက်ယူဆောင် ခွင့်မပြုထားပါဘူး။ စာတမ်းတွေလဲချိတ်ထားပါတယ်။ ခုလက်နက်နဲ့ ရဲဘော်တစ်ယောက်က ဆေးခန်းထဲပြေးဝင်လာတော့ တော်တော်စိတ်တိုသွားတယ်။ ကျွန်မက ဒီမှာ ဆေးခန်းထဲကို လက်နက် ယူဆောင်
ခွင့်မပြုလို့ ရေးထားတာ မင်းတွေ့ တယ်နော် လို့ ပြောတော့ ချေချေငံငံဘဲ ဟုတ်ကဲ့ တွေ့ ပါတယ်ခင်ဗျားတဲ့။

ရန်လိုနေတဲ့ ကျွန်မကို ချေငံစွာပြန်ပြောလိုက်တော့ ကျွန်မတော်တော်ရှက်သွားတယ်။ အဲဒိတော့ လေသံတင်း နေတာကို နည်းနည်းလျှော့ချပြီး ဘာလို့ ဝင်လာတာလဲမေးလိုက်မှ အဲဒိ ရဲဘော်လေးက ဆရာမခေါ်နေတဲ့ နာမည်က ကျွန်တော်
တို့ ဗိုလ်ကြီး နာမည်ပါခင်ဗျာ။ ခုနက အဖျားတတ်နေတဲ့ ဗိုလ်ကြီးနာမည်ပါတဲ့လေ။

ကျွန်မလဲ ဘာမှမပြောဘဲ လုပ်စရာရှိတာတွေ ပြန်လုပ်နေတယ်။ နောက် နာရီဝက်လောက်ကြာတော့ အဖျားတတ် နေတဲ့လူနာက ကျွန်မဆီထလာပြီး ဆေးလာယူတယ်။ ကျွန်မလဲ တာဝန်ကျေ သူ့ ကိုရှင်းပြပေးခဲ့တယ်။ဘယ်ဆေး ဘယ်အချိန်သောက်ရန် ပြောလိုက်တယ်။ သူကပြောတယ် ကျေးဇူးတင်ပါတယ်တဲ့။ အေးစက်စွာနဲ့  ရပါတယ်လို့  ကျွန်မပြန်ပြောခဲ့တယ်။

ဒီလိုနဲ့  အလုပ်မရှိအလုပ်ရှာ သူဆေးခန်းကို မကြာမကြာလာနေတော့တယ်။ ဆင်ခြေကလဲ အမျိုးမျိုးပေး တတ် လာတယ်။
သူ့ ရဲဘော်နေမကောင်းလို့  ဘာညာနဲ့ ။ ဒါပေမယ့် ရဲဘော်တွေကြည့်တော့လဲ နေမကောင်းတဲ့ပုံ မထွက်ပါဘူး။ ဆေးခန်းကို ရောက်နေမှတော့ လာမပြနဲ့ ဘယ်လိုပြောရမလဲ။

နောက်တော့ပြစရာ လူနာကလဲ တပ်ရင်းတစ်ရင်းလုံးကုန်ပြီနဲ့ တူပါတယ်။ လူနာပြ မလာတော့ဘူး။ ဒီတော့ သူက နောက် တစ်မျိုးဇာတ်လမ်းထွင်လာတယ်။ ကျွန်မအတွက်တဲ့ တောထဲက သစ်ခွတွေ ယူယူလာတယ်။ ဒီလို လာလာနေတော့ ကျွန်မကို အားလုံးက ၀ိုင်းစနေကြတယ်။

ကျွန်မအရမ်းစိတ်ရှုပ်နေတယ်။ အဲဒိလိုစစနေတာ ကျွန်မဘယ်လိုမှ သီးမခံနိုင်ပါဘူး။ ရန်သွားတွေ့ ရအောင်လဲ သူကဘာမှ မပြောတာ။ ဘယ်လိုပုံနဲ့ ရန်သွားဖြစ်မလဲနော်။

ဆေးခန်းရှေ့ က လက်ဖက်ရည်ဆိုင်မှာ ပုံမှန်လိုရောက်ရောက်နေတတ်တဲ့သူ့ ကို ကြားထဲကနေ ကျွန်မကြည့်မရ ချင်တော့ဘူး။ အဲဒိနေ့ က ကျွန်မလူနာပါးတာနဲ့  ကျွန်မတို့ အဖွဲ့ ကဆရာဝန်ရယ် ၊ ကျွန်မရယ် သူထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဘက်မှာ သွားထိုင်မိတယ်။

ကျွန်မတို့ လာတာတွေ့ တာနဲ့ သူကလဲထလာပြီး ဘာညာနဲ့ လာရောတယ်။ ဒီတော့ ကြည့်မရတဲ့ ကျွန်မက ဗိုလ်ကြီး
တို့ တော်တော်အလုပ်ပါးနေပုံဘဲနော်။တစ်နေ့ တစ်နေ့  ဆေးခန်းနားမှဘဲတွေ့ ရတယ်လို့ ပြောလိုက်တော့ တော်တော် ရှက်သွားပုံရတယ်။ ဒါပေမယ့် အေးဆေးပါဘဲ ကျွန်မကို ပြန်ရှင်းပြသွားတယ်။

ဒီနေရာက အမဲရောင်နယ်မြေဖြစ်နေတာကြောင့် လုံခြုံရေးအရ ကျွန်တော်ရောက်နေတာပါ။ ပြီးတော့ အထူး ညွှန်ကြားချက်ကြောင့် ဒီဆေးခန်းကို လာစောင့်ရှောက်နေတာပါတဲ့။ ကျွန်မလဲ နားမလည်တော့ဘူး။ ဒီတော့ ဒီစကားဝိုင်းထဲကနေ ကျွန်မထွက်လာခဲ့တယ်။

နောက်တစ်ပတ်လောက်နေတော့ ကျွန်မတစ်ခုခုကို သတိထားမိနေတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မကို စောင့်ကြည့်တတ်တဲ့ သူ့ ကိုမတွေ့ ရတော့ဘူး။ ရင်ထဲမှာတော့ ဟာတာတာနဲ့ ပါဘဲ။ နောက်တစ်ပတ်လောက် နေတော့
သူ့ ကိုယ်စား နောက်တစ်ယောက် လာတာတွေ့ တယ်။ ကျွန်မမေးချင်တဲ့ စကားကို အလိုက်သိစွာနဲ့  နောက်ပြောင်းလာတဲ့ ဗိုလ်ကြီးက လာပြောပေးပါတယ်။ ဒီတော့မှ သိလိုက်ရတာက သူတို့ တပ် ပြောင်းသွားပြီတဲ့။

၂လလောက်နေတော့ ကျွန်မသူ့ ကို ပြန်တွေ့ ပါတယ်။ ပြန်တွေ့ တယ်ဆိုတာက သူကကျွန်မကို လာတွေ့ တာပါ။ ဒီညနေ
သူရှေ့ တန်းထွက်ရမယ်တဲ့။ ကျွန်မကို တွေ့ ချင်လွန်းလို့  လာခဲ့တာပါတဲ့။ ရုတ်တရက် ကျွန်မလဲ စိတ်ပူ သွားတယ်။ ဘေးရန်ကင်းဘို့ ကျွန်မဆုတောင်းပေးပါ့မယ်ဆိုတဲ့စကားက ကျွန်မနှုတ်ခမ်းကနေ ဘာလို့ အလွယ် တကူ ထွက်လာရတာလဲ။ ကျွန်မ မစဉ်းစားတတ်တော့ပါဘူး။

သူကလဲ အံ့သြစွာနဲ့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ နောက် ကျွန်မဖတ်ဘို့ တဲ့ စာအုပ်လေးတစ်အုပ်ပေး ခဲ့တယ်။ သူပြောချင်တာတွေ စာအုပ်ထဲမှာပါတယ်တဲ့။ ဖတ်ပေးပါတဲ့ ပြောနေတုန်းမှာဘဲ ရဲဘော်တစ်ယောက် ရောက်လာတယ်။ ဗိုလ်ကြီးသွားရအောင်တဲ့။ လာခေါ်တဲ့ရဲဘော်လေးနဲ့ သူပါသွားတယ်။

သူပြန်သွားမှဘဲ ကျွန်မ အခန်းထဲပြန်ဝင်လာပြီး သူပေးခဲ့တဲ့စာအုပ်လေးကို ဖတ်လိုက်မိတယ်။ပထမဆုံးစာမျက် နှာမှာ ကျွန်မကို အရမ်းကျေးဇူးတင်ကြောင်း ၊ ကျွန်မသူ့ ကို တိုက်ခဲ့တဲ့ ကိုယ်ပူကျဆေးကြောင့် သူ သက်သာ ခဲ့ကြောင်း၊ နောက်ကျွန်မပေးတဲ့ ဆေးတွေသောက်လိုက်တာ ခုထိပြန်မဖျားတော့တဲ့ အကြောင်းတွေကို သူတော်တော်များများ ရေးထားတယ်။

နောက်တော့ သူဂွင်ဆင်ပြီး ရဲဘော်တွေကို နေကောင်းနေရက်နဲ့ ဆေးခန်းလာပြခဲ့တာတွေ၊ ကျွန်မ ဆေးခန်းမှာ လှုပ်ရှား နေပုံတွေကို သူမြင်ချင်လွန်းလို့ လာခဲ့တာတွေ၊ ကျွန်မကို တိတ်ဆိတ်စွာ စွဲလန်းမိတာတွေ၊ ဖွင့်မပြော ရဲတာတွေ၊ တပ်ပြောင်းပြီးတဲ့နောက်မှာ နေမထိထိုင်မသာဖြစ်ခဲ့ရတာတွေ၊ ခုရှေ့ တန်းသွားရမယ်ဆိုလို့  ရောက် အောင်လာခဲ့တာတွေကို ရေးထားတယ်။

ချစ်တယ်ဆိုတဲ့စကားကို ဖွင့်မပြောရဲတာကြောင့် ခုလိုစာအုပ်လေးထဲကနေ ဖွင့်ပြောရကြောင်း စုံအောင် ရေးထားတယ်။

ဒီလိုနဲ့  ၃နှစ်လောက်ကြာသွားတယ် သူ့ ကို ခုထိမတွေ့ သေးပါဘူး။ ကျွန်မလဲ မေးရမှာ ရှက်တာကြောင့် ဘယ်သူ့  ကိုမှ မမေးဖြစ်တော့ပါဘူး။

ဒါ ကျွန်မတို့ တွေ့ ခဲ့တာ နောက်ဆုံးပါဘဲ။ ခုချိန်ထိ သူနဲ့ ကျွန်မ ပြန်မတွေ့ တော့ပါဘူး။ အသက်ရှင်ရက်မှ ရှိနေ သေးလားလဲ မသိတော့ပါဘူး။ သူနဲ့ တွေ့ ရင် သူ့ ကိုပြောဘို့ စကားတွေ ကျွန်မမှာ ရှိနေတာ သူသာသိမယ်ဆို သူအရမ်းပျော်သွား လိမ့်မယ်ထင်ပါတယ်။

ဟုတ်ပါတယ်။ ဘေးနားမှာ နေ့ တိုင်းတွေ့ နေတုန်းက ဘာမှမခံစားရပေးမယ့် ရုတ်တရက် ဘေးနားမှာ မရှိတော့မှ အရမ်းကိုတွေ့ ချင်လာခဲ့တယ်။ ကျွန်မကရော ကျွန်မနှလုံးသားကို ညာခဲ့တာလား။ သူ့ လိုမျိုး ရုပ်ရည် ၊ အရပ် အမောင်း၊ ပုခုန်းပေါ်က ကြယ်ပွင့်တွေတွေ့ ရင် သူများလားလို့  အလိုလိုလိုက်ကြည့်မိနေတယ်။

ဒါပေမယ့် ခုထိမတွေ့ တော့ပါဘူး။ ကျွန်မလဲ နောက်ထပ် တောရွာလေးတွေမှာ လူနာတွေကိုဆေးကုပေးရင်း သူ့  ကို ရှာဖွေနေမိတယ်။သူရော ကျွန်မလိုဘဲလား။



ခုထိရှာဖွေနေဆဲဖြစ်နေတဲ့ ကျွန်မနဲ့ ရင်နှီးတဲ့ ဆရာဝန် မမအတွက် အမှတ်တရပါ။

တိတ်တဆိတ် လွမ်းချင်း

23:17 Posted by ကျောပိုးအိတ်

နှောင်းခဲ့ပြီးတဲ့အတိတ်ကို
ပြန်မတမ်းတကောင်းပေမယ့်
ငါကတော့နောင်တမဲ့စွာ
ချစ်ခြင်းကိုရင်မှာထွေးပိုက်
အလွမ်းတသိုက်ကိုကဗျာဖွဲ့ 
တမ်းတခြင်းအိပ်မက်တွေမဆုံးနိုင်အောင်မက်ခဲ့တယ်
ရေတွက်ရခက်တဲ့
အထီးကျန်ညတွေမှာ
နိဂုံးရဲ့ နိဒါန်းအစကို
ရှာဖွေနေတုန်းဘဲလေ

ဆုံစည်းခြင်းဆိုတာမသိနိုင်သေးခင်
လရိပ်အောက်မှာခို လရောင်ကိုငေးမော
လမင်းကိုတိုင်တည်နေခဲ့ပေမယ့်
ငါ့အချစ်ကိုမြုပ်နှံထားခဲ့တဲ့လမင်းလေး
တစ်ချိန်ချိန်မှာတိမ်ညိုတွေဖုန်းအုပ်သွားမှာကိုတော့
ငါကြောက်မိခဲ့တယ်

ငါ့ရင်ထဲကချစ်ခြင်းဖွဲ့ ကဗျာ
ကြိုးပြတ်သွားတာကြာခဲ့ပေမယ့်
သံစဉ်တွေကတော့မထပ်
အသစ်အသစ်သော သီချင်းများစွာနဲ့ 
ဆက်လက်နုပျိုနေဆဲပဲ

ကောင်လေးရေ
မင်းနားလည်ခဲ့မယ်ဆိုရင်
နေရာဟောင်းဆီ
တစ်ခေါက်လောက်တော့
ပြန်လာခဲ့ပါ
မျှော်လင့်ခြင်းတွေ
လိမ်းကျံထားတဲ့
နှလုံးသားတစ်စုံနဲ့ 
မင်းကိုစောင့်နေတယ်ဆိုတာ။


သူငယ်ချင်းတစ်ယောက်မေးလ်ထဲကနေ ပို့ ပေးတဲ့ ကဗျာလေးပါ။ ထုံးစံအတိုင်းပါဘဲ။ မူရင်းရေးသူ
နာမည်မပါလာပါဘူး။

တကယ်လို့ များရေးသားသူကို သိခဲ့မယ်ဆိုရင် ကျေးဇူးပြုလို့ ပြောပေးပါနော်။
ခုလောလောဆယ် ဘာရေးရမှန်းမသိတာနဲ့  ဆားချက်(ကဗျာချက်လိုက်တယ်)
း)

ကျောပိုးအိတ်ပြန်လာပြီ

20:11 Posted by ကျောပိုးအိတ်

ကျောပိုးအိတ်ပြန်လာပြီဆိုတော့ ဘယ်သွားနေလို့ လဲ မေးရတော့မယ်နော်။ တကယ်တော့လေ ဘယ်မှ မသွားပါဘူး။ ရှိနေပါတယ်။

နေမကောင်းတာကလဲ သက်သာနေပါပြီ။ ရုံးပျက်ရက်က များထားတော့ အလုပ်တွေကလဲ အရမ်းများ နေတာ ကြောင့် စာရေးခြင်း ခဏ ရပ်ထားတာပါ။ အရေးတယူ စိတ်ပူပေးတဲ့ သူငယ်ချင်းအားလုံးကိုလဲ အရမ်းကို ကျေးဇူးတင်ပါတယ်။

ကျောပိုးအိတ်ကို ဒီလောက်ချစ်မှန်းသိရလေလေ ပျော်ရွှင်ရလေလေပါဘဲ။

စာကြွေးတွေလဲ လိုက်ဆပ်ရဦးမယ်။ ဒီညကစပြီး အိမ်လိုက်လည်ပါပြီရှင်။ အားလုံးဘဲ မျက်ခုံးလှုပ်ကြတော်မူကြ ပါရန်။

စားမယ်ဝါးမယ် ;P

12:10 Posted by ကျောပိုးအိတ်


သူက ၀က်သားဟင်းချို။ မှိုပါတယ်။ ၀က်လုံးလုံးပါတယ်။ကင်းမှုံရွက်ပါတယ်။ ပါတော့ပါတယ်။ ဘာတွေလဲဆိုတာ ကျွန်မ မပြောတတ်တော့ဘူး။

း)



ဒါက ကြက်သားကိုကြော်ထားတာ။ နာနတ်သီးပါတယ်။ ပန်းငရုတ်ပွပါတယ်။ ဘာတွေလဲ မသိတော့ဘူး။ စုံနေတာဘဲ ကြော်ထားတာ။

း)



ဒါလေးက ဘဲဥကို ငါးဖယ်နဲ့ ငုံထားတာ။

း)



ငရုတ်သီးစိမ်းနဲ့ ငံပြာရည်

ကြိုက်ရင်တော့ ထည့်နော်။ စပ်တယ်။



အချိုပွဲလေးပါရှင်။ ဖရဲသီး၊နှင်းသီး၊နာနတ်သီး၊သရက်သီး၊ကဗာလာသီလို့ ပြောရမလား အဲဒါလဲပါတယ်။



ဒါကျွန်မစားမယ့် ပန်းကန်။ များတယ်နော။ ထည့်ထားတာ။

း)



ကျွန်မစားတဲ့ အချိုပွဲ။

း)



အဲဒါမှ မစားချင်ရင် ကိတ်မုန့် စား။



မ၀မှာဆိုးလို့  ၂ခုတောင် တင်ထားပေးတယ်။ တကယ်ဆို တစ်ယောက်တစ်ခုဘဲပေးတာ။ အခြားအဖွဲ့ က ဖိလစ်ပိုင်အမျိုးသမီးက ကျွန်မကို လာပေးသွားတာ။ ကျွန်မရုပ်က အငတ်ရုပ်ထွက်နေလားသိတော့ဘူးရယ်။

း)


မနေ့ က ကျွန်မရုံးပြန်တတ်ပါပြီ။ တကယ်ဆို နားချင်သေးတယ်။ ခွင့်က သောကြာနေ့ အထိတင်ထားတာ။ ဒါပေမယ့် အရာရှိက မနက်စောစော ဖုန်းဆက်လာတယ်။ နည်းနည်းသက်သာမယ်ဆို ဒီနေ့ ရုံးတတ်စေချင်တယ် တဲ့လေ။ အခြားအဖွဲ့ တွေနဲ့ ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲရှိနေတယ်တဲ့။ ကျွန်မကို တတ်စေ ချင်တယ် တဲ့။


ဒီတော့လဲ သူ့ ဆန်စားရဲရပြီပေါ့။ ဘာပြောရမှာလဲ။ ဟုတ်ကဲ့ပေါ့။


မနက် ၈း၀၀ နာရီမှာ ကျန်းမာရေးအတွက်သာလုပ်တဲ့ အခြားအဖွဲ့  ၈ဖွဲ့ အတူ ကျွန်မအစည်းဝေးတတ်ခဲ့ပါတယ်။ ဘာတွေဝေးလဲဆိုတော့ ခုလောလောဆယ် ကပ်ရောဂါလို့ တောင် ခေါ်လို့ ရနေတဲ့ A(H1N1) ရယ်၊ ပြီးတော့ ငှက်ဖျားရောဂါအကြောင်းရယ်၊TB & HIV ဆက်နွယ်မှုအပေါ် ကာကွယ်ကုသရေး…….စတာတွေ ဆွေးနွေး ခဲ့ပါတယ်။


ဒီအစည်းဝေးဖြစ်မြောက်ဘို့ ကျွန်မတို့ အဖွဲ့ က စပွန်ဆာပေးခဲ့တာပါ။


ဒီအစည်းဝေးပွဲမှာ ကျွန်မရလိုက်တဲ့ အသိပညာတွေက HIV ကူးစက်ခံရတဲ့လူတွေဟာ ခုဆိုရင် အသက် ၁၈နှစ် ကနေ ၂၅အတွင်း လူငယ်တွေမှာ အဖြစ်များနေတယ်ဆိုတဲ့ အချက်တွေရခဲ့လို့ ရင်လေးစွာနဲ့ သက်ပျင်းချ ခဲ့ရ ပါတယ်။


နောက်မြန်မာပြည်သားတွေကြားထဲမှာ TBရောဂါကူးစက်မှုမှာ ကြောက်စရာကောင်းအောင် မြန်နေတာတဲ့ ဒေတာတွေကြည့်ပြီး သက်ပျင်းဘဲ အခါခါ ချနေရတော့တယ်။


လာလည်တဲ့သူငယ်ချင်းတွေလဲ ကျွန်မပြောတာနဲ့ ရင်လေးကုန်တော့မယ်။ ဒီတော့ ရင်လေးစွာနဲ့ စာလာဖတ်တဲ့ သူတွေကို ရင်ပြည့်စေမယ့် ထမင်းပြန်ကျွေးလိုက်မယ်နော်။ စားသွားကြနော်။ ဒါရုံးပိုက်ဆံနဲ့ ကျွေးတာ။

အဟဲ။


မနက်စာ အဆာပြေ ပဲပြုတ် ထမင်းဆီစမ်း

10:41 Posted by ကျောပိုးအိတ်


ပဲပြုတ်ဆီစမ်းလေးပါ။ မြန်မာပြည်က ပဲပြုတ်လိုတော့ စားမကောင်းဘူး။



ထမင်းက ခုဘဲအိုးထဲကနေ ခပ်လိုက်တာ။ အငွေ့ တထောင်းထောင်းနဲ့ ။



ထမင်းပူပူနဲ့ ပဲပြုတ်ဆီစမ်း။



လာလည်တဲ့ သူငယ်ချင်းတွေနဲ့ တူတူစားမယ်နော်။ လာလာ စောင့်နေတယ်။ စားသေးဘူး။

း)


ချော်လဲထားတဲ့ အရှိန်နဲ့  ရုံးကနေ ခွင့်ယူထားတယ်။ ဒဏ်ရာက အရမ်းအများပေမယ့် အထိုင်အထမှာ နာတယ်လေ။ ဒိတော့ ခွင့်တင် အိမ်မှာနှပ်တာပေါ့။ အရာရှိကလဲ ချောချောချူချူ ခွင့်ပေးတယ်။ မမြင်ရပြီးရော သဘောလား သိဘူးရယ်။

း)


ဒီနေ့ မနက် ဗိုက်ဆာတာမှ တအားရယ်။ တစ်ခါမှ အဲလောက်ထိ မဆာဘူးပါဘူး။ အိမ်တွေလိုက်လည်တော့လဲ ချက်ထားလိုက်ကျတာ။ မမတွေ ချက်တာမြင်ပြီး ဗိုက်ထဲက ပိုးကောင်လေးကလဲ အဆာတောင်းတယ်တော့။

ဂွီတဲ့။


အဲဒိအချိန်မှာဘဲ ကျွန်မ ရုံးက အမတစ်ယောက်က လက်ထဲမှာ ချိုင့်တစ်လုံးဆွဲပြီး ရောက်လာတယ်။ သူက သမီးဘာစားပြီးပြီလဲတဲ့။ ညှိုးငယ်တဲ့ မျက်နှာလေးနဲ့ ဘာမှစားရသေးဘူးလို့ ပြောလဲပြော သူ့ လက်ထဲက ချိုင့်ကိုလဲ အကဲခတ်ပေါ့။


ထင်တဲ့အတိုင်းဘဲ ကျွန်မအတွက် မနက်စာ လာပို့ တာတဲ့။ အောင်မလေးနော်။ ပျော်လိုက်တာ။ စားရချည်သေးရဲ့ ။ ဟန်ဆောင်ပြီးတော့တောင် အို ဘာလို့ လာပို့ ရတာလဲ အားနာစရာကြီး လို့ တောင် မပြောနိုင်ပါဘူး။


ချိုင့်ထဲမှာ ပါတာလေးက ပဲပြုတ်ပါ။ ဆီကိုအိနေအောင် ထည့်ထားတယ်။ ဒါပေမယ့် ထမင်းမပါဘူး။ ကျွန်မက ထမင်းလဲပါဘူးဆိုတော့ ထည့်လာချင်ပါတယ်။ ဒါပေမယ့် အမတို့ အိမ်က ဆန်မကောင်းလို့ ပါတဲ့။


ပဲပြုတ်ကို နှိုက်စားနေတဲ့ ကျွန်မလက်တောင် တွန့် သွားတယ်။ ဟုတ်ပါတယ်။ ကျွန်မအားနည်းချက်ပါ။ ဘာဟင်းနဲ့ ဖြစ်ဖြစ် စားတတ်တယ်။ ဟင်းမရှိတောင် ဆီနဲ့ ဆားနဲ့ နယ်ပြီးစားတတ်တယ်။ ဒါပေမယ့် ဆန်မကောင်းရင် ဘယ်လောက်ဘဲ ဟင်းကောင်းနေစေ စားဘူးတော့။


ဒီတော့လဲ အမြန် ထမင်းအိုးတည်ရတာပေါ့။ ဒီနေ့ မှ ထမင်းအိုးကလဲ တယ်ကြာတာဘဲ ကျက်ဘို့ ။ ထမင်းကျက်တယ်ဆိုတာနဲ့ ပဲပြုတ်

နဲ့ နယ်ပြီး စားလိုက်တယ်။ စားကောင်းလိုက်တာနော်။