အပ်ဖျားတစ်ထောက်

16:02 Posted by ကျောပိုးအိတ်

အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။

တိုင်းပြည်တစ်ပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအို တစ်ယောက်ရှိတယ်။ သူ့ မှာပိုင်ဆိုင်တာဆိုလို့  လဲပြိုကာနီး တဲ တစ်လုံးရယ် ၊ ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ ချုပ်ရာ ပလပွ အ၀တ်အစား တစ်စုံရယ် ၊ ကြက်မလေး တစ် ကောင်ရယ်၊ ဒါတွေဘဲသူပိုင်ဆိုင်တယ်။ သူရဲ့ ကြက်မလေးက သူ့ အတွက် နေ့ တိုင်း ကြက်ဥတစ်လုံး ဥပေး တယ်။ အဲဒိကြက်ဥလေးနဲ့ ဘဲ အဖွားအိုက နေ့ တိုင်းသူ့ ရဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ပြီး အသက်ရှင်နေခဲ့ရ တယ်။

အဖွားအိုနေထိုင်တဲ့တိုင်းပြည်မှာ အစားကျူးတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်နေတယ်။ တစ်နေ့ မှာ ဘုရင်က တိုင်းပြည် ထဲမှာ ထူးဆန်းတဲ့ အမိန့် တစ်ခုကို မောင်းထုပြီး ကြေညာခဲ့တယ်။ အဲဒါအမိန့် က ဘာလဲဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေအားလုံး သူစားပွဲတည်ဘို့  အတွက်အသားဟင်းတစ်ခွက်လာ
ပို့ ရမယ်လို့ ကြေညာမောင်းခတ်ခဲ့တယ်။

တကယ်လို့ အသားဟင်းမပို့ နိုင်တဲ့ အိမ်ဆို တိုင်းပြည်မှာ နေခွင့်မပေးဘဲ မောင်းထုတ်မယ်လို့  ကြေညာ အမိန့်  ထုတ်ပြန်ခဲ့တယ်။ ဒီသတင်းကိုကြားတဲ့ တိုင်းသူပြည်သားတွေက တိုင်းပြည်ကနေ မောင်းထုတ်ခံရမှာ ကြောက်တာ ကြောင့် ရှိစုမဲ့စုထဲက အသားဟင်းတစ်ခွက်ပို့ ဘို့  ပြင်ဆင်ကြတယ်။

အဲဒိအထဲမှာ ကြက်မလေးတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလဲ အပါအ၀င်ပေါ့။ အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့ စရာမရှိဘူးဖြစ်နေတယ်။ သူ့ မှာ အသားဟင်းတစ်ခွက်ပို့ ဘို့ ငွေကြေးကလဲ လုံးဝမရှိဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။

အသားဟင်းမပို့ နိုင်လို့  မင်းပြစ်မင်းဒဏ်ခံရမယ်ဆို ပိုပြီးကြီးလေးတာကြောင့် အဖွားအိုက နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ခက်ခဲပင်ပမ်းစွာနဲ့  ချလိုက်ရတယ်။ အဲဒါကတော့ သူ့ ကိုနေ့  တိုင်း ကြက်ဥတစ်လုံး တစ်လုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတစ်ခွက်ပို့ ဘို့  သူဆုံးဖြတ်လိုက်တယ်။

ဘုရင်ကတော့ စားတော်ပွဲမှာ တစ်အိမ်တစ်ယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့  ပွဲတော် တည်နေခဲ့တယ်။ အသားဟင်းခွက်တွေက သိပ်များပြားလွန်းတာ ကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလဲအပါပေါ့။

ရှင်ဘုရင်က တစ်ချက်လွတ်အမိန့် ချမှတ်ခဲ့တဲ့အတွက် သူ့ မှာတော့ ဘာမှထိခိုက်နစ်နာမှုမရှိပေမယ့် ဒီအမိန့်  ကြောင့် တစ်ဘက်လူမှာ ဘ၀ပျက်ခဲ့ရတယ်။

အဲဒါကြောင့် အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။

ကွမ်းယာ စားရအောင်

21:04 Posted by ကျောပိုးအိတ်




သပလာနံ အစုံပါတဲ့  ကွမ်းယာထုပ်




ပဲငါးပိအချိုရည်နဲ့  မြေပဲဆံ ရောထားတဲ့ ချိုတဲ့အရည်

အုန်းသီးဖြူဖြူ

စပါးလင်

ထမင်းခြောက်ကြော်

ခရမ်းကဇော့သီး၊ငရုပ်သီးစိမ်း

ကြက်သွန်ဖြူ ၊ ဂျင်းနု ၊ ၊သံပုရာသီး ၊

ပုဇွန်ခြောက် ၊ မြေပဲဆံ

ကွမ်းရွက် (ကွမ်းရွက်ဆိုပေမယ့် ကွမ်းရွက်အစစ်တော့ ဟုတ်ဘူး။ ဘာအရွက်လဲ မသိဘူး)

ဒီလိုလေးတွေပါတယ်နော်



စားလို့ ရပြီ



စားကောင်းတယ်နော် ။ ပါးစပ်သာကျယ်ကျယ်ဟဘို့ လိုတယ် ။


ကျွန်မတို့ ရုံးဘေးနားမှာ မုန့် သည် အသစ်တိုးတယ်။ လာလာဝယ်စားနေပေမယ့် ဘာမှန်းမသိဘူး။ ရုံးကသူ တော်တော်များများစားနေတာလဲတွေ့ လို့ မေးကြည့်တော့ ကွမ်းယာတဲ့။


ကျွန်မလဲ တော်တော်စိတ်ဝင်စားတယ်။ ကျွန်မတွေ့ ဘူးတဲ့ ကွမ်းယာက ထုံးဖြူဖြူနဲ့  ဆေးမဲမဲနဲ့  ကွမ်းသီးစိတ်နဲ့  လေ။ခုတော့ အဲဒိလို ဟုတ်ဘူးတော့။


အထုတ်လေးတွေ တစ်ခါထဲထုတ်ထားတယ်။ မေးကြည့်တော့ ၂၀ တဲ့။ မြန်မာငွေ ၆၀၀ ပတ်ဝန်းကျင်ပေါ့။ ထုတ်ထားတာလေးက စားချင်စရာလေး။


ကျွန်မတစ်ထုတ်ဝယ်ပြီး စားကြည့်တော့ ကောင်းတယ်တော့။ ထုံးစံအတိုင်း လက်ထဲကကို မချချင်တော့ဘူး။


ဘာတွေပါလဲဆိုတော့

အုန်းသီးဖြူဖြူ ၊ ခရမ်းကဇော့သီး၊ ကြက်သွန်ဖြူ ၊ ဂျင်းနု ၊ ငရုပ်သီးစိမ်း ၊သံပုရာသီး ၊ ပုဇွန်ခြောက် ၊ စပါးလင် ၊ ကွမ်းရွက် (ကွမ်းရွက်ဆိုပေမယ့် ကွမ်းရွက်အစစ်တော့ ဟုတ်ဘူး။ ဘာအရွက်လဲ မသိဘူး)ထမင်းခြောက်ကြော် ၊ ပြီးတော့ ပဲငါးပိအချိုရည်နဲ့  မြေပဲဆံ ရောထားတဲ့ ချိုတဲ့အရည် ၊ မြေပဲဆံ တွေပါတယ်နော်။


ချိုတယ်၊ စိမ့်တယ်၊ စပ်တယ် ၊ ပူတယ် ၊ ရွရွလေးနဲ့ ဘာတွေဝါးနေရမှန်း သိတော့ဘူးရယ်။

း)





အချစ်ကို ဘယ်လိုလွမ်းရမလဲ

18:21 Posted by ကျောပိုးအိတ်

သူမတော်တော်စိတ်ညစ်နေတယ်။ ဘာကိုစိတ်ညစ်တာလဲ။ အများအမြင်မှာတော့ သူမမှာ ပျော်စရာတွေချည်းဘဲ။ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတဲ့ စကားပုံလိုပေါ့။

ချစ်သူကို သူမအရမ်းလွမ်းတယ်။ သူမစဉ်းစားတယ်။ ချစ်သူကို ဘယ်လိုလွမ်းရမလဲ။

မြန်မာရုပ်ရှင်ကားတွေမှာတော့ချစ်သူကိုလွမ်းရင် ယောကျာင်္းလေးဆိုအရက်တွေသောက်မယ်။ဂစ်တာတီးမယ်။သူငယ်ချင်းတွေနဲ့ပေါက် ကွဲမယ်။ မိန်းကလေးတွေဆို နှုတ်ခမ်းနီ ပါးနီ မျက်တောင်တုနဲ့  အ၀တ်တွေတစ်ထည်ပြီး တစ်ထည်လဲပြီးတော့ချစ်သူကို မျက်ရည် ကျပြီး လွမ်းမယ်။ ဇာတ်လမ်းထဲက သီချင်း မဆုံးမခြင်းလွမ်းလို့ ကို မပြီးတော့ဘူး။

သူမကရော မြန်မာကားထဲက ဇာတ်လိုက်မင်းသမီးလို့ ချစ်သူကိုလွမ်းရမလား။ ပြန်စဉ်းစားကြည့်တော့ သီချင်း တော်တော် များများ သူမ မရဘူး။ အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည်လဲရအောင်လဲ သူမမှာ အဲလောက် အ၀တ်အစားမပေါဘူး။ ပြီးတော့ သူမ အရက်လဲမသောက်တတ်ဘူး။ သူငယ်ချင်းတွေကို ရင်ဖွင့်ရလောက်အောင် သူမမှာ သူငယ်ချင်းအဲဒိလောက်မရှိပြန်ဘူး။ မျက်တောင်တု တပ်ရလောက်အောင်လဲ သူမရုပ်မဆိုးသေးဘူး။ (ဒါကတော့ ချောကြောင်းကြေညာတာပါ)
အဟားဟား

ကုလားရုပ်ရှင်ဇာတ်လမ်းထဲမှာတော့ ချစ်သူကိုလွမ်းရင် သီချင်းတွေ ဆိုတော့တာဘဲ။ ကော့ပျံလန်ကားပြီး ကပြပါလိမ့်မယ်။ ပြီးတော့ ဘယ်ကဘယ်လိုထွက်လာတဲ့ သူတွေလဲ မသိဘူး။ အများကြီးဘဲ ၀ိုင်းပြီက လိုက်ကြတာ။ ဘယ်အချိန်ကဇာတ်တိုက်ထားလဲမသိဘူး။

သူမကရော ကုလားကားတွေထဲက မင်းသမီးလို ချစ်သူကို လွမ်းရမလား။ သူမက ဒိုးဒိုးဒန့် ဒန့်  မကတတ်။ မကတတ်တာထက် ၀ါသနာကို မပါတာ။ ကတာခုန်တာ သီချင်းဆိုတာ ၀ါသနာမပါဘူး။ ပြီးတော့ သူမက က တတ်တယ်ဘဲထား။ ဇာတ်လမ်းထဲကလို သူမနဲ့ ဝိုင်းကူ ကပေးမယ့် လူတွေက ဘယ်မှာလဲ။

ကိုရီးယားဇာတ်ကားထဲမှာတော့အရမ်းလွမ်းလာပြီစိတ်တွေဆိုးလာပြီဆို ထမင်းတွေကို ဇလုံထဲထည့်မယ်။ကင်ချီတွေနဲ့ နယ်ပြီး အားရပါးရ ပလုပ်ပလောင်း စားပြပါလိမ့်မယ်။ စားရင်းနဲ့ ငိုမယ်။ ငိုရင်းနဲ့ စားမယ်။

သူမကရော ကိုရီးယားမင်းသမီးတွေလို ချစ်သူကိုလွမ်းရမလား။ မဖြစ်ချေဘူး။ သူမဆီမှာ ထမင်းပန်းကန် သေး သေး ဘဲရှိတယ်။ ဇလုံမရှိဘူး။ ကင်ချီမရှိဘူး။ စားရင်းနဲ့ လဲ မငိုတတ်ဘူး။

အင်္ဂလိပ်ကားတွေမှာ ချစ်သူကိုလွမ်းရင် ကားကြမ်းကြမ်းမောင်းမယ်။ စီးကရက်တွေသောက်မယ်။ နိုက်ကလပ်တွေသွားမယ်။ အဲဒိမှာ ကရင်းခုန်ရင်း ရန်ဖြစ်မယ်။ မနက် အချုပ်ထဲရောက်မယ်။

သူမကရော အင်္ဂလိပ်မင်းသမီးတွေလိုကားကြမ်းကြမ်းမောင်းရမလား။မဖြစ်နိုင်ပါဘူး။သူမမှာတန်ဘိုးကြီးတဲ့ကားဆိုလို့ ဝယ်စီး ဘို့ ရာ နေနေသာသာ သူများကားတွေဘဲ လိုက်ကြည့်နေရတာ။ သူမမှာ စီးစရာဆိုလို့ ဖိနပ် ဘဲရှိတယ်။ ပြီးတော့ နိုက်ကလပ်လဲ မတတ် ဘူးဘူး။ သူမရောက်နေတဲ့နေရာက တောမကျ မြို့ မဆန်နေရာမှာ။ ဘယ်က နိုက်ကလပ်ရှိရမှာလဲ။ ရှိတော့ရော သွားမယ် ထင်နေလား။ သူမမှာ အဲလောက်ပိုက်ဆံမပေါဘူး။ ပြီးတော့ သူမ ဆေးလိပ်နံ့ မခံနိုင်ဘူး။ ကျေးဇူးတင်ဘို့ ကောင်းတာက ချစ်သူကလဲ လုံးဝဆေးလိပ်မသောက်တတ်ဘူး။ ဒါလဲကြေညာခြင်းတစ်မျိုးဘဲ။ အဟတ် အဟတ်

ဒီတော့ သူမ ချစ်သူကို ဘယ်လိုလွမ်းရမလဲဟင်။

မြန်မာကားတွေထဲက မင်းသမီးလိုလား။
ကုလားကားတွေထဲက မင်းသမီးလိုလား။
ကိုရီးယားကားတွေထဲက မင်းသမီးလိုလား။
အင်္ဂလိပ်ကားတွေထဲက မင်းသမီးလိုလား။

ပြောပြပါနော်။ အချစ်ကို သူမဘယ်လိုလွမ်းရမလဲ။

ချစ်သူသိလေ

22:29 Posted by ကျောပိုးအိတ်

သူမ တစ်ခုခုကို မျက်တောင်မခပ်ဘဲ စိုက်ကြည့်နေမိတယ်။ ဘယ်နေရာကနေ ပေါ်လာမလဲ စောင့်ကြည့်နေခဲ့တာ။ သူမ မျက်တောင်မခပ်ဘဲစိုက်ကြည့်နေတာ ကွန်ပျူတာ စက်ခရင်ကိုပါ။

ဘယ်လောက်တောင်ကြာသွားပြီလဲ မသိတော့ပါဘူး။ သူမမျက်စိတွေ ကျိန်းစပ်လာမှ သူမသတိထားပြီး ကွန်ပျူတာက နာရီလေးကို လှမ်းကြည့် မိတော့ မနက် ၃နာရီတဲ့။ အို ဒါဆို သူမ မလှုပ်မယှက် ထိုင်နေတာတော် တော်ကြာနေပြီပေါ့။

ဟုတ်ပါတယ်။ သူမ ကွန်ပျူတာကို မျက်တောင်မခပ်ဘဲ ထိုင်ကြည့်နေတာ ညနေ ၆နာရီကျော်ကျော် ကတည်းက။ သူမ မျက်တောင်လဲမခပ်ရဲဘူး။ မျက်တောင် ခပ်လိုက်တဲ့ အချိန် ချစ်သူလာတာ မတွေ့ လိုက်မှာစိုးနေတာ။

ဒါပေမယ့် အချိန်တွေသာကုန်လာတယ်။ သူမ ချစ်သူကတော့ ပေါ်မလာပါဘူး။ သူမ ဘာဆက်လုပ်ရမလဲ။သူမ
ချစ်သူနဲ့ အရမ်းတွေ့ ချင်နေတယ်။ စကားတွေအများကြီးပြောချင်နေမိတယ်။ သူမဖြစ်နေတာ ချစ်သူကတော့ မသိပါဘူး။

သူမရုတ်တရက်ထဘို့ ကြိုးစားတယ်။ ဒါပေမယ့် ထိုင်နေတာ ကြာနေတာကြောင့် သူမမတ်တပ်ရပ်ဘို့ ကြိုးစား ပေမယ့် လတ်တလောမှာ မအောင်မြင်ခဲ့ပါဘူး။ သွေးလေမလျှောက်တာကြောင့် သူမခြေထောက် မရပ်နိုင်ခဲ့ဘူး။ နောက်တော့ စိတ်ကို လျှော့ပြီး ခြေထောက်လေးတွေ လှုပ်ကြည့်တော့ရလာတယ်။

သူမရဲ့ ဦးတည်ချက်က အိမ်တံခါးဖွင့်ဘို့ ပါ။ အပြင်မှာ မိုးရွာနေတယ်။ သူမချစ်တဲ့ မိုးစက်လေးတွေကို သူမ ကြည့် ချင်တယ်။ အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါမှာ မိုးမှုန်လေးတွေက မျက်နှာကို အလုအယက် လာထိတွယ်ကြ တယ်။

အေးစက်တဲ့ မိုးစက်လေးတွေရဲ့  အထိအတွေ့ ကြောင့် သူမစိတ် ခဏတော့ လန်းသွားတယ်။ မိုးစက်မိုးမှုန်လေး တွေကြားမှာ စိတ်ဒဏ်ရာကို အာဟာရကျွေးနေမိတယ်။

ခဏကြာတော့ သူမရဲ့  လည်တိုင်လေးက အခန်းထဲကို လှည့်ပြီးပြန်ကြည့်မိတယ်။ စားလက်စ သစ်သီးတွေ ရေပုလင်းတွေက ပရမ်းပတာ နေရာယူထားတယ်။

သူမ အဲဒါတွေသိမ်းဘို့ စိတ်မ၀င်စားဘူး။ သူမစိတ်ဝင်စားတာ သူမချစ်သူကိုဘဲ။ သူမအရမ်းချစ်တဲ့ ချစ်သူက လွဲလို့  ခုချိန်မှာ ကျန်တာ စိတ်မ၀င်စားမိဘူး။

သူမ အမြဲတွေးနေမိတယ်။ သူမလေ သူမချစ်သူနားမှာ နေချင်လိုက်တာ။ အများတကာချစ်သူတွေလို တွတ်တီး
တွတ်တာနဲ့  ချစ်သူကို ချွဲချင်တယ်။ ချစ်သူပေးမယ့် အကြင်နာတွေကို ရင်ခုန်စွာနဲ့  မက်မောချင်တယ်။ သူများ တွေလို အေးတူပူအမျှခံစားချင် တယ်။ အနာဂတ်အတွက် စီမံကိန်းတွေ ချချင်တယ်။ ဒါက သူမရဲ့ တစ်ဖက်သတ် စိတ်ကူးယဉ်မှုပါ။

တစ်ခါတစ်ရံဆို ဘယ်လောက်တောင် စိတ်ကူးယဉ်မိလဲဆိုတော့ ချစ်သူရှိမယ့် နိုင်ငံကို စိတ်မှန်းနဲ့  ကြည့်ပြီး စကားတွေပြော နေမိတယ်။ ဒီတောင်တန်းတွေကျော်သွားရင် ဒီပင်လယ်ကြီးကိုကျော်သွားရင် ဒီနိုင်ငံတွေကို ကျော်သွားရင် သူမချစ်သူ ရောက်ရှိရာ နိုင်ငံလေးကို တွေ့ ရတော့မှာ။

ခုချိန်မှာ ချစ်သူဘာလုပ်နေမလဲ။ ဘာတွေစားနေမလဲ။ ဘယ်သူတွေနဲ့ စကားပြောနေမလဲ။ ဘာတွေတွေးနေမလဲ။ သူမကိုရော သတိမှရပါ့မလား စတာတွေစတာတွေကို သူမတွေးနေမိတယ်။ချစ်သူအတွက်ကို အမြဲစိတ်ပူပေးနေ ရတယ်။ လူမှုရေး ၊ ကျန်းမာရေး၊ ပညာရေး အပိုင်းတွေကိုပါ။

ဒါတွေ ချစ်သူသိပါရဲ့ လား။ သူမလေ တွေးနေမိတယ်။

တစ်ခါတစ်ရံ ငှက်လေးတစ်ကောင်ဖြစ်ချင်တယ်။ ဒါမှ ချစ်သူရှိတဲ့ နေရာကို အတားဆီးမဲ့ ဖြတ်သန်းနိုင်မှာ။

တစ်ခါတစ်ရံ လေယာဉ်ကြီးဖြစ်ချင်တယ်။ ဒါမှ ချစ်သူရှိရာတိုင်းပြည်ကို အမြန်နှုန်းနဲ့ ပျံသန်းနိုင်မှာ။

တစ်ခါတစ်ရံ လမင်းလေးဖြစ်ချင်တယ်။ ဒါမှ ချစ်သူကို အရိပ်လိုမိုးပြီး အမြဲစောင့်ရှောက် နိုင်မှာ။

တစ်ခါတစ်ရံ ချစ်သူရဲ့  လွယ်အိတ်လေးဖြစ်ချင်တယ်။ ဒါမှ ချစ်သူသွားရာ မခွဲမခွာ လိုက်ပါနိုင်မှာ။

တစ်ခါတစ်ရံ ချစ်သူရဲ့ အနွေးထည်လေးဖြစ်ချင်တယ်။ ဒါမှ သူမရဲ့  အကြင်နာနဲ့  ချစ်သူနွေးထွေးနိုင်မှာ။

ဘ၀မှာ ဖြစ်ချင်တာတွေ အရမ်းများပါတယ်ချစ်သူရယ်။ သေချာတာတစ်ခုက ချစ်သူကို အရမ်းချစ်တယ်။
ချစ်သူနဲ့ ဝေးပြီးမနေနိုင်ပါဘူး။

ရုတ်တရက် မိုးချိန်းလိုက်တာကြောင့် သူမလန့် သွားတယ်။ သြော် ချစ်သူအကြောင်းတွေးနေမိတာ သူမ တစ်ကိုယ်လုံး မိုးစက် တွေနဲ့ စိုစိုရွဲနေပြီ။ သူမ အခန်းထဲဝင်မှ ဖြစ်တော့မယ်။ သူမဖျားချင်နေပြီ။ သူမနားမှ ဖြစ်တော့မယ်။ သူမလုပ်စရာတွေရှိ သေးတယ်။

သူမ မျက်စိတွေက အနားယူဘို့  အချက်ပေးနေပြီ။ သူမ ဆံပင်တွေကို ခြောက်အောင် မသုတ်တော့ဘဲ အိပ်ယာ ၀င်ခဲ့တယ်။ သူမကတော့ ခေါင်းမာစွာနဲ့  ချစ်သူအကြောင်းတွေးချင်သေးတယ်။ စိတ်စွဲလို့ ထင်ပါရဲ့  ချစ်သူကို အိပ်မက်မက်တယ်။
ပြုံးလို့ ရွှင်လို့ ။ ပျော်လိုက်တာ။ ဒီလိုလှပတဲ့ အိပ်မက်လေးကြောင့် မနိုးချင်ဘူး ချစ်သူရယ်။

ဒါပေမယ့် တစ်ခါတစ်ရံလှည့်စားတတ်တဲ့ လောကကြီးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ရတယ်။ အဲဒိအချိန် တွေဆို သူမအတွက် ငရဲပါဘဲ။

သူမမျှော်လင့်ပါတယ်။ နောက်နေ့ တော့ ချစ်သူပြန်လာမှာပါ။ မနက်ဖြန်မလာတော့လဲ နောက်ထပ်မနက်ဖြန် တွေကို ဖြတ်သန်းရင်း ချစ်သူခေါ်မယ့်အချိန်တွေကို စောင့်စားရင်းးးးးးးးးးးးးးးးးးးးးးးးးး။

ရင်ထဲက ပန်းတစ်ပွင့်

21:19 Posted by ကျောပိုးအိတ်

ရင်ထဲက ပန်းတစ်ပွင့်တဲ့။ ကူးကူးက တဂ်လာတယ်။ ရေးမယ်ရေးမယ်နဲ့  အချိန်ဆွဲလာတာ တော်တော်ကြာနေပြီ။ ကူးကူးကိုလဲ အားနာလှပြီ။ ခုတော့ ကြွေးဆပ်နိုင်ပြီပေါ့။


ကွန်မသူ့ ကိုစတွေ့ တာ ၆တန်းနှစ်ရဲ့ ကျူရှင်တစ်ခုမှာ စတွေ့ ခဲ့တာပါ။ သူ့ ရဲ့ အသားက မိန်းကလေးတွေ မနာလို လောက်အောင် ၀ါနှစ်နေတာ။ ကျူရှင်မှာက သူတို့ အတန်းပြီးမှ ကျွန်မတို့ အတန်းတတ်ရတာ။ ဒီတော့ နေ့ တိုင်း တွေ့ ဖြစ် တာပေါ့။ တွေ့ တိုင်းလဲ ကျွန်မကို ရှုတည်တည်နဲ့ ကြည့်တတ်တယ်။

နောက်တော့ ကျွန်မတို့ လဲ ရေများရေနိုင်ဆိုသလို အဲကောင်လေးကို တွေ့ တိုင်းစတယ်။ အဲဒိအချိန်မှာဆိုကောင်လေး
ရဲ့ မျက်နှာကရဲနေတာဘဲ။ ယောကျာင်္းလေးဖြစ်ပြီး ရှက်တတ်တော့ ကျွန်မတို့ ပိုပြီးစဖြစ်တယ်။ နာမည် ပြောင်တွေပေးလာတယ်။ သူကကျွန်မထက်ငယ်တယ်။ မိသားစုမှာလဲ အငယ်ဆုံးဆိုတော့ ကျွန်မက သူ့ ကို
အငယ်လေးလို့ ခေါ်တယ်။ ကျွန်မကိုကျတော့ အကြီးမတဲ့။

ကျူရှင်သွား ကျူရှင်ပြန် သူတို့ အိမ်ရှေ့ ကနေ ဖြတ်ရတယ်။ ခါတိုင်းဆို ကျွန်မတို့ ကားစီးနေကျ။ ကျူရှင်တစ်ခုနဲ့  တစ်ခုက အချိန်ဆက်နေတော့ ကားစီးမှ ရတယ်။ နောက်တော့ အငယ်လေးအိမ်က ဘယ်နားမှာဆိုတာ သိတာနဲ့  ကားမစီးတော့ဘူး။ သူ့ အိမ်ရှေ့ က ဖြတ်ပြီး လမ်းလျှောက်ပြန်တယ်။ အဲလိုချိန်ဆို အငယ်လေးကလဲ အလိုက် သိစွာနဲ့  အိမ်ရှေ့ မှာ ယောင်ပေပေ ထွက်စောင့်တတ်တယ်။

အရွယ်ကလဲ ငယ်သေးတယ်။ အပျံကလဲ သင်စတယ်ဆိုတော့ အဲချိန်တုန်းက ပျော်လိုက်တာ။ကျူရှင်မှာရော ကျောင်းမှာပါ နေ့ တိုင်းတွေ့ ရတော့ နေ့ တိုင်းပျော်တာပေါ့။ ဒီလိုကြည်နူးရင်းနဲ့  ရက်ကိုလစား ၊ လကိုနှစ်စားနဲ့  ရာသီတွေ အလီလီ ပြောင်းလာ တယ်။ မပြောင်းလဲတာဆိုလို့  အငယ်လေးနဲ့ ရင်းနှီးမှုက ဒီထက်မပိုလာတာဘဲ။

ကျွန်မ ၁၀တန်းအောင်တော့ အငယ်လေးက ၁၀တန်း။ နောက်တော့ အငယ်လေးနဲ့ မတွေ့ တော့ပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေစုမိတိုင်း အငယ်လေးအကြောင်းပြောမိတယ်။ ပြောတိုင်းလဲရင်ထဲမှာ မသိမသာရော သိသိ သာသာပါ ရင်ခုန်တယ်။ ဒါပေမယ့် ရင်ခုန်လို့ ဘဲရတယ်။ အငယ်လေးက ကျွန်မတို့ ပတ်ဝန်းကျင်မှာ ပျောက်ခြင်း မလှပျောက်နေတယ်။

ကျွန်မ တက္ကသိုလ်ဒုတိယနှစ်မှာ ကျောင်းမပြီးသေးဘဲ အလုပ်လုပ်လိုက်သေးတယ်။ ကျောင်းက ဖွင့်တာထက် ပိတ်ရက်တွေ ပိုများနေတယ်။ သူငယ်ချင်းတွေအကုန်လုံး အတွေ့ ကြုံသစ်ရအောင်ဆိုပြီး အလုပ်တစ်ခု ၀င်လုပ် ကြတယ်။

ကံကောင်းစွာနဲ့ အလုပ်လျှောက်တာ ကျွန်မနဲ့  ကျွန်မသူငယ်ချင်း ၂ယောက် အလုပ်ရလိုက်တယ်။ အလုပ်မှာက ပင်ပန်း ၊ ပြန်လာတေ့ ရေမိုးချိုး ဘာမှ ပြန်မပြောနိုင်လောက်အောင် ပင်ပန်းနေတော့ ဘာမှ မတွေးတော့ဘဲ တန်းအိပ်လိုက်တယ်။ ခါတိုင်းဆို မမြင်ရတာ ကြာတဲ့ အငယ်လေးအကြောင်း တောင်တောင်အီအီ စဉ်းစားပြီးမှ အိပ်တာ။

တစ်နေ့ အလုပ်သွားဘို့ ကားစောင့်နေတုန်း အငယ်လေး ကျွန်မနောက်မှ ရှိနေတာ ကျွန်မ မသိလိုက်ဘူး။ သူကလဲ မခေါ်ဘူး။ ဒါပေမယ့် ကျွန်မနောက်မှာ အရိပ်လိုကပ်ပါလာတယ်။ ကျွန်မစီးတဲ့ကားနောက်မှ အငယ်လေး ပါလာတယ်။

တစ်နေ့ ကျွန်မ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အငယ်လေးက ကျွန်မဆီလာတယ်တဲ့။ အိပ်ယာကနေ နိုးတော့ ရင်ထဲမှာလဲ မကောင်းဘူး။ အိပ်မက်က ဘယ်လိုကြီးလဲ။ အငယ်လေးနေမှကောင်းရဲ့ လား။

ဒါပေမယ့် နောက်ရက်တွေမှာ ကျွန်မလဲ အလုပ်ရှုပ်နေတာနဲ့  အငယ်လေးအကြောင်းမေ့သွားပြန်တယ်။ မေ့တယ်ဆိုတာကလဲ တွေ့ မှမတွေ့ ရတာ။ ခုကြားတာက (သိပ်တော့ မသေချာပါဘူး) သူလဲ အခြားနိုင်ငံမှာတဲ့။

ဒီချိန်မှာတော့ မတမ်းတချင်တော့ဘူး။ သစ်ရွက်လှုပ်တိုင်း ရယ်ချင်တဲ့ အရွယ်လဲမဟုတ်တော့ဘူး။ တကယ်လို့ 
သူသာတွေ့ ချင်တယ်ဆို သူကဆက်သွယ်ရမှာတော့။ ခုချိန်ထိနေနိုင်တာ သူမေ့နေလို့ နေမှာ။ ဒါပေမယ့် ရိုးသားစွာနဲ့  ၀န်ခံရရင် ဘာအရောင်မှ မပါတဲ့ သံယောဇဉ်နဲ့  ကျွန်မကတော့ ရံဖန်ရံခါ သတိရနေမိတယ်။

ကူးကူးရေ
ကျေနပ်မယ်ထင်ပါတယ်နော်။ နောက်ကျပြီးမှ တင်တယ်ဆိုတော့ နားလည်ပေးပါနော်။
း)