ကျောပိုးအိတ်ရဲ့ သြဇာသီး

23:01 Posted by ကျောပိုးအိတ်


ဘာရယ်မဟုတ်ဘူး လက်ဆော့ထားတာ







ကျွန်မ အသီးတော်တော်များများစားတယ်။ ချွင်းချက် မီးသီးနဲ့ လက်သီးမပါ။ အသီးစားမယ်ဆို နဂို အစားပုတ်တဲ့ အခံကလဲရှိနေတော့ အများကြီးစားတယ်။


ခုလဲ သြဇာသီးတဲ့။ ရုံးနားမှာ လာရောင်းနေတာနဲ့ ဝယ်လာတာ။ ကြိုက်တယ် သြဇာသီးကို။ သြဇာသီးစားရင် သြဇာရှိတယ်ကြားဘူးတယ်။ ဘယ်သူပြောလဲ ( ကျောပိုးအိတ်ပြောတယ်) အဟိ။


သြဇာသီးစားရင် တွေးနေမိတယ်။ ဘယ်သူ့ ကို သြဇာပေးရင်ကောင်းမလဲလို့ ။ သေချာတယ် ဘယ်သူမှနာခံမယ် မထင်။


ကျောပိုးအိတ်ရဲ့ ညစာ

18:28 Posted by ကျောပိုးအိတ်


မျှစ်ချဉ်နဲ့ ဝက်နံရိုး



ငါးဖယ်ငါးဆုပ် (ငါးအကောင်းမစားနိုင်တော့ ငါးဆုပ်ဘဲစားနေရတယ်)



ငါးသေတာကြော်




စားချင်စရာ ထမင်းပွဲ



မစားဘူး မစားဘူး ၀မယ်လို့ …………………….. ကြွေးကြော်ထားပေမယ့် လက်တွေ့ မှာတော့ စားတာ တားမနိုင် ဆီးမရဘဲ။ စားတော့မယ်ဆို ကိုယ့်ကို ပြန်ဖြေသိမ့်တယ်။ စားသာစား အစားလဲဆေး ဆေးလဲအစာ ဆိုပြီးတော့။

အဟိ



ခုလဲ ညစာစားရင် ၀တယ်ဆိုတာ သိနေပေမယ့် စားဖြစ်တယ်။




လမင်းနဲ့ ပင်လယ်

19:27 Posted by ကျောပိုးအိတ်

ကိုယ်က ကောင်းကင်ပြာပြာကြီးအောက်မှာ တည်ငြိမ်စွာနဲ့ လဲလျှောင်းလို့ ။ တစ်ခါတစ်ရံ မဟူရာ ကောင်းကင် ကြီးအောက်မှာ ငြိမ်သက်စွာနဲ့ နေခဲ့တယ်။ ပူလွန်းတဲ့ နွေနေ့ တွေဆို လူတော်တော်များများက ကိုယ့် ရင်ခွင်မှာ လာပြီ ခုံလုံကြတယ်။ ပျော်ပါး ကြတယ်။ ကိုယ်ကသူတို့ တွေပျော်ပါးနိုင်ဘို့ အတွက် လှိုင်းလုံးလေး တွေ ဖန်တီး ပေးရတယ်။ တစ်ချို့ ရေလုပ် သားတွေဆို ကိုယ့်ရင်ခွင်နက်ထဲက သားငါးပေါင်းစုံတို့ ကို ၀မ်းစာအတွက် ရှာဖွေ သွားကြတယ်။

ကိုယ့်ကိုတော်တော်များများက ဝေဖန်ကြတယ်။ တစ်ချို့ က ကိုယ်ကို ငြင်သာတယ်တဲ့။ ငြင်သာတဲ့အချိန်မှာ ကိုယ်က လေပြေ လေညှင်းလေးတွေ တိုက်ခက်ပေးတယ်။ ကောင်းကင်ပြာပြာအောက်မှာ တည်ငြိမ်တဲ့ အလှ တစ်မျိုးနဲ့ တင့်တယ်တယ်လို့ ပြော ကြတယ်။ အဲဒိချိန်ဆို ကိုယ့်ဘေးမှာ လူတော်တော်များများရှိနေကြတယ်။

တစ်ချို့ ကြတော့လဲ ကိုယ်က ဒေါသကြီးတယ်တဲ့။ ကိုယ်ဒေါသကြီးတဲ့အချိန်ဆို အရမ်းကြောက်စရာ ကောင်းတာ ဘဲတဲ့။ အဲဒိချိန်ဆို ကိုယ့်မျက်နှာက နီရဲပြီး တစ်ဖြည်းဖြည်းမှောင်လာတယ်တဲ့။ ကြမ်းတမ်းတဲ့ လှိုင်းလုံးတွေကို တစ်လုံးပြီး တစ်လုံး ထုတ်လာတယ်။ ခက်ထန်တဲ့ လေတွေကို ကိုယ့်ဆီကနေ လွင့်လာအောင် လုပ်ပေးတယ်တဲ့။ အဲဒိချိန်ဆို ကိုယ်တစ်ယောက်ထဲ ဒေါသကြီးနေလိုက်တာ။ကိုယ့်ဘေးမှာ ဘယ်သူမှမရှိဘူး။

ကိုယ်က လူတွေချစ်အောင် နေတတ်သလို လူတွေမုန်းအောင်လဲလုပ်တတ်တဲ့ ပင်လယ်ကြီးပေါ့။

တစ်နေ့  ကိုယ်ဟာ မဟူရောင် ကောင်းကင်ကြီးကြီးအောက်မှာ ငြိမ်သက်စွာနဲ့  လောကကို အလှဆင်နေခဲ့တယ်။ ကိုယ်ရင်ခွင်မှာ ငွေလှိုင်းဖြူဖြူလေးတွေက ခုန်ကာပေါက်ကာ မြူးထူးနေတယ်။ အဲဒိလို ကိုယ်ငြိမ်နေတဲ့ အချိန်မှာ လှပပြီးတိုးငြင်းလွန်းတဲ့ခြေသံ တစ်စုံကို ကိုယ်ကြားမိလိုက်တယ်။ ဘယ်လောက်များဆွဲဆောင်တဲ့ ခြေသံပါလိမ့်။ ကိုယ့်ရင်ခွင်က လှိုင်းလေးတွေတောင် အဲဒိ ခြေသံနောက် ကောက်ကောက်ပါသွားရလောက်တဲ့အထိ ဖြစ်သွား တယ်။

နောက်တော့ ကိုယ်အဲဒိခြေသံလေးကို မက်မောလာတယ်။ အဲဒိခြေသံပိုင်ရှင်လေးလာမယ့် ရက်လေးတွေကို မဟူရာကောင်းကင် ကြီးအောက်မှာ ရင်ခုန်စွာနဲ့ မျှော်နေတတ်တယ်။ ကိုယ်ဟာ အမှောင်ညတွေကို မျှော်လင့် တတ်လာတယ်။ အဲလိုကိုယ့် ရင်ခွင်ကို လှိုင်းထန်အောင် လုပ်တဲ့ တရားခံလေးက လမင်းလေးပေါ့။

လမင်းလေးမရှိတဲ့နေ့ တွေမှာ ပင်လယ်ဟာ လမင်းများကြားလေမလားဆိုပြီး ဆူညံပြီးခေါ်တတ်ပေမယ့် လမင်း ကတော့ မကြား ခဲ့ဘူး။ လာမလိုလိုနဲ့ ပုံရိပ်ယောင်တွေ ထားရစ်ခဲ့တယ်။ ကိုယ့်ကိုမုန်းလို့ ရှောင်ဖယ်နေတာလား လမင်းလေးရယ်။

ငွေရောင်လမင်းလေးရေ မင်းက ကိုယ့်အဝေးကို တစ်ခါတစ်ရံထွက်ခွာသွားပေမယ့် ကိုယ်ကတော့ မင်းလာလေ မလားလို့ ညစဉ် ညတိုင်း မဟူရာကောင်းကင်ကြီးကို မော့မော့ကြည့်နေရတာ အမောပါဘဲ။ ကိုယ့်ရဲ့ အဖြစ်တွေကို ကိုယ့်ရဲ့ သခင် ငွေလမင်းလေး သိမှသိပါလေစ။

ကိုယ့်ရင်မှာတော့ လမင်းကိုလွမ်းတဲ့စိတ်နဲ့  ရင်ခွင်တစ်ခုလုံး ဒဏ်ရာတွေနဲ့  ပြည့်နှပ်လို့ နေခဲ့ပါပြီ။ ကိုယ်က ဟန်မဆောင်တတ် ဘူး။ ကိုယ်ဆူညံစွာနဲ့ ပေါက်ကွဲခဲ့တယ်။ ကိုယ့်မျက်ရည်တွေ အများကြီးရွာသွန်းခဲ့တယ်။ ဟုတ်တယ်။ ကိုယ်က ဒေါသကြီးတယ်။ ကိုယ်ချစ်တဲ့လမင်းလေးမလာတဲ့အတွက် ကိုယ်ဒေါသကြီးရပြီ။ ဒါပေမယ့် လမင်းလေးကတော့ လာနေကျရက်တွေရဲ့ ညချမ်းလေး မှာ လောကကို အေးမြတဲ့အလင်းရောင်တွေပေးနေခဲ့ တယ်။

တကယ်တော့လေ လမင်းနဲ့ ကိုယ်နဲ့ က ဘယ်လိုမှ တွေ့ ဆုံဘို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ဘာလို့ တွေ့  ခဲ့ကြတာလဲ။ ကြမ်းတမ်းနဲ့ ကိုယ်နဲ့  အေးမြတဲ့လမင်းလေးက ဘယ်တော့မှဆုံနိုင်တော့မှာ မဟုတ်ပါဘူး။

;P

ခုတလော နားထောင်ဖြစ်တဲ့ ဝိုင်းဝိုင်းရဲ့ လမင်းနဲ့ ပင်လယ်သီချင်းကို ကိုယ့်သဘောနဲ့ ကိုယ် သရုပ်ဖော်ထားတာ။
မူရင်း သီချင်းရေးဆရာသိရင်တော့ ကျွန်မကို လာသတ်မလားဘဲ။ ကျွန်မလုပ်တာနဲ့ သီချင်းရေးဆရာရဲ့ စာသား တွေ ပျက်စီးကုန်ပြီ။
အဟိ

သွားခဲ့ပါတယ် သစ်ခွတွေဆီ

19:28 Posted by ကျောပိုးအိတ်
















ဒီနေ့ ဘယ်သွားရမှန်းမသိဘူး။ တစ်နေရာရာသွားချင်နေတယ်။ ဟိုသွားဒီလာရင်းနဲ့  ပန်းခြံထဲရောက်သွားတယ်။ သူများတွေစုံတွဲခုတ်လာချိန်မှာ ကျောပိုးအိတ်က တစ်ယောက်ထဲ။ အဟင့်။


ဒီတော့ ဘယ်ရမလဲ ဓါတ်ပုံတွေ ရိုက်လာတာပေါ့။ တစ်ယောက်ထဲ သစ်ခွတွေနဲ့ စကားပြောခဲ့တာပေါ့။ စိတ်ထဲမှာ လန်းဆန်းတယ်။ သစ်ပင်တွေနဲ့  နေရတာ။ အသက်ကြီးရင်ပန်းပင်စိုက်တဲ့။ ကျောပိုးအိတ်တော့စိတ်ကူးတယ်။ အသက်ကြီးရင် သစ်ပင်စိုက်စားမယ်။ လာဝယ်ကြနော်။




ကော်ဖီနဲ့ ပုရစ်ကြော်

07:52 Posted by ကျောပိုးအိတ်


ပုရစ်ကြော်


ပရီမီယာကော်ဖီပူပူလေး

ကော်ဖီနဲ့ ပုရစ်ကြော်



ကျွန်မခုတလော တော်တော်လေးကို အလုပ်ရှုပ်နေပါတယ်။ အပိုလုပ်တွေလား အလုပ်ပိုတွေလား သိတော့ ဘူးရယ်။ ကျွန်မတို့ စီမံကိန်းက နောက်ထပ် ကျန်းမာရေးဝန်ဆောင်မှုအသစ်တွေ ထပ်တိုးလာလို့  ရုံးမှာတင် အချိန်ကုန်နေတယ်။ ကျွန်မရာထူးလဲ တိုးလာတာလား လျှော့သွားတာလား ဘာမှန်းကိုမသိလောက်အောင် အလုပ်တွေပိနေတယ်။


ကျွန်မဘလော့ကိုလဲပစ်ထားတာ ကြာလှပေါ့။ အိမ်လေးက မိုးတွင်းဆိုတော့ မှိုတောင်တတ်နေပြီ။ ပင့်ကူအိမ် ကြွက်သိုက်တွေပါ ရောက်နေပြီလားမသိဘူး။ ကျန်တဲ့ အိမ်တွေလိုက်လည်ခဲ့ပေမယ့် ခြေရာတောင် မထားခဲ့ မိပြန်ဘူး။ အွန်လိုင်းလဲမရောက်။ ပြန်လာတာနဲ့ ရေမိုးချိုးပြီး တန်းအိပ်လိုက်တယ်။


စားတာတွေလဲ စားရတာ အရသာကမရှိ။ ဘာစားလို့ စားချင်နေမှန်းလဲမသိ။ နောက်တော့ ဘာရယ်ဟုတ်ဘူး။ ရုံးက ညီမလေး တစ်ယောက်က ကျွန်မကို ပုရစ်ကြော်ယူလာပေးတယ်။ ပုရစ်ကြော်ကို တော်တော်များများ ကြိုက်ကြသလို တော်တော်များများလဲ ကြောက်ကြတယ်။ ကြိုက်တဲ့သူကြတော့လဲ အရသာက စိမ့်နေတာ။ ကြောက်တဲ့သူကြတော့လဲ အရသာခံဘို့ နေနေသာသာ ပါးစပ်ထဲတောင် မထည့်ရဲဘူး။


ဒါပေမယ့် ကျွန်မကတော့ ကြိုက်တယ်။ ခုပုရစ်ကြော်လေးက စားကောင်းတယ်။ ၀ယ်လာတာမဟုတ်ဘူး။ အိမ်မှာ သေချာကြော်လာတာတဲ့။ ရုံးကညီမလေးက ကျွန်မကို သေသေချာချာ ရှင်းပြတယ်။ ကျွန်မက ရွံတတ်လို့ ။မေမေကလဲပြောပါတယ်။ စေ့စေ့တွေး ဘာမှတောင်စားစရာမရှိတော့ဘူးတဲ့။ အဲဒိတော့ စားချင်လာရင် စေ့စေ့ မတွေးနဲ့ တဲ့။


ပုရစ်ကြော်လေးမှာ ဂျင်းလဲပါတယ်။ ကြက်သွန်ဖြူလဲပါတယ်။ ပြီးတော့ ဘာအရွက်တွေလဲမသိဘူးပါတယ်။ ကျွန်မလဲ ဘာစားရမှန်း မသိတဲ့အချိန်မှာ ပုရစ်ကြော်လေးစားလိုက်ရတော့ တော်တော်လေးကို အရသာရှိ သွားတယ်။


တကယ်တော့ အအေးလေးနဲ့  ပုရစ်ကြော်လေးနဲ့ တွဲသောက်ရမှာ။ ဒါမယ့် မိုးအေးနေတာကြောင့် ကော်ဖီနဲ့ ဘဲ တွဲသောက်ဖြစ်ခဲ့တယ်။ ကော်ဖီထဲမှာဆို ကျွန်မက ပရီမီယာကော်ဖီကို ကြိုက်တယ်။ ကော်ဖီတစ်ခွက်သာ သောက်ရမယ်ဆိုရင် တစ်နေ့ လုံးနေလို့ ထိုင်လို့ ကောင်းနေရောဘဲ။


ခုလဲ ကော်ဖီပူပူလေးနဲ့ ပုရစ်ကြော် ကောင်းကောင်းလေးနဲ့  ဧည့်ခံလိုက်တယ်နော်။ အဲ ပုရစ်ကြော် မကြိုက်တဲ့သူတွေကိုတော့ နောက်မှ သက်သက် တစ်ခုခုလုပ်ကျွေးမယ်။




စားမယ်ဝါးမယ် ;P

16:43 Posted by ကျောပိုးအိတ်


စားစရာတွေ စားစရာတွေ



အုန်းနို့ ဟင်းရည်။



ဒါက မျှစ်တာလပေါ့။ဝက်ခြေထောက်နဲ့ ချက်ထားတာ။ စားဘူးသမျှထဲမှာ အကောင်းဆုံးပါ။



ကြက်သား။

ဝက်သား။


ရွာအ၀င်လမ်းလေး။



မွေးနေ့ ရှင်သားသား။



မွေးနေ့ ရှင်သားသားနဲ့ သူ့ မေမေ။



စားမယ်စားမယ်။


ရွာအ၀င်လမ်းက ရေတံခွန်မှာ။

ဒီနေ့  ရုံးက ညီမလေးတစ်ယောက်က သူ့ သားလေးမွေးနေ့ တဲ့။ ညီမလေးဆိုပေမယ့် ကျွန်မထက်တော့ ၀ါရင့်နေတယ်။သူ့ ရဲ့ ကလေး လေးက ၁နှစ်ပြည့်ရှိသွားပြီ။ ကျွန်မတို့ များ ဟွန်းးးးးးးးးးးးးးးးး။



ကျွန်မတို့ အားလုံး ၉း၀၀နာရီမှာ ဆုံဘို့ ချိန်းလိုက်တယ်။ မြန်မာတွေဆိုတော့လဲ ချိန်းတိုင်းအတိအကျ ရောက်တယ်လေ။ ကျွန်မမှာဟိုလူ့ စောင့်ရ ဒီလူမျှော်ရနဲ့  ၁၀း၁၅မှ လူစုံတော့တယ်။



ကားလမ်းတစ်လျှောက် တောင်ယာစိုက်ခင်းတွေ၊ ညီညာဖြောင့်တန်းပြီးချိုင့်ခွက်ကင်းနေတဲ့ လမ်းတွေ။ အဲဒိရွာကိုသွားတဲ့ လမ်းဘေးမှာလဲ ရေတံခွန်တွေအများသား။ နောက်တော့ ရေတံခွန်မှာ ခဏနားပြီးမှ ဆက်လက်ချီတတ်လာခဲ့တယ်။



မွေးနေ့ ရှင်ရဲ့ ရွာကိုရောက်တော့ ပျော်စရာအတိ။ ကလေးလေးကလဲ ပီတိချစ်စရာ။ ဖြူဖွေးနေတာဘဲ။ လူကြီးတွေကလဲ ဧည့်ဝတ်ကျေတယ်။ စားစရာတွေကလဲ တစ်ပုံတစ်ပင်။



စားစရာက များလွန်းတော့ ဘာစားရမှန်းမသိဘူး။ ထမင်းအရင်စားမလား။ အုန်းနို့ ခေါက်ဆွဲ အရင်စားမလားတဲ့။ တော်တော်စဉ်းစားလိုက်ရတယ်။ ထမင်းကြတော့လဲ ဟင်းတွေက စုံမှစုံ။ ခေါက်ဆွဲကြတော့လဲ လက်မလွှတ်ချင်။

း)



ဒါပေမယ့် အကုန်စားခဲ့တယ်သိလား။