Showing posts with label ကျွန်မရဲ့ မှတ်တမ်း. Show all posts
Showing posts with label ကျွန်မရဲ့ မှတ်တမ်း. Show all posts

ခွဲခွာချိန်

22:09 Posted by ကျောပိုးအိတ်

နှုတ်ဆက်တာခြင်း တူပေမယ့်
အနည်းဆုံးတော့ ဆုံစည်းဖို့အတွက်လား …
ခွဲခွာဖို့အတွက်လား ….
ဆိုတာကိုတော့ သိသင့်တာပေါ့….

ကွန်ပျူတာကိုပိတ်… လက်ဆွဲအိတ်ထဲထည့်…အထုပ်အပိုးတွေကို သယ်ပိုး.. ဖြေးဖြေးခြင်းပိတ်သွားမဲ့ ဓါတ်လှေခေါးကြားကနေ ငါ့အခန်းလေးကို ဖြေးဖြေးခြင်း ခိုး ကြည့်… 5နှစ်တာ နွေးထွေးမှုတွေနဲ့… ငါ့အရိပ် တစိတ်တလေများ ကျန်ခဲ့လေဦးမလား…

ကားပေါ်ကိုတက်… ပြုတင်းပေါက်က ကြည့်တော့..။လမ်းမ တစ် လျှောက် ရော်ရွက်တွေက ဟိုနား.. ဒီနား.. ခပ်ဝါးဝါး ဖြစ်နေတာ ရွှေအိုရောင်…

ဆေးရုံကြီးရှေ့က ဖြတ်မောင်းတော့..ထိုင်းဘုရင် ဘူမိဘောက ငါ့ကိုကြည့်နေမလား .. ကြည်နူးတာလား.. ကြေကွဲတာလား .. အားပေးတာလား… တားနေလေရော့ သလား…

အိမ်ပြန်ရမတဲ့လား…  ပျော်စရာကြီးဆိုပါလား… မျှော်နေကြသတဲ့လား.. ရင်ခုန်ရမတဲ့လား… သြော်…အိမ်ကိုပြန်ရမတဲ့လား…

ဌာနေကို မေလေ ပြန်ရတော့မယ်

21:14 Posted by ကျောပိုးအိတ်

ကျွန်မ ၂၈ . ၁ . ၂၀၁၁ မှာ မြန်မာပြည် အပြီး ပြန်ပါပြီရှင် .. မြန်မာပြည် ပြန်ရောက်ရင်တော့ ပို့ စ်တွေ ထပ်တင်ဖြစ်ပ့ါမလား ကျွန်မကိုယ်တိုင် မသေချာပါဘူး .. ဒီမှာနေခဲ့တုန်းက အိမ်မှာ အင်တာနက် တတ်ထားတာတောင် ပို့ စ်တွေ ပုံမှန်မရေးဖြစ်တဲ့ ကျွန်မက ဌာနေမှာရော ပုံမှန်ရေးနိုင်ပ့ါမလားလို့  ကျွန်မတွေးနေမိပါတယ် ...

ဘာဘဲပြောပြောပါလေ .. ကျွန်မရေးခဲ့သမျှတွေကို (စာရေး မကောင်းမှန်း သိပေမယ့်) တကူးတကန့်  လာရောက် ဝေဖန်ပေးကြတဲ့ ဘလော့ဂါ အကို .. အမ .. မောင်လေး .. ညီမလေးတွေကိုတော့ ကျွန်မ အမြဲ အမှတ်ရနေမှာပါ ..

ခုတော့ အပြီးပြန်ဖြစ်တော့မှာဆိုတော့ ပစ္စည်းတွေ သိမ်းဆည်းနေပါတယ် .. လုပ်အားပေးလေးများ လာကြမယ်ဆို တော်တော် ၀မ်းသာမိမှာ ..

အခုတော့ တစ်ယောက်ထဲ ....း(

လိုအပ်ချက် ဖယောင်းတိုင်

17:14 Posted by ကျောပိုးအိတ်


ဖယောင်းတိုင် ၅တိုင်ရဲ့ အလင်းအားကြောင့် အခန်းသေးသေးလေးတစ်ခန်းဟာ လင်းလက်လို့  နေပါတယ် .. အဲဒီအချိန်မှာ လေပြင်းက ရုတ်ကနည်းတိုက်လိုက်တာကြောင့် ဖယောင်းတိုင်၅တိုင်ထဲက ၁တိုင်ဟာ မီးငြိမ်းသွားခဲ့ပါတယ် ..

ပထမဆုံး မီးငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက အချစ်ဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. အချစ်ဖယောင်းတိုင် ညိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် လျှော့နည်းသွားတာကို တွေ့ ရပါတယ် ..
 
ကျွန်မတို့ ဘ၀မှာ အချစ်ဆိုတာသာ မရှိခဲ့ရင် ကျွန်မတို့ ရဲ့ ဘ၀မှာ အမှောင်ကျမှာ သေချာပါတယ် .. အချစ်ဆိုတဲ့နေရာမှာ မိသားစုချစ်တာတွေ .. ဇနီးမောင်နှံချစ်တာတွေ .. သူငယ်ချင်းချစ်တာတွေ .. လုပ်ဖော်ကိုင်ဖက် ချစ်တာတွေ အဲဒါတွေ အားလုံးပါဝင်ပါတယ် ..

အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၄တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက်တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၄ တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ငြိမ်းသွားခဲ့ရပြန်ပါတယ် …

ဒုတိယ ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက မေတ္တာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. မေတ္တောဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် ပိုလျှော့နည်း သွားတာကို တွေ့ ရပါတယ် ..

ကျွန်မတို့ ရဲ့ ဘ၀မှာ မေတ္တာတရားသာမရှိခဲ့ဘူးဆိုရင် တစ်ပါးသူရဲ့  လိုအပ်ချက်တွေ .. တစ်ပါးသူရဲ့  ၀မ်းနည်းမှုတွေ .. တစ်ပါးသူရဲ့  ကြေကွဲမှုတွေ အားလုံးကို မျက်ကွယ်ပြုမိကြမှာပါ .. 

အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၃တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက် တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၃တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ထပ်ငြိမ်း သွားခဲ့ရပြန်ပါတယ် …

တတိယ  ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက ဂရုဏာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. ဂရုဏာဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် ပိုပြီး လျှော့နည်း သွားတာကို တွေ့ ရပါတယ် ..

ကျွန်မတို့ ရဲ့ ဘ၀မှာ လူတိုင်းလူတိုင်းဟာ ဂရုဏာတရားသာ ကင်းမယ့်နေမယ်ဆို လူလူခြင်း ခေါင်းပုံဖြတ်မှုတွေ .. ရက်စက်မှုတွေ များလာမှာ အမှန်ပါဘဲ ..

အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၂တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက်တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၂တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ငြိမ်းသွားခဲ့ရပြန်ပါတယ် …

စတ္ထုထ ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက မုဒိတာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. မုဒိတာဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် အရမ်းကို လျှော့နည်းသွားတာကို တွေ့ ရပါတယ် ..

ကျွန်မတို့ ရဲ့ ဘ၀မှာ မုဒိတာ တရားသာ ကင်းမဲ့နေမယ်ဆိုရင် အရာရာမှာ မနာလိုမှုတွေ .. နောက်ကွယ်မှာ ကြံစည်မှုတွေနဲ့  ပြည့်နှက်နေမှာ အမှန်ပါဘဲ ..

နောက်ဆုံးတော့ ဖယောင်းတိုင်လေး တစ်တိုင်သာ အခန်းထဲမယ် ကျန်နေခဲ့ပါတယ် .. နဂိုအလင်းရောင်ထက် အားနည်းလွန်းတဲ့ အခန်းထဲမယ် နောက်ဆုံးလက်ကျန် ဖယောင်းတိုင်လေးတစ်တိုင်သာ အထီးကျန်စွာ ကျန်နေခဲ့ပါတယ် .. 

နောက်ဆုံးကျန်ခဲ့တဲ့ ဖယောင်းတိုင်လေးကို ကျွန်မက လိုအပ်ချက်ဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. ဒီလိုအပ်ချက် ဖယောင်းတိုင်လေး တစ်တိုင်ကသာ တကယ်လိုအပ်နေတဲ့ ချစ်ခြင်း .. မေတ္တာ .. ဂရုဏာ .. မုဒိတာတွေကို တဖန်ပြန်ပြီး ထွန်းညှိပေးမယ်ဆိုရင် လောကမှာ အလင်းအား အကောင်းဆုံး ဖယောင်းတိုင် တစ်တိုင် ဖြစ်လာမှာ မလွဲပါဘူး .. 

ဒါကြောင့် ကျွန်မတို့ ရဲ့ ဘ၀မှာ လိုအပ်နေတဲ့ နေရာတိုင်းမှာ အသီးသီးသော အလင်းတိုင်များ ထွန်းလင်းနိုင်ပါစေလို့  ..
;P



ကျွန်မနဲ့  ထားဝယ်မြို့ 

21:09 Posted by ကျောပိုးအိတ်


ကျွန်မ ဒုတိယနှစ် စတတ်ချိန်မှာ ကျွန်မရဲ့  ဖေဖေက နယ်ကို တာဝန်အရ သွားရပါတယ် .. ကျွန်မကတော့ ဒုတိယနှစ်ရဲ့  စာမေးပွဲကို ဖြေဆိုပြီးချိန်ကျမှ ဖေဖေတာဝန်ကျရာ တောင်တန်းတွေ ပေါများတဲ့ နယ်မြို့ လေးကို ရောက်ရှိလာပါတယ် .. 

မိုးတွေအုံ့ မှိုင်းနေတဲ့ နေ့ တစ်နေ့ မှာတော့ မင်္ဂလာဒုံလေဆိပ်ကနေ တောင်တန်းတွေပေါများတဲ့ နေရာလေးကို စတင်ထွက်ခွာ လာပါတယ် .. လေယာဉ်ပြုတင်းပေါက်ကနေ မြင်နေရတဲ့ ကောင်းကင်ရှုခင်းဟာ 
အသက်ရှုဘို့ တောင် မေ့လောက်အောင် ဆွဲဆောင်လွန်းပါတယ် .. 

ဘယ်လောက်မှတောင် မစီးရသေးဘူး .. လေယာဉ်မယ်လေးက မကြာခင် လေယာဉ်ဆင်းတော့မယ်လို့  ပြောသံကြားလိုက်မိတယ် .. ကျွန်မအပြင်ကို ကြည့်လိုက်တော့ တောင်တန်းတွေကို အနီးကပ် တွေ့ နေရတယ် ..

တဖြည်းဖြည်းနဲ့  လေယာဉ်ကြီးက မြင့်ရာကနေ နိမ့်ဆင်းလာပြီး မကြာခင်မှာဘဲ ပြေးလမ်းကနေ 
ရပ်တန့် သွားပါတယ် .. လေယာဉ်ပေါ်ကဆင်းတော့ ကျွန်မကို ဖေဖေနဲ့ မေ လာကြိုပါတယ် .. ဒီလိုနဲ့  တောင်တန်းတွေပေါများလှတဲ့ ဒီမြို့ လေးကကျွန်မကို နွေးထွေးစွာနဲ့   စတင်ကြိုဆိုခဲ့ပါတယ် ..

အိမ်ကိုရောက်တော့ အိမ်ရဲ့ ပတ်ပတ်လည်မှာ လှပလွန်းတဲ့ တောင်တန်းတွေက ဘယ်နေရာကြည့်ကြည့် မြင်နေရလို့  ကျွန်မမှာ ပျော်မဆုံးဖြစ်ခဲ့ပါတယ်.. အဲဒိနေ့ က ကျွန်မချစ်တဲ့တောင်တန်းတွေရဲ့ ကြားက အိမ်ကြီးတစ်အိမ်မှာ ကျွန်မ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပါတယ် ..

ဒီလိုနဲ့  မကြားဘူးတဲ့ ဘာသာစကားတွေနဲ့  ရိုးသားလှတဲ့ တိုင်းရင်းသားတွေကြားမှာ ကျွန်မ နေရတာပျော်လာတယ် .. ကျွန်မ ပျင်းမှာစိုးလို့ ဆိုပြီး ဖေဖေရုံးက စာရေးမလေးတွေက လာအဖော်လုပ်ပေးပေမယ့် နားမလည်တဲ့ ဘာသာစကားကြားမှာ ကျွန်မ အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့ရတယ် .. သူတို့ စကားပြောတာကို မနည်းနားလည်အောင် ကြိုးစားရင်း ရက်ကိုလစား လကိုနှစ်စားရင်း အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပါတယ် .. 

ဒီလိုနဲ့  တတိယနှစ်ကျောင်းတတ်ဘို့ ရာ အချိန်ကျလာတယ် .. ကျွန်မက ရန်ကုန်မှာ ပြန်မတတ်ချင်တော့ဘူး .. ဒီတော့ ရန်ကုန်အိမ် မှာ ကျန်ခဲ့တဲ့ အမတွေကို ကျောင်းထွက်စာတင်ခိုင်းပြီး ကျွန်မ နယ်မှာ တတိယနှစ်ကို စတတ်ခဲ့တယ် ..  ဆိုင်ကယ်တွေနဲ့  ကျောင်းတတ်ရတာ ပျော်စရာတစ်မျိုးဘဲ .. ရန်ကုန်မှာတတ်တဲ့ ကျောင်းနဲ့  နယ်မှာတတ်တဲ့ကျောင်းက တော်တော်ကွာတယ် .. ရန်ကုန်မှာတုန်းက ဝေလေလေ ကျောင်းတတ်ခဲ့ပေမယ့် 
နယ်မြို့ လေးမှာတော့ အထက်တန်းကျောင်းမှာလိုဘဲ အချိန်ပြည့် တတ်ရတယ် .. ကျောင်းပြေးကြတာလဲ  
မတွေ့ သလို  ကန်တင်းကို အချိန်ပြည့်ထိုင်တာလဲ မတွေ့ ပါဘူး .. ကျောင်းကနေအိမ် .. အိမ်ကနေကျောင်းဘဲဆိုတော့ တတ်ရတာ ထူးဆန်းနေတယ် ..

ကျွန်မ ကျောင်းတတ်တော့ သူငယ်ချင်းတွေ တိုးလာခဲ့တယ် .. ဆိုင်ကယ်တစ်စီးနဲ့  နေရာစုံလျှောက်သွားခဲ့တယ် .. တွေ့ ကရာစားပြီး အိမ်မကပ်တာ များလာတယ် .. အဲဒီချိန်မှာ ကျွန်မတို့ ဖေဖေရဲ့  အထက်အရာရှိ(ဗိုလ်မှုးကြီး)သမီးက ကျွန်မတို့  နေတဲ့ မြို့ လေးကို အလုပ်ကိစ္စနဲ့  ပြောင်းလာပါတော့တယ် .. အိမ်မှာဝင်ထွက်နေပေမယ့် ကျွန်မနဲ့ က မတွေ့ တာ များတယ် ..

တစ်နေ့ တော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအမနဲ့ တွေ့ တယ် .. အမကမေးတယ် .. မီးလေး အလုပ်မလုပ်ချင်ဘူးလားတဲ့ .. ကျွန်မကလဲ အမနဲ့ လုပ်ရမယ်ဆို လုပ်မယ်လို့  ပြန်ပြောမိခဲ့တယ် .. တကယ်တော့ ကျွန်မထင်ထားတာက အဲဒီအမက ဆရာဝန်ဆိုတော့ ဆေးရုံနဲ့  ဘဲ ဆိုင်တယ်ထင်ထားတာ .. NGO ဆိုတာ အဲကျမှ ကျွန်မသိတော့တယ်.. 

အဲဒီဆရာဝန်အမ ကောင်းမှုကြောင့် ကျွန်မ အလုပ်တစ်နေရာ ရခဲ့တယ် .. အလုပ်က ရွာတွေမှာလိုက်ပြီး ဆေးကုတာဆိုတော့ အရမ်းပျော်စရာ ကောင်းပါတယ် .. ကျွန်မတို့ အဖွဲ့ က MSF (နယ်စည်းမခြား ဆရာဝန်များ 
အဖွဲ့ ) ငှက်ဖျားအဖြစ်များတဲ့နေရာမှာ လူနာတွေကို အခမဲ့ ဆေးကုပေးပါတယ် .. ပထမတော့ ရွာကလူတွေ မလာကြပါဘူး .. အင်္ဂလိပ်အဖွဲ့ ဖြစ်နေတော့ လာရမှာ ကြောက်နေတယ် ..

နောက်တော့ ကျွန်မတို့ ရဲ့  စစ်မှန်တဲ့ ဆေးကုသမှုကို လက်ခံလာပြီး ရွာတော်တော်များများက လူနာတွေ လာပြကြပါတယ်.. ဆေးခန်းစဖွင့်ပြီး ၁လအကြာမှာတော့ လူနာက တစ်နေ့ ကို ၂၀၀ ပတ်ဝန်းကျင် လာလာပြကြတယ်.. ကျွန်မတို့  ဆေးခန်း ဖွင့်ထားတဲ့နေရာလေးက မြိတ်ထားဝယ် ကားလမ်းမပေါ်မှာ ရှိပြီး ထားဝယ်ကနေ ၃၄မိုင်ဝေးတဲ့ သရက်ချောင်းမြို့ နယ် စုံစင်ဖျား ကျေးရွာလေးမှာပါ … တစ်နေ့  တစ်နေ့  ၃၄မိုင်ကို အသွားပြန်လုပ်နေရတာကြောင့် ကျွန်မတို့ ဝန်ထမ်းတွေ အရမ်းကို ပင်ပန်းကြပါတယ် …

နောက်တော့ ကျွန်မတို့ ဆေးခန်းနဲ့ ၃မိုင်လောက်သာ ဝေးတော့တဲ့ ရာဘာခြံမှာ အဆောင်ရတာနဲ့  တနလာင်္နေ့ ကနေ သောကြာနေ့  ထိ ဆေးခန်းနဲ့ နီးတဲ့ အဲဒီရော်ဘာခြံထဲမှာဘဲ နေကြပါတယ် .. ရိုးသားလှတဲ့ တိုင်းရင်းသားတွေကြားမှာ အလုပ်လုပ်ရတာ ပျော်စရာ အရမ်းကောင်းပါတယ်.. 

ကျွန်မတို့ အဖွဲ့ က တနလာင်္နေ့  မနက် ၅း၃၀ဆိုတာနဲ့ ထားဝယ်မြို့ ကနေ စထွက်ပါတယ် .. သရက်ချောင်းမြို့ မှာ မနက်စာ စားပြီးဆေးခန်းရောက်ရင်တော့ မနက် ၈း၀၀ ကျော်ကျော်လောက် ရှိနေပါပြီ ..ကျွန်မတို့ ဆေးခန်းလေးက တောင်ကုန်းလေးနားမှာဆိုတော့ အဝေးကနေ ကြည့်ရင်တောင် မြင်နေရတယ် .. 

တနလာင်္နေ့ ဆို လူနာအရမ်းများတယ် .. လူနာက ၂၀၀ ပတ်ဝန်းကျင်လောက်လာကြလို့  အဲလိုနေ့ တွေမှာဆို ကျွန်မတို့ ရဲ့ မနက်စာ စားချိန်ဟာ မွန်းလွဲ ၃နာရီထက် မစောကြပါဘူး .. ဒါပေမယ့် ဆာရကောင်းမှန်းမသိလောက်အောင် လူနာတွေ ကြားမှာ အလုပ်များ နေခဲ့တယ် ..

ရုံးက၀န်ထမ်းတွေအကုန်လုံးက ကျွန်မကို ချစ်ကြတယ် .. ကျွန်မက အသက်အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်တယ် … ပြီးတော့ ဆရာဝန်တွေကလဲ ကျွန်မကို ချစ်ကြတော့ ကျွန်မက အုပ်စုထဲမှာ ဗိုလ်ဘဲ .. 
ဆိုးလို့ အရမ်းကောင်းပါတယ် ..

ကျွန်မတို့ နေရတဲ့ ရာဘာခြံအဆောင်လေးက မြေနီလမ်းလေးရဲ့  လမ်းဆုံးမှာ ရှိပြီး တစ်ထပ်တိုက်ပုလေးပါ ..
အရှေ့ မှာ မြေကွက်လပ်လေးနဲ့  တောင်တန်းပတ်ပတ်လည်နဲ့ မနီးမဝေးမှာလဲ စမ်းချောင်းလေးနဲ့ ဆိုတော့ နေချင်စရာ အရမ်းကောင်းပါတယ် .. ဆေးခန်းက ပြန်လာတော့ ကျန်တဲ့သူတွေက မောမောနဲ့  နားချင်ပေမယ့် 
ကျွန်မရဲ့ အလုပ်က တောင်တန်းကြီးတွေဘက် လမ်းလျှောက်ထွက်တာက ကျွန်မရဲ့  ဒုတိယတာဝန်ပါ… ကျွန်မ အေးအေးချမ်းချမ်း တစ်ယောက်ထဲ တွေးချင်ရာတွေးပြီး တစ်ခါတစ်ရံ တောင်တန်းကြီးတွေနားမှာ အိပ်ပျော်သွားတတ်တယ် ..

တစ်မေ့တစ်မော ထိုင်တတ်တဲ့ကျွန်မက ညနေအေးတောင်မှ တောင်တန်းကြီးတွေနားမှာထိုင်ချင်ပေမယ့် ထမင်းစားဘို့  လာခေါ်နေတာကြောင့် မထချင် ထချင်နဲ့ အမြဲလိုက်လာခဲ့ရတယ် .. တစ်ခါတစ်ရံ အရမ်းပူတဲ့ 
နေ့ တွေဆို ကျွန်မတို့  အဆောင် ဘေးနားက စမ်းချောင်းမှာ ရေသွားစိမ်ကြတယ် .. ပြန်လာရင် တစ်ရေးတမော အိပ်ကြတယ် .. ညဘက်ဆိုရင် ဂစ်တာတီးတဲ့ သူက တီးတယ် .. ဖဲရိုက်တဲ့သူက ရိုက်တယ် .. စာဖတ်တဲ့သူက ဖတ်တယ် .. အတင်းအုပ်တဲ့သူက အုပ်ကြတယ် .. ဆူညံနေကြတာဘဲ ..

ဒါပေမယ့် ၁၀နာရီ မီးပိတ်ကာနီးဆို အလျှိုလျှို တိတ်သွားရော .. ဂစ်တာတီးချင်တဲ့ သူကလဲ အိမ်ရှေ့  မြေကွက်လပ်မှာ သွားတီးတယ် .. ဖဲရိုက်တဲ့သူတွေကလဲ အသီးသီး ၀ိုင်းသိမ်းကြတယ်.. အတင်းအုပ်တဲ့သူတွေကလဲ အလိုက်သိစွာ အတင်းအုပ်တာကို လက်စသိမ်းပြီး ခြင်ထောင်ထဲ ၀င်ကြတယ် .. ဒါပေမယ့် ကျွန်မအခန်းကတော့ ညဥ့်နက်တဲ့အထိ ဖယောင်းတိုင်မီးက အမြဲလင်းနေတတ်တယ် .. ကျွန်မက စာဖတ်တာကိုး ..

ဆေးခန်းမှာ လူနာပါးတဲ့နေ့ တွေဆို Out reach ထွက်ကြတယ် .. အဲလို Outreach ထွက်မယ်ဆို ကျွန်မ အရမ်းပျော်ပါတယ် .. အဲဒီနေ့ ဆို အ၀တ်ပိုတွေပါ ယူသွားကြတယ် .. တစ်ရွာဝင် တစ်ရွာထွက် လူနာတွေ လိုက်ကြည့်တယ် .. တောတောင်အထပ်ထပ် ဖြတ်ကျော်လို့ ပေါ့ .. ပြန်လာရင် ဖုန်အလူးလူးနဲ့ ဆိုတော့ တွေ့ တဲ့ စမ်းချောင်းမှာ ရေ၀င်စိမ်ကြတယ် .. တစ်ခါတစ်လေလျှော်ရမယ့် အ၀တ်တွေပါ ယူသွားပြီး အဲစမ်းချောင်းမှာဘဲ လျှော်လိုက်တယ် .. ကျွန်မကတော့ အ၀တ်လျှော်တဲ့နေရာမှာ အရမ်းတော်ပါတယ် .. လျှော်ချင်တဲ့အ၀တ်ကို ဆပ်ပြာမှုန့် နဲ့ လူးလိုက်တယ် .. ပြီးရင် နယ်လိုက်တယ် .. ပြီးရင် စမ်းချောင်းအထက်ပိုင်းကို ပစ်တင်လိုက်တယ် .. ကျွန်မနားကို ရေစီးနဲ့  ပြန်ပါလာရင် ဆယ်ယူလိုက်တယ် .. ပြီးပြီ ကျွန်မရဲ့ အ၀တ်လျှော်ခြင်း .. 

တစ်ခါကပေါ့ ထူးထူးခြားခြား လူနာလိုက်ကြည့်ရင်းနဲ့  တောအုပ်တစ်ခုကို ဖြတ်ရတယ် .. တောအုပ်ထဲ စဖြတ်စမှာ ထူးထူးခြားခြား ယဉ်ပါးနေတဲ့ အနံ့ တစ်ခုကို ရလိုက်တယ် .. ဘေးဘီကို ကြည့်တော့လဲ မတွေ့ ဘူး .. နောက်တော့ ကျွန်မခေါင်းမော့ကြည့်လိုက်တော့ အိုးးးးးးးးး ကျွန်မခေါင်းပေါ်မှာရှိတဲ့ သစ်ကိုင်းကြီးရဲ့  အကိုင်းတွေမှာ သဇင်ပန်းတွေ ပေါက်နေတာ ကြည့်လှလိုက်တာ .. ကျွန်မမှာ ခုန်စွခုန်စွနဲ့  အဲသဇင်တွေကို ကြည့်ပြီး လမ်းလျှောက်ရတာ အရသာ တစ်မျိုးဘဲ .. (ကျွန်မတို့  အလုပ်လုပ်တဲ့နေရာက သဇင်ပန်း အရမ်းပေါပါတယ်)

တစ်ခါတစ်လေ လူနာလဲ ရွာထဲမှာလိုက်မကြည့်ဘူး .. အဆောင်ကို တန်းပြန်လာတဲ့အချိန်ဆို အဆောင်မှာ ကျွန်မတို့  တစ်ခုခု လုပ်စားကြတယ် .. မိန်းကလေးကလဲ နည်းတာကြောင့် ဘာလုပ်လုပ် ကျွန်မက ပါလေရာပေါ့ .. ကျွန်မချက်တော့မယ်ဆိုရင် ကျွန်မလက်ရာကိုဘဲ ယုံကြည်လို့ ထင်ပါရဲ့  တော်ရုံ မချက်ခိုင်းဘူး .. နောက်တစ်ခုက ကျွန်မချက်ပြီဆို တစ်ယောက်မှ ကောင်းကောင်းမနေရဘူး .. တွေ့ တဲ့သူအကုန်ခိုင်းတာကြောင့် ကျွန်မကို ဗိုလ်ကတော် ဟင်းချက်နည်းအတိုင်းဘဲတဲ့ ..း)

တစ်ခါတစ်လေ အဆောင်မှာ ကျွန်မတို့  စွန်လွှတ်ကြတယ် .. တစ်ခါတစ်လေ ကန်စွန်းဥ တူးပြီး ပြုတ်စားကြတယ် .. တစ်ခါတစ်လေ မြေပဲတွေနှုတ်ပြီး ပြုတ်စားတယ် .. တစ်ခါတစ်လေ ရုံးက အကိုတွေ ရွာထဲမှာ ကောင်မလေးတွေ သွားရှိတ်ရင် ကိုးလို့ ကန့် လန့်  ကျွန်မ ပါတတ်တယ် .. တစ်ခါတစ်ရံ ဒူးရင်းပင်တွေအောက်မှာ ဒူးရင်းသီးတွေ စားတတ်တယ် .. တစ်ခါတစ်လေ မင်းဂွတ်သီးတွေကို အကျီ င်္တွေ ပေတဲ့အထဲ စားကြတယ် .. တစ်ခါတစ်ရံ ကွမ်းသီးပင်အောက်မှာ သွားထိုင်တတ်ကြတယ် .. တစ်ခါတစ်ရံ ရွာထဲမှာ လူနာဆေးသွားကုကြတယ် .. တစ်ခါတစ်ရံ ရွာနီးချုပ်စပ်က ဘုရားဖူးထွက်ကြတယ် .. တစ်ခါတစ်လေ ရေတံခွန်တွေဘက် သွားတတ်ကြသေးတယ် .. တစ်ခါတစ်လေ ညဥ့်နက်တဲ့အထိ သီချင်းတွေဆိုတတ်ကြတယ် .. တစ်ခါတစ်ရံ ပိုးစုန်းကြူးလေးတွေ လိုက်ဖမ်းတတ်ကြတယ် .. ဒါ ကျွန်မတို့ အဖွဲ့ ရဲ့  ပျော်ရွှင်စရာ အပန်းဖြေနည်းလေးတွေပါ …

(ထားဝယ် MSF အလွမ်းပြေလေးပါ)

ကျွန်မနှင့် သီတင်းကျွတ်

21:18 Posted by ကျောပိုးအိတ်


သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးဇာကိုရေနံဆွတ်ပါ
မှိုင်းဝမှလွှတ်ပါ။

သီတင်းကျွတ်ပြီတဲ့။ မိုးလေကင်းလွတ်ပြီလို့ ထင်ရပေမယ့် ခုထိမလွတ်သေးပါဘူး။ မုန်တိုင်းတွေကလဲ ပေါ်ကောင်းတုန်းပါဘဲ။ မိုးကလဲရွာကောင်းတုန်း။ ရာသီဥတု ဘယ်လိုဘဲ ဖြစ်နေပါစေ .. ၀ါအကျွတ်ကို အားကြိုးမာန်တတ် လက်ချိုးပြီး ရေတွက်စောင့် နေသူများအတွက်တော့ မင်္ဂလာရှိတဲ့အခါသမယပါဘဲ။ 

ကျွန်မအတွက်တော့ သီတင်းကျွတ်တာလဲ ကျွန်မနဲ့ မဆိုင်သလို။း( ။ လာလိုက်တဲ့မင်္ဂလာဆောင်ဖိတ်စာ။ ဆောင်ဆောင်နိုင်လွန်း တယ်။ (တကယ်တော့ မနာလိုပြီး အားကျတဲ့လေသံနဲ့ ) 

ဖိတ်တဲ့လူကလဲ ကြိုးနဲ့ တစ်ခါထဲချည်သွားတယ်။ တို့ မင်္ဂလာဆောင်မလာ ရင် နင့်မင်္ဂလာဆောင်လဲမလာဘူးတဲ့။ ဟော သွားပြန်တော့လဲ အနှောင့်အသွားက မလွတ်ချင်။ ဘယ်တော့လဲ။ ငှက်ပျောပင်စိုက်ထားပြီလား။ဘာညာနဲ့ ။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး

တွေ့ တဲ့သူတိုင်းကလဲ ဘယ်တော့လဲ။သူများတွေကျွတ်ကုန်ပြီနော်။အားမကျဘူးလား။ရွှေလက်ဘယ်တော့ တွဲမလဲတဲ့။ စိတ်ရှိလက်ရှိသာ အော်လိုက်ရရင်တော့။ 

ဟော ချစ်စရာကောင်းတဲ့ကလေးလေးတွေ တွေ့ လို့  ချီလိုက်မိရင်လဲ ကိုယ်တိုင်မွေးပါလားတဲ့။ ဘာလုပ်လုပ် အနှောင့်အသွားကမလွတ်ချင်ဘူး။

ဝါကျွတ်ပြီနော်။စားရတော့မှာလားတဲ့။ ၀ါမကျွတ်လဲကျွေးနေတာကို။ဝါက သူ့ ဘာသာကျွတ်တာ။နှစ်တိုင်းလဲ ကျွတ်နေတာဘဲ။ ခုတော့ ဟွန့် ။ သူများမစွံတာ လူသိလိုက်တာ။

ပြီးတော့ လာလိုက်တဲ့ ဘုံကထိန်။ ဟောတစ်စောင် ဟောတစ်စောင်နဲ့ ။ လာသမျှအလှူခံကိုလဲ နှမြောတွန့်  တို ခြင်းမရှိ။ လှူခဲ့တာဘဲ။ အလှူခံဖြတ်ပိုင်းမှာ နာမည်ရေးတော့ ထုံးစံအတိုင်း တိုင်ကပတ်ပြန်ရော။ ကျွန်မနာမည် ဘဲပါပြီး နောက်တစ်ယောက်နာမည်မပါလို့  တဲ့။ နောက်တော့ အပြောဆိုလွတ်အောင် ဖေဖေနဲ့ မေမေနာမည် ထည့်တော့မှ နည်းနည်း အနေအစားချောင်တော့တယ်။

နောက်တစ်ခုက ဗျောက်အိုးဖောက်တာ။ ကျွန်မအရမ်းကြောက်ပါတယ်။လန့် လဲအရမ်းလန့် ပါတယ်။ တစ်ညနေမှာ အေးအေးလူလူ ရုံးကသူငယ်ချင်းတွေနဲ့ လမ်းလျှောက်နေတုန်း ဗျောက်အိုးသံအနီးကပ်ကြားလို့  လန့် ပြီးအော်မိတော့ အပျိုကြီးတွေများ ဒီအသံလေးလောက်ကို ကြောက်တယ်ပေါ့လေ။ ဒါဆို အကြောက်ပြေ ယောကျာင်္းမြန်မြန်ယူတဲ့။ ဘယ်လိုဘဲစဉ်းစားစဉ်းစား ဘာမှလဲမဆိုင်ဘူး။

စိတ်လေတယ်နော်။စိတ်လေတယ်။
(ရေးပြီးသား ပို့ စ်အဟောင်းလေးပါ) မဖတ်ရသေးရင်တော့ အသစ်ပေါ့ကွယ် .. ဟီးးးးးး


ငါချစ်မိသွားတဲ့အခါ

16:28 Posted by ကျောပိုးအိတ်

စာရေးဘို့ ရာ တော်တော်လေး ပျင်းနေတယ် .. (တဂယ်ကြီးက ပျင်းတယ်ဆိုတာထက် တစ်ယောက်သောသူကို အကြီးကြီး သတိရပြီး လွမ်းနေလို့  မရေးဖြစ်တာ။) ဘလော့လေးလဲ ပြစ်ထားတာ စိတ်ဆိုးနေရော့မယ်လေ။ အဲဒါကြောင့် ခုနည်းနည်း ကော်ပီဆွဲလိုက်တယ် .. ;P

ငါအိုသွားသောအခါ ဆိုတဲ့ စာသားလေးကို ချစ်ဆုံးကြီးအတွက် ပြင်ပြီး ပြန်ရေးပေးလိုက်ပါတယ်။ အမှားပါခဲ့သော် သည်းခံပေးပါရှင့် .. ;D

ငါချစ်မိသွားတဲ့အခါ
ငါဟာအရင်ကငါမဟုတ်တော့ဘူး။ငါ့ကိုနားလည်ပေးပါ။စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။တုန်နေတဲ့လက်တွေ
နဲ့ ထမင်းဟင်းတွေအင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့ .. ငါဟာ ငါ့ကိုယ် ငါတောင် ဂရုမစိုက်နိုင်ဘဲ.. နင့်အတွက်ကိုသာ တွေးနေမိလို့ ပါ ။

အပ်ကြောင်းထပ်မကပြောဘူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။ နင်ပျင်းနေမှာစိုးလို့  ငါစကားတွေ ကြံဖန်ပြောပေးပြီး နင့်ကို အဖော်လုပ်ပေးနေလို့ ပါ ။

ရေချိုးခန်းထဲ ၀င်တဲ့အခါ မြန်မြန်ရေချိုးဘို့  ငါအော်ခဲ့တာ နင်စိတ်မဆိုးပါနဲ့  ။ ရေချိုးကြာပြီး နင်နေမကောင်းဖြစ်မှာ စိုးရိမ်လွန်းလို့  အော်မိတာပါ။

ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့ ။ ငါဟာနင့်ကိုဘဲ ဂရုစိုက်ဘို့ တွေးနေမိလို့  ကျန်တာတွေ ငါမသိခဲ့တာပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျှပြီးလမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။နင့်ရဲ့ အကြင်နာနဲ့ ဖေးကူလာမယ့် လက်အစုံကို ငါမျှော်လင့်နေလို့ ပါ။

ငါနေမကောင်းလို့  ဆေးသောက်ဘို့ ငြင်းတိုင်း နင်နားလည်ပေးပါ ။ နင့်ရဲ့ အကြင်နာနဲ့  တိုက်လာမယ့် ဆေးတွေကို ငါတိတ်တိတ်လေး မျှော်လင့်နေလို့ ပါ။

နင်တစ်ယောက်ထဲ အားငယ်နေတဲ့ အချိန်တိုင်းမှာ ကျေးဇူးပြုပြီး ငါ့ကိုခေါ်လိုက်ပါ ။ ငါရောက်ရာအရပ်ကနေ ပြေးလာမှာမို့  ဘယ်တော့မှ နောက်မကျစေဘဲ နင့်အတွက် ဖြစ်စေရမှာပါ။

ငါနင့်ကို တစ်ခါတစ်ရံ စိတ်ကောက်တယ်ဆိုတာကလဲ နင်ဟာငါ့အပြင် နောက်တစ်ယောက် ရှိသွားမှာစိုးလို့ ဆိုတဲ့ စိတ်တစ်ခုထဲနဲ ငါကလေးဆန်မိတာပါ။


တစ်နေ့ ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့ နားလည်ပေးပါ။အားပေးပါ။အရင်တုန်းကလူ့ ဘ၀ တက်လမ်းအတွက်ငါလမ်းညွှန်ခဲ့သလိုအခုချိန်မှာငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။ ချစ်ခြင်း မေတ္တာ တွေနဲ့ အေးမြမှု တွေကိုငါပြုံးပြုံးလေးခံယူမှာပါ။အဲ့ဒီအပြုံးတွေထဲမှာမဆုံးတဲ့ငါ့မေတ္တာတွေတွေ့ ရမှာပါ။


အသက်ကြီးလာလို့ စကားပြောရာမှာ..ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို..ငါမေ့သွားတဲ့အခါ..အချိန်ပေးပြီး စဉ်းစား ခွင့်ပေးပါ။စကားအကြောင်းအရာတွေက ငါ့အတွက်အရေးမကြီးဘူး။ဘေးကနေငါပြောသမျှတွေကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

အချို့ စာသားတွေက ငါအိုသွားသောအခါထဲမှ တိုက်ရိုက်ယူထားပါတယ် .. မူရင်းအရသာ ပျက်သွားခဲ့ရင် ကျွန်မကဘဲ မူရင်းရေးသားသူကို တောင်းပန်ပါတယ်နော် ..

ကျွန်မနှင့်မြွေ

22:22 Posted by ကျောပိုးအိတ်

မှတ်မှတ်ရရ အဲဒိနေ့ က သင်္ကြန်အတတ်နေ့ ။ ကျွန်မဖေဖေ တာဝန်ကျနေတဲ့ နယ်မြို့ လေးမှာတော့ သင်္ကြန်ကို အချိန်တော်တော်ကြာ ကျင်းပတယ်။ ဥပမာ သင်္ကြန်မကျခင်မှာ ကလေးသင်္ကြန်ဆိုပြီး ( ကလေးနည်းနည်း လူကြီးများများ) ၃ရက်ကြိုပါတယ်။ သင်္ကြန်ပြီးတော့လဲ တောသင်္ကြန်ဆိုပြီး နောက်ထပ် ၃ရက်ဆက်ပါတယ်။
ဒါတောင်ရေတွင်းထဲကရေကိုခပ်ပြီးပက်ရလို့ ။ မဟုတ်ရင်တော့
;(

ဖေနဲ့ မေကတော့ တာဝန်အရ မဏ္ဍပ်ကို နေ့ တိုင်းသွားရတယ်။ ကျွန်မကတော့ အိမ်မှာနှပ်ရင်းအိမ်စောင့် နေခဲ့တယ်။

အတတ်နေ့ ရောက်တော့ တိုင်းမင်းကြီးကပြောတယ်။ ဘယ်လိုလဲ ရဲမှုး သမီးအငယ်ဆုံးလေးကို အိမ်ထဲမှာဘဲ ဖွက်ထားရလား။ ခေါ်ထုတ်လေတဲ့ ။ နောက်တော့ ဖေက ကျွန်မဆီ ဖုန်းခေါ်ပြီး မီးလေးရေ တိုင်းမင်းကြီးက လာရမယ်ပြောတယ်။ ခု အိမ်ကို ကားပြန်လွှတ်လိုက်တယ်။ မီးလေး မဏ္ဍပ်လိုက်ခဲ့ရမယ်လို့ ပြောလာပါတယ်။

သြော် ကျွန်မအိမ်မှာ အေးဆေးနေတာ မကြည့်ရက်ဘူးထင်ပါ့။ နောက်တော့ လာကြိုတဲ့ ကားနဲ့ ကျွန်မလဲ ကိုးလို့ 
ကန့် လန် နဲ့ ပါလာတယ်။ အတတ်နေ့ ဆိုတော့ မဏ္ဍပ်ပိတ်ပွဲလဲရှိနေသေး တော်တော်မိုးချုပ်မှပြီးမှာ။

တစ်မနက်လုံးရေစိုနေတာကြောင့် ညနေအေးမှာ ကျွန်မက အရမ်းချမ်းနေပြီ။ မေ့ ကို တိုးတိုးလေး အနားကပ်ပြီး မေပြန်လို့  မရဘူးလား။ အရမ်းချမ်းနေပြီဆိုတော့ မေကပြန်လေ အိမ်ရောက်ရင်နွေးနွေးထွေးထွေးနေဆိုပြီးတော့ ကျွန်မကို အိမ်ပြန်ခိုင်းပါတယ်။

ကျွန်မလဲအိမ်ရောက်တော့ နောက်ဖေးမီးဖိုဆောင်ဘက်ဝင်ပြီး မီးသွေးယူ ရေနွေးတည်မယ်ပေါ့။ မီးသွေးအိတ် ပေါ်ကို လက်တင်လိုက်တော့ အေးစက်စက်ကြီး။ ဘာကြီးလဲမသိဘူးဆိုပြီး စဉ်းစားလိုက်ရတာ။ ကြောင်ချေးလား။ မဖြစ်နိုင်ပါဘူး။ ဘာကြီးလဲမသိဘူးဆိုပြီး အဲဒိ အေးစက်စက်ကြီးကို ညှစ်ကြည့်လိုက်တော့ အား………………… မြွေ မြွေ။ ကျွန်မကိုခေါင်းထောင်ကြည့်နေတယ်။ ဘာရမလဲ သိတယ်ဟုတ် နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဘဲ ပြေးလိုက်တာ တန်းနေရော။

ကျွန်မတို့ နေတဲ့ အိမ်နဲ့  လူပျိုဘားတိုက်က နည်းနည်းလေးဝေးတယ်။ လူပျိုဘားတိုက်ကိုသွားပြီး ဘယ်သူရှိလဲ ဘယ်သူရှိလဲ အိမ်ထဲမှာ မြွေမြွေဆိုတော့ ကိုလူပျိုတစ်သိုက် တုတ်ဆွဲ ဓါးဆွဲနဲ့ ပြေးလာကြပါရော။ နောက် သူတို့  သတ်လိုက်ကြတယ်။

ညရောက်တော့ ဟိုတွေးဒီတွေးနဲ့  ညနေက သတ်လိုက်တဲ့ မြွေကိုပြန်စဉ်းစားမိတယ်။ မြွေက ငါ့ကို ကျေနပ်ပါ့ မလား။ ငါ့ကြောင့် သူသေတာဆိုပြီး သရဲလာ ခြောက်ရင်သေပြီ လို့ တွေးမိပြီး ဖေနဲ့ မေကြားထဲမှာ အဲဒိညက ၀င်အိပ်လိုက်တယ်။ အဲ့ဂလောက်သတ္တိရှိတာ။

၂လလောက်ကြာတော့ ကျွန်မ ရေချိုးမယ်ဆိုပြီး ရေချိုးခန်းထဲ ၀င်လာတယ်။ ပြီးတော့ သီချင်းလေး တအေးအေး
နဲ့  အိမ်နောက်ဖေး ခြံထဲမှာ သီးနေတဲ့ ငှက်ပျောခိုင်ကိုငေးပြီး တံခါးကိုဖွင့်လိုက်တော့ ဘုတ်တဲ့ ။ ပုခုံးပေါ် ဘာလဲမသိဘူး ပြုတ်ကျလာတယ်။

ကျွန်မက ဘာပြုတ်ကျတာလဲမသိဘူးဆိုပြီး ငုံ့ ကြည့်လိုက်တော့ မြွေဖြစ်နေရော။ ဆိုနေတဲ့ သီချင်းတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ အာခေါင်ခြစ်ပြီး အော်လိုက်တယ်။ မေကပြေးလာပြီး မကြောက်နဲ့ မကြောက်နဲ့  ဆိုပြီး မေတ္တာပို့ တယ်။

ပရိတ်ကြီး ၁၁ သုတ်ထဲက ခန္ဓာသုတ်ရွတ်တော့ အမောင်မြွေက လျှောကနဲ ထွက်သွားတယ်။ ဒီတော့မှ ကျွန်မလဲ စိတ်အေးရတော့တယ်။

နောက်တစ်ခါက ကျွန်မအိပ်ခါနီးပါ။ အိပ်ကာနီး စာဖတ်တတ်တဲ့အကျင့်က ရှိနေတော့ စာဖတ်လိုက်တာ တော်တော်ညဥ့်နက်သွားတယ်။ မေကစောစောအိပ်နော်လို့ လာလာပြောတာ ၁၀ကြိမ်ထက်မနည်းတော့ဘူး။ မျက်လုံးညောင်းလာပြီး နာရီကြည့်လိုက်တော့ မနက် ၂း၀၀ တောင် ထိုးတော့မယ်။ တစ်အိမ်လုံးအိပ်ကုန်ပြီ။ ကျွန်မလဲ ခြင်ထောင်ကို ထပြီးချရမှာ ပျင်းလေတော့ အိပ်ရင်းနဲ့ ဘဲ မိန်းကလေးပီသစွာ အောက်ကနေ ခြင်ထောင်အမိုးကို ကန်ချလိုက်တယ်း)။

ကြားလိုက်ရတာက ဘုတ်တဲ့။ လာပြန်ပြီ ဒီဘုတ်ဆိုတဲ့အသံ။ သေချာတယ် ဒါမြွေပြုတ်ကျတဲ့ အသံဘဲ။ မေတို့  ကိုလဲ မနှိုးတော့ဘဲ မျက်စိကိုစုံမှိတ်ပြီး မေရွတ်သလို မေတ္တာပို့  လိုက်တယ်။ ရွတ်နေတုန်း ကုတင်အောက် ခိုးကြည့်လိုက်တော့ အောင်မာ မြွေကလဲကျွန်မကို ကြည့်နေတယ်။ ဘုရားဘုရား ငါမေတ္တာ ပို့  တာမစွမ်းလို့ လား။ ခုထိမသွားသေးဘူး။ နောက်ဆုံးမေတ္တာပို့ တာကို မြွေကဘဲ နားမလည်တာလား ။ ဘာလားတော့ မသိတော့ဘူး။ မသွားဘူးရှင်။ ပေတေပြီးကျွန်မ ကုတင်အောက်မှာ ခွေနေတယ်။

အင်း …… ငါကောင်းကောင်းပြောနေတယ်နော် ။ ခေါင်းမာနေတယ်ဟုတ်လား ။ ဒီတော့လဲ ရတယ် ရတယ် နင်ကငါမေတ္တာပို့ တာ မရဘူးဟုတ်လား။ အေးတွေ့ မယ်။ နင့်ကိုငါချက်စားမယ်။ ပါးပါးလှီးမယ်။ တုတ်ထိုးလို အချဉ်ရေ စပ်စပ်နဲ့ စားပြစ်မယ်။ ဘာမှတ်လဲ။ ဘာညာဆိုပြီး ရွတ်လိုက်တယ်။

အဟား………………. ကျွန်မရွတ်လိုက်တာကို မြွေကနားလည်သွားလားမသိဘူး။ လျှောကနဲ့ ပြန်ထွက်သွားတယ်။
ကျွန်မလဲ ဒီတော့မှ စိတ်ချလက်ချအိပ်ရတော့တာ မနက် ၉း၀၀ နာရီထိုး မေလာနှိုးမှ နိုးတော့တယ်…….

သတိရမိသည် ကမ်းခြေဆီ

06:43 Posted by ကျောပိုးအိတ်

ပင်လယ်လှိုင်းတွေက ကျွန်မရဲ့  ခြေဖ၀ါးမှာ လာနားလိုက် ပြန်ထွက်သွားလိုက်နဲ့  အလုပ်ရှုပ်နေသလို သန့် ရှင်း လတ်ဆပ်သော လေနုအေးလေးတွေကလဲ ရှည်လျှားလှတဲ့ ကျွန်မရဲ့  ဆံနွယ်တွေကို မြူးတူးတိုးခွေ့ လို့ ။

ကျွန်မရပ်နေတာကတော့ ပင်လယ်ကမ်းစပ်တစ်ခုမှာပေါ့။ ဟိုး……………… အဆုံးအစ မရှိတဲ့ ပင်လယ်ပြင်ကြီးနဲ့  ပတ်ပတ်လည် ကာရံထားတဲ့ ပြာလွင်တဲ့ တောင်တန်းကြီးတွေကို ငေးကောင်းကောင်းနဲ့  ငေးနေမိပါတယ်။

ကျွန်မငေးနေတာ ဘယ်လောက်ကြာသွားလဲဆိုတာ မသိပါဘူး။ ကျွန်မရဲ့ နောက်ကျောကို အရှိန်ပြင်းပြင်းနဲ့  ၀င်တိုက်လိုက်မှ ကျွန်မသတိပြန်ဝင်လာခဲ့တယ်။မထင်မှတ်ဘဲ ၀င်တိုက်ခံလိုက်ရလို့  အရှိန်မထိန်းနိုင်ဘဲ သဲသောင်ပြင်ပေါ် ကျွန်မဖင်ထိုင်ရက် ပြုတ်ကျသွားတယ်။

စိတ်ထဲမှာ အရမ်းလဲရှက်သွားတယ်။ ပြီးတော့ ဒေါသလဲ အရမ်းထွက်သွားတယ်။ ကြည့်စမ်း ဘယ်လောက်ရမ်းကားမှုလဲ။ အေးအေးဆေးဆေး ဘယ်သူ့ ကိုမှ မနှောင့်ယှက်ဘဲ နေနေတာတောင် မလွတ်ဘူး။

“ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ ဘယ်များနာသွားသေးလဲ။”
“ရတယ်ရတယ် ။ ဘာမှမဖြစ်ဘူး။”
“ကျွန်တော်လဲ သူငယ်ချင်းတွေနဲ့  ကမ်းခြေကိုဘယ်သူအရင်ရောက်မလဲလို့ အပြေးပြိုင်ခဲ့တာ ။ မထင်မှတ်ဘဲ အရှိန်ထိန်းမရလို့ ”

ကျွန်မလဲထူပူနေတာနဲ့  ဘာတွေပြောခဲ့မိမှန်း မသိတော့ပါဘူး။ ကမ်းခြေမှာ ပျော်ပွဲစားထွက်လာတဲ့ သူငယ်ချင်းတွေဆီလဲ ဘယ်လိုရောက်လာမှန်းမသိတော့ပါ။

နောက်မှသိရတာ သူကကျွန်မတို့ ပျော်ပွဲစား ထွက်လာတဲ့အုပ်စုထဲကဘဲတဲ့။ ဒီလောက်ပတ်ဝန်းကျင်ကို စိတ်ဝင် စားတဲ့ကျွန်မအဖြစ် ။

သူငယ်ချင်းတွေမိတ်ဆက်ပေးအရ သူဟာဒီမြို့ လေးရဲ့ တင်းနစ် လက်ရွေးစင်တဲ့။ဖြူစင်တဲ့ အသားအရည် ၊ ဖော်ရွေတဲ့အပြုံးများ ၊ နူးညံ့တဲ့ မျက်ဝန်းများ ၊ ချောမောတဲ့ သူ့ ရုပ်သွင်တွေကြားမှာ ကျွန်မအသက်ရှုဘို့  တောင် မေ့နေတယ်။

ပျော်ရွှင်စရာ ကမ်းခြေနေ့ လေးကို ဘယ်တော့မှ မေ့တော့မှာ မဟုတ်တော့ပါဘူး။

ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျွန်မအလုပ်တစ်ခုပိုလာပါတယ်။ ညနေတိုင်း ဖေဖေ့ရုံးကိုသွားလည်ဘို့ ပါ။ သူတင်းနစ် ရိုက်တာ ဖေဖေရုံးခန်းနဲ့ ဆို မျက်နှာချင်းဆိုင် ဖြစ်နေတယ်။ ညနေဆို ယောင်ပေပေနဲ့  ကျွန်မ ရောက်ရောက် သွားတယ်။

သူကလဲ ကျွန်မလာတတ်တဲ့အချိန်တွေကို မျှော်မျှော်နေတတ်တယ်။ ကျွန်မလာပြီဆိုတာနဲ့ သူ့  ကစားကွက်တွေ က ပိုပြီးအသက်ဝင်လာတယ်။ သူ့ သူငယ်ချင်းတွေနဲ့ လဲ ကျွန်မကိုမိတ်ဆက်ပေးတယ်။

ဒီလိုနဲ့ ရက်ကိုလစား ၊ လကိုနှစ်စားနဲ့  သူနဲ့ ကျွန်မရဲ့ ခင်မင်မှုဟာ အရမ်းကိုခိုင်မြဲနေခဲ့တယ်။ သူ မပါဘဲ ကျွန်မ ဘယ်မှမသွားတတ်တော့သလို သူကလဲဘယ်သွားသွား ကျွန်မ မပါဘဲ မသွားတတ် မလာတတ်ဖြစ်နေတယ်။

မနက်စောစော အေးလွန်းလှတဲ့ ဆောင်းရနံ့ နဲ့  ကျန်းမာရေးလမ်းတစ်လျှောက် အတူတူ အားကစားလုပ်ခဲ့ တာ တွေ။ နေ့ လည်ဘက် ပူနွေးလှတဲ့နွေရာသီမှာ အုန်းရည်ဆိုင်တူတူ ထိုင်ခဲ့တာတွေ။မိုးရာသီ ကမ်းနားလမ်းက ပင်လယ်စာဆိုင်မှာ ကျောက်ပုဇွန်မီးကင်တူတူစားခဲ့တာတွေ။

ဘယ်တော့မှမေ့မရတဲ့ သာယာသော အမှတ်တရနေ့ လေးတွေပါ။

ကျည်းမြောင်းလှတဲ့ ဒီမြို့ လေးမှာ သူတို့ က မြို့ ရဲ့ မျက်နှာဖုံး စာရင်းထဲမှာ ထိပ်ဆုံးမှ နေရာယူထားသလို ကျွန်မကလဲ အရာရှိကြီးသမီးဖြစ်နေတာကြောင့် မြို့ ကလူတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့ပါတယ်။ဒါပေမယ့် အများထင်သလို မဟုတ်ဘဲ သူနဲ့ ကျွန်မ ခုထိ ဖြူစင်နေဆဲပါ။

တစ်နေ့ သူကျွန်မဆီ ဖုန်းဆက်လာတယ်။ အရေးတကြီးတွေ့ ချင်တယ်။ ညနေကျရင် လေဆိပ်လမ်းက စောင့်နေပါတဲ့။ ကျွန်မကလဲ ပြောစရာရှိတာနဲ့ အတော်ဘဲ။ တွေ့ မယ်လေလို့  ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့  ညနေစောင်းတာနဲ့  ကျွန်မလေဆိပ်လမ်းကို လာခဲ့တော့ သူကအရင်ရောက်နေတယ်လေ။

“လမင်း ပြောစရာရှိတာဘာလဲ။”
“အင်းပြောမယ်။ ဒါပေမယ့် သက်လွင်အရင်ပြော။”

လမင်းအရင်ပြော သက်လွင်အရင်ပြောနဲ့ တော်တော်နဲ့ လိုရင်းကိုမရောက်တော့ဘူး။ ထုံးစံအတိုင်း အရာရာမှာ အလျှော့ပေးတတ်တဲ့ (အထူးသဖြင့် ကျွန်မပေါ်မှာ) သူကဘဲစတင်ပြီး အလျှော့ပေးခဲ့ပါတယ်။

“ဒီစကားလေးကိုသေချာနားထောင်ပေးပါ။ ကျွန်တော် လမင်းကို အရမ်းချစ်ပါတယ်။ ကျွန်တော့ချစ်ခဲ့တာခုမှမဟုတ်ပါဘူး။ လမင်း ဒီမြို့ ကို စရောက်တဲ့နေ့ ကတည်းက ကျွန်တော် ခင်မင်ခွင့်ရချင်နေခဲ့တာ။ ပြီးတော့ လမင်းနဲ့ တွေ့ ရအောင် ကမ်းခြေ ပျော်ပွဲစားလေးကို ကျွန်တော်စီမံခဲ့တာ။ ”

“အဲဒိကမ်းခြေမှာလဲ လမင်းသတိထားမိလောက်အောင် ကျွန်တော် တမင်သက်သက် ၀င်တိုက်ခဲ့တာ။ လမင်းကို အရမ်းချစ်တယ်ဗျာလို့  ဆိုတဲ့ ဒီစကားကိုပြောချင်ခဲ့တာ ကြာလှပြီ။ ဒါပေမယ့်မပြောရဲဘူး။ လမင်းနဲ့  ခင်မင်ခွင့်လေး ပျောက်သွားမှာဆိုးလို့ ။ ခုတော့ ဘယ်လိုမှမနေနိုင်တော့လို့  ကျွန်တော်ဖွင့်ပြောတာ။ လမင်းကျွန်တော့်ကို စိတ်ဆိုးလား။ ကျေးဇူးပြုပြီး တစ်ခုခု ပြန်ပြောပေးပါဗျာ။”

“ဒီစကားကို ဟိုးတုန်းကသာ ပြောခဲ့မယ်ဆို အရမ်းပျော်ဘို့ ကောင်းမှာဘဲနော်။ ဒါပေမယ့်ကိုသက်လွင် တကယ့်ကို နောက်ကျသွားပါပြီရှင်။ ကျွန်မတို့ မနက်ဖြန်ဆို အခြားနေရာကို ပြောင်းရတော့မယ်။ မြန်မာပြည်အထက်ပိုင်းကို။ ပြောင်းမိန့် ကျတာ ကြာပါပြီ။ ဖေဖေ အလုပ်များနေတာနဲ့ ချက်ခြင်းမပြောင်းဖြစ်တာ။ ခုတော့ ကျွန်မ ကိုသက်လွင်ကို လာနှုတ်ဆက်တာ။ ကျွန်မလေ ကျွန်မ………………”

နောက်နေ့ မနက် ၁၀နာရီမှာ ကျွန်မတို့ မိသားစု အဲဒိချစ်စရာကောင်းတဲ့ တောင်တန်းတွေပေါများလှတဲ့ ရေတံခွန်တွေပေါများ လှတဲ့ မြို့ လေး ကို နှုတ်ဆက်ခဲ့ပါတယ်။ လေယာဉ်ကွင်းထဲရောက်တော့လဲ ဖေဖေကိုလာရောက်နှုတ်ဆက်ကြတဲ့ အရာရှိကြီးငယ်တွေ ကြားထဲမှာ ထိုင်နေရင်း ဒီမြို့ လေးရယ် အထူးသဖြင့် ကိုသက်လွင်ရယ် အဲဒါတွေကို စိတ်ထဲကနေ နှုတ်ဆက်နေမိတယ်။

လေယာဉ်ဆီသွားဘို့  အပြင်ကိုရောက်တယ်ဆိုရင်ဘဲ ကျွန်မရဲ့ စိတ်ထဲမှာ ထင့်ကနဲဖြစ်သွားတာကြောင့် နောက်လှည့်ကြည့်မိတော့

အိုး………………..ဘုရားရေ ကိုသက်လွင် ။ကျွန်မက မလာတော့ဘူးထင်နေတာ။ ကျွန်မခြေစုံရပ်ပြီး သူ့ ကို ငေးကြည့်မိနေတယ်။ နောင်ဘယ်တော့များမှ ပြန်ဆုံတွေ့ မှာလဲ။ သူကလဲ ကျွန်မကို မျက်တောင် မခတ်တမ်း ကြည့်နေပါတယ်။ ကျွန်မသူ့ မျက်ဝန်းကိုကြည့်လိုက်တော့ သူ့ မျက်ဝန်းတွေက မျက်ရည်ကြောင့် ထင်ပါရဲ့  ။ စိုလက်နေပါတယ်။

ကျွန်မ ကိုသက်လွင်ကို ငေးနေတာ ဘယ်လောက်ကြာသွားလဲ မသိဘူး။ လေယာဉ်မယ်လေးမှ လာရောက်ခေါ်ယူတာကြောင့် ကျွန်မနောက်ဆုံးအကြိမ် ကြည့်ပြီးလက်ပြနှုတ်ဆက်ကာ လေယာဉ်ဆီကို ပြေးလာခဲ့မိတယ်။

လေယာဉ်ပေါ်ရောက်တော့ ကျွန်မ ကိုသက်လွင်ရှိမယ့် နေရာကို မှန်းပြီးကြည့်လိုက်တော့ ကိုသက်လွင်က ကျွန်မကို မမြင်ရပေမယ့် မြင်ရသူ အလား ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ပြီး ကြည့်နေတယ်။ မေကဘာမှမပြောဘဲ ကျွန်မခေါင်းကို လက်နဲ့  ပုတ်ပေးတယ်။ ကျွန်မတို့ စီးမယ့်လေယာဉ်ကြီး စတင်ထွက်ခွာနေပေမယ့် ကိုသက်လွင်ကတော့ နေရာကနေ မရွှေ့ ဘဲ ကျွန်မတို့ လေယာဉ်ကြီးကို ကြည့်နေတယ်။

ဒီလိုနဲ့ လေယာဉ်ကြီးက ဟိုးကောင်းကင်ဖြူဖြူကြီးဆီကို အရှိန်နဲ့ ထိုးတတ်သွားပြီ။ ကျွန်မချစ်တဲ့ဒီမြို့ လေးနဲ့  ကိုသက်လွင်ကလဲ ဟိုးအဝေးမှာ မှုန်ပြပြ။

အဲဒီနေ့ က

18:30 Posted by ကျောပိုးအိတ်

ပူပြင်းလှတဲ့ နွေရက်တစ်ရက်မှာ ကျွန်မ နယ်ပြောင်းဘို့  အမိန့် ကျလာပါတယ်။ ကျွန်မဒီအလုပ်ကို လုပ်လာခဲ့တာ အခုဆိုရင် ၅နှစ်ပြည့်တော့မယ်။ ၅နှစ်ဆိုတဲ့ သက်တမ်းတစ်လျှောက်မှာ ကြီးကြီးမားမား အမှားယွင်းလုံးဝမရှိအောင် အမြဲဂရုစိုက်ခဲ့တယ်။ လုပ်ငန်းခွင် အဆင့်အရတိုက်ရိုက်အုပ်ချုပ်တာကတော့ အင်္ဂလိပ်လူမျိုးဖြစ်ပြီး မြန်မာဘက်မှာ စီမံကိန်းဆရာဝန်က အကြီးဆုံးပါ။ စီမံကိန်း ဆရာဝန်ပြီးရင် ( Admin )ရာထူးရထားတဲ့ ကျွန်မက ဒုတိယအကြီးဆုံး တာဝန်ကို ယူထားရပါတယ်။

ရုံးမှာ အသက်အငယ်ဆုံးဖြစ်ပေမယ့် ရာထူးအရကြီးနေတာကြောင့် အားလုံးက နာမည်တောင် မခေါ်ဘဲ သမီးလေးလို့  ကျွန်မကို ခေါ်ကြပါတယ်။ ကျွန်မရဲ့ ဘ၀က တစ်နေ့ တစ်နေ့  ရိုးရှင်းစွာနဲ့ ဖြတ်သန်းလာခဲ့တာ အခုဒီဇင်ဘာဆို ၅နှစ်ပြည့်ပါပြီ။ ကျွန်မပတ်ပို့ စ်က ၅နှစ်သက်တမ်းရှိတာကြောင့် ဒီနှစ်ပြီးရင် ပတ်ပို့ စ် သက်တမ်း ထပ်မတိုးတော့ဘဲ ပြန်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့တာ။

ကျွန်မ ဒီဇင်ဘာအပြီးပြန်တော့မယ်လို့  စကားကြုံလို့ ပြောလိုက်တိုင်းမှာ ကျွန်မရုံးက လုပ်ဖော်ကိုင်ဖက်တွေ မျက်နှာ မကောင်းကြ ပါဘူး။ တချို့ တလေဆို ပြန်တော့မှာသာ ပြန်ပါသမီးရယ် .. မပြန်ခင်စပ်ကြားမှာတော့ ဒီဇင်ဘာအပြီး ပြန်မယ်ဆိုတဲ့ စကား ခဏခဏ မသုံးပါနဲ့ ဆိုပြီး ၀မ်းနည်းစွာဆိုတတ်ကြသေးတယ်။

ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်လာရင်း မထင်မှတ်တဲ့ ကြီးမားသော ကံမကောင်းမှု ကျွန်မဆီကို တိုက်ရိုက် ရောက်လာခဲ့တယ်။ မထင်မှတ်ဘဲ ရောက်လာတဲ့ ကံမကောင်းမှုကို ကျွန်မ အောင်မြင်စွာ မရှောင်တိမ်းနိုင်ခဲ့ဘူး။ အရာရာ လဲပြိုခဲ့တယ်။ အဆိုးဆုံးမှာ ကျွန်မပျော်ရွှင်ခဲ့တဲ့ ကျွန်မရဲ့  လုပ်ငန်းကို ထိခိုက်မှုက ပိုပြီးဆိုးရွားခဲ့ပါတယ်။

ဘယ်လောက်ထိတောင် ဆိုးရွားခဲ့လဲဆို ကျွန်မကို အလုပ်ထုတ်ပစ်မယ့် အခြေနေတောင် ရောက်ရှိလာခဲ့တယ်။ ဒါပေမယ့် အစစ အရာရာ လုပ်ငန်းကျွမ်းကျင်မှုကြောင့် မျက်နှာလွှဲပြီး စိတ်ချရတဲ့ ကျွန်မရဲ့  လုပ်ကိုင်မှုကို အသိမှတ်ပြုတာကြောင့် အလုပ်မထုတ်တော့ ဘဲ နယ်ပြောင်းဘို့  ကျွန်မကို ပြောလာပါတယ်။

နောက်တစ်နေ့  မနက်မှာတော့ ကျွန်မကို နယ်ပြောင်းရမယ်။ လောလောဆယ် လက်ရှိရာထူးအတွက် လစ်လပ်နေတာ (၃)နေရာ ရှိတယ်။ ကြိုက်တဲ့နေရာ ရွေးပါတဲ့။ အရာရှိပြောလာတဲ့ နယ်ကို ကျွန်မကြည့်လိုက်တော့ (၂)နေရာက အရမ်းကောင်းပါတယ်။ အဲဒိဆိုက်မှာ ရှိတဲ့ သူတွေအကုန်လုံးနဲ့ လဲ ကျွန်မသိတယ်။ နေမယ်ဆို နေလို့  ကောင်းတဲ့ နေရာလေးပါ။ အဲဒီနေရာတွေမှာ အလုပ်လုပ်ခဲ့တဲ့သူတွေကလဲ အခြားပိုမြင့်တဲ့နေရာမှာ အလုပ်ရလို့  ထွက်သွားတာ ကြောင့် နေရာလစ်လပ်နေခဲ့တာ။

နောက်တစ်နေရာကတော့ ပြောရမယ်ဆို တော်တော်လေး မကောင်းပါဘူး။ ကျွန်မတို့ ရုံးချုပ်ကတောင် လက်မြောက် ထားရတဲ့ နေရာလေးပါ။ သူတို့ ဘယ်လိုဆိုးလဲမသိပေမယ့် ဘယ်အရာရှိမှ ကြာကြာမနေရဘဲ ထွက်သွားရတဲ့ နေရာဆိုးလေးပါ။

ကျွန်မက အရာရှိကို အဲဒီနေရာ ငါသွားမယ်လို့  အဖြေပေးလိုက်တဲ့အချိန်မှာ အားလုံးက ကျွန်မရူးသွားပြီလို့  သတ်မှတ် ခဲ့တယ်။ ဘယ်သူမှမသွားချင်တဲ့ ဆိုးရွားတဲ့ ၀န်ထမ်းတွေ နေတဲ့နေရာကို ဘာလို့  ကျွန်မရွေးခြယ်ခဲ့တာလဲတဲ့။ ဟင့်အင်း အဲဒိအတွက် ကျွန်မမှာ အဖြေမရှိဘူး။

ဒီလိုနဲ့ ကျွန်မ ဆိုးလွန်းတယ်လို့  နာမည်ကြီးလှတဲ့ ဒီနေရာလေးကို ရောက်လာခဲ့ပါပြီ။ လေဆိပ်မှာ ကျွန်မကို ဘယ်သူမှ လာမကြို ကြပါဘူး။ လေဆိပ်ထဲမှာ ယောင်လည်လည်နဲ့  ကျွန်မလိုက်ကြည့်နေမိပါတယ်။ နောက်တော့ လုံးဝ လာမကြိုတာ သေချာနေတာ ကြောင့် ကျွန်မ ရုံးကို ဖုန်းဆက်ပြီး ရောက်နေကြောင်း အကြောင်းကြားလိုက်ပါတယ်။ တစ်ဘက်က ပြန်ဖြေတဲ့ အဖြေဟာ ကျွန်မအတွက် ပူလွန်းလှပါတယ်။

နာရီဝက်လောက် စောင့်ပြီးတော့ ၀န်ထမ်းတစ်ယောက် ဆိုင်ကယ်နဲ့ ရောက်လာတယ်။ ဆရာမ အခန်း စီစဉ်ပေးထား တယ်။ ကျွန်တော့် နောက်က တတ်တဲ့။အဲဒီဝန်ထမ်းစကားပြောလိုက်တော့ စူးရှစွာနဲ့  ကျွန်မနှာခေါင်းထဲ အနံ့  တစ်ခုက အပြေးအလွှား ရောက်လာ တယ်။ ဘုရားရေ ဒါအရက်နံ့ ။ အလုပ်ချိန်မှာ အရက်သောက်နေတာလား။ ကျွန်မ မဝေခွဲနိုင်တော့ဘူး။

နောက်တော့ ကျွန်မအတွက် ငှားပေးထားတဲ့ အခန်းလေးထဲမှာ ပစ္စည်းတွေကို အစီစဉ်တကျ ထားပြီး ကျွန်မအနားယူ ခဲ့တယ်။ နောက်နေ့ မနက်ရုံးတတ်တော့ လှိုက်လှဲမှုကင်းစွာနဲ့  တာဝန်ကျေ လာနှုတ်ဆက်ကြတယ်။ နေပါစေလေ ၀မ်းမနည်းတော့ပါဘူး။ ဒီလမ်းကို ကျွန်မကိုယ်တိုင် ရွေးခြယ်ပြီး လျှောက်လှမ်းခဲ့တာဘဲ။

ပြုတင်းပေါက်နဲ့ မျက်နှာခြင်းဆိုင် ရှိနေတဲ့ ကျွန်မစားပွဲရှေ့ က လိုက်ကာအကြီးကြီးကို ဖယ်ကြည့်လိုက်မယ်ဆို ကျွန်မ သိပ်ချစ်တဲ့ တောင်တန်းကြီးတွေကို တန်းပြီး မြင်ရတယ်။ ဘယ်လောက်ဘဲ မောနေပါစေ တောင်တန်းကြီးတွေကို မြင်လိုက်ရရင် အလိုလိုကို စိတ်ထဲပျော်သွားတာ။ ကျွန်မက အဲ့ဒီလောက်ထိ တောင်တန်းတွေ အပေါ်ကို ရူးသွပ်ခဲ့တာ။

အဲဒီနေ့ က ကျွန်မလိုက်ကာ အကြီးကြီးကို ဖယ်ကြည့်လိုက်တော့ တောင်တန်းတွေ မှိုင်းနေတယ်။ သြော် မိုးရွာတော့မယ် ထင်ပါရဲ့ ။ အဲဒီလိုတွေးပြီး ကျွန်မလုပ်စရာရှိတာတွေ ဆက်လုပ်နေမိတယ်။ နောက်တော့ ၀ုန်းဝုန်းခွမ်းခွမ်း ဆိုပြီး အသံတွေကြားလိုက်ရတယ်။ ကျွန်မရှေ့ မှာရှိနေတဲ့ လိုက်ကာကြီးကြီးနဲ့ ဖုန်းထားတဲ့ ပြုတင်းမှန်တွေက ကွဲပြီး အထဲကို ဖန်ကွဲစတွေ ၀င်လာတယ်။ ကျွန်မလေ ရုတ်တရက် ကြောင်သွားတယ်။

နောက်တော့ ရုံးက၀န်ထမ်းတစ်ယောက်က ဆရာမ လို့ ခေါ်ပြီ ဆွဲချလိုက်တာနဲ့  ကျွန်မလဲကျသွားတယ်။ မီးတွေ ရုတ်တရက် ပျက်သွား တယ်။ လောကကြီး လတ်တလော မှောင်မဲသွားတယ်။ ကားတွေ ဟွန်းတီးသံတွေက လိုအပ်တာထက် ပိုပြီးကျယ်နေတယ်။ လူတွေ အော်သံကြားရတယ်။ သစ်ကိုင်းတွေ လဲကျသံကြားတယ်။ပြုတင်းပေါက် မှန်တွေကနေ တဆင့် မိုးရေစက်တွေက အတားဆီးမဲ့ ၀င်ရောက်လာတယ်။

ရုံးထဲမှာလဲ ဆူညံပွက်လောရိုက်နေတယ်။ အားလုံးနာရီဝက်နီးနီးတော့ ရှိလောက်မယ်။ နောက်တော့မှသိရတာက လေဆင်နှာမောင်း တိုက်တာတဲ့။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဘူးတဲ့ လေဆင်နှာမောင်းပါ။ အခြေနေကောင်းလာပြီဆိုတော့ ကျွန်မတို့ ရုံးမှာ ပျက်စီးခဲ့တာတွေ ရှင်းလင်းကြတယ်။ မထူးဆန်းပေမယ့် အံ့သြစွာ ရုံးကလူတွေရဲ့ စိတ်ကို အနီးကပ် ကျွန်မတွေ့ လိုက်ရတယ်။

အပျက်စီးတွေကို သူမလုပ်ချင် ငါမလုပ်ချင်နဲ့ ယောကျာင်္းလေးတွေကလဲ မိန်းကလေးတွေနဲ့ အပြိုင် တွက်ကပ်နေကြတယ်။ ဒီတော့ ကျွန်မက ဦးဆောင်ပြီး တံမြတ်စည်းကိုင်လိုက်တယ်။ အမှိုက်တွေ ရှင်းတယ်။ လက်မှာ ဖန်ကွဲတွေစူးပြီးသွေးထွက်တဲ့အထိ လုပ်ပြ တော့မှ ကျန်တဲ့သူတွေက ယောင်လည်လည်နဲ့ လာပြီး ရုံး
သန့် ရှင်းရေး လုပ်ကြတယ်။

အဲဒီအချိန်မှာ ရုတ်တရက် ကျွန်မ သတိရလိုက်တာကတော့ ကျွန်မရဲ့  ကွန်ပျူတာ။ တရုတ်ကပ်မှန်တံခါးတွေကို ညတုန်းက ဖွင့်ထား မိတာ ချက်ချင်း သတိရလိုက်တယ်။ ကျွန်မလဲချက်ချင်း ရုံးကကားနဲ့ ကျွန်မနေထိုင်ရာ အခန်းဆီကို ရောက်လာပါတယ်။ အဝေးကနေ ကြည့်လိုက်ရုံနဲ့ သိသာတာက ကျွန်မငှားထားတဲ့ အခန်းရဲ့  အိမ်ခေါင်မိုးပါ။ ခေါင်မိုးတွေမရှိတော့ဘူး။ အုတ်ကျွတ်တော်တော်များများက လန်ပြီး ကျကွဲနေတယ်။

ကျွန်မ အခန်းတံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်တော့ ထင်တဲ့အတိုင်းဘဲ ကွန်ပျူတာဘေးနားမှာ ရေတွေ အများကြီးဘဲ။ ကွန်ပျူတာကို ဆွဲမလိုက်တော့ ရေတွေက တောက်တောက်နဲ့  ကျနေတယ်။

ကျွန်မလက်တော့လေးတော့ ရေမွန်းရုံမကလို့  ရေတောင်နစ်နေရောပါလား။ ဖွင့်လဲမဖွင့်ရဲဘူး။ ရှော့ဖြစ်မှာ ကြောက်တယ်။ နောက်တော့ ကြမ်းမှာစိုနေတဲ့ မိုးရေတွေကို ကျွန်မ အ၀တ်နဲ့ လိုက်သုတ်ခဲ့တယ်။ အခန်းပတ်လည်က တရုတ်ကတ်မှန်တွေ လိုက် ပိတ်ပြီး နောက်ဆုံး အိပ်ခန်းထဲရောက်လာတယ်။ မွေ့ ယာပေါ်ကျွန်မခြေထောက် တတ်နင်းလိုက်ရုံဘဲရှိသေးတယ် မိုးရေတွေကမွေ့ ယာ ထဲကနေအတားစီးမဲ့ ထွက်လာတယ်။

ကျွန်မလေ အရမ်းငိုချင်သွားတယ်။ မွေ့ ယာတွေလဲ အကုန်စိုနေတယ်။ မီးကလဲ မလာဘူး။အဲဒါတွေကိုကြည့်ပြီး ၀မ်းနည်းလွန်းလို့  ကျွန်မ အော်ငိုခဲ့တယ်။ ကံမကောင်းမှုက ဘာလို့ များ နောက်ကနေ လိုက်နေရတာလဲဟင်။ မိုးရေတောထဲမှာ ကျွန်မတန်ဘိုးထား ရတဲ့ လက်တော့လေးကို ရင်ခွင်ပိုက်ပြီး တစ်ညလုံး ကျွန်မ ငုတ်တုတ်ထိုင်ခဲ့ ရတယ်။

ဒီလိုကျွန်မတစ်ယောက်ထဲ ၀မ်းနည်းနေချိန်မှာ ကျွန်မကို အားပေးမယ် အဖော် ကျွန်မနားမှာ မရှိဘူး။ မျက်ရည်တွေက အတားဆီးမယ့် ကျလာတယ်။ မတ်တတ်ရပ်လိုက်တယ်။ ဒါပေမယ့် ပြိုလဲသွားတယ်။ ထပ်ရပ်ဘို့  ကြိုးစားကြည့်တယ်။ ခုချိန်ထိတော့ အလဲလဲအပြိုပြို ဘဲ။ ကျွန်မအားယူရဦးမယ်။

ကျောပိုးအိတ် ပြန်လာပြီ

16:45 Posted by ကျောပိုးအိတ်





ကျောပိုးအိတ်လေး ပြန်လာပါပြီရှင်။ မြန်မာပြည်မှနေရတဲ့ရက်တွေက အရမ်းကို ပျော်စရာကောင်းပါတယ်။ စားလိုက်ရတဲ့ မြန်မာအစားစားတွေက ခုဆို တော်တော်လေး ပြန်ဝနေပါပြီ။

မြန်မာပြည်မှာ အင်တာနက်တတ်ရတာ အရမ်းစိတ်ညစ်ဘို့ ကောင်းပါတယ်။ ခုတော့ အလွန်လျှင်မြန်တဲ့နှုန်းနဲ့  အားလုံးကို လိုက်နှုတ်ဆက်နေပါပြီ။

အားလုံးဘဲ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့  ကျောပိုးအိတ်မှ ဆုတောင်းပေးပါတယ်။

ပြန်သွားပြီ

14:05 Posted by ကျောပိုးအိတ်

မြန်မာပြည်ကြီးကို ချောမောစွာနဲ့ ပြန်လည် ရောက်ရှိသွားခဲ့ပါပြီ။

အိမ်ပြန်လမ်းတလျှောက် အရာရာဟာ ပိုနွမ်းနေသလိုဘဲ။လူတွေပိုရှုပ်နေတယ်။ စည်းကမ်းတွေပိုမဲ့လာ သလားမသိတော့ပါဘူး။

အိမ်ပြန်ရောက်တော့ ရင်ထဲမှာ နွေးထွေးလို့ နေပါတယ်။ မိသားစုထမင်းလက်ဆုံ စားရတယ်(တစ်ယောက်ထဲ ထမင်းအေး ဟင်းအေး စားနေရတာလေ ဒီမှာက) ။သူငယ်ချင်းတွေ လာတွေ့ တယ်။ အမျိုးတွေ လာတယ် (တကယ်တော့ ဘာပါလာလဲ လာချောင်းတာပါ)။

အိမ်ခြံထဲကို ကားဝင်လိုက်တယ်ဆိုရင်ဘဲ အရင်ဆုံးသတိထားမိတာ မုန့် ဟင်းခါးအနံ့ ပါ။ အရမ်းကို မွှေးကြိုင် နေတယ်။ ဒီတော့ အစားငမ်းတဲ့ ကျောပိုးအိတ်တစ်ယောက် ဘာပစ္စည်းမှတောင် မချနိုင်ဘဲ မီးဖိုချောင်ထဲ တန်းဝင်သွားတယ်။ စစချင်းစားမယ်ဆိုတော့ မေမေက ရေအရင်သောက်တဲ့။ လက်ဆေးပြီးမှစားတဲ့။ မေမေပြောတဲ့စကားထဲမှာ လက်ဆေးတာဘဲ လုပ်မိတယ်။ ရေသောက်လိုက်ရင် မုန့် ဟင်းခါး ဘယ်စားနိုင်ပါတော့်မလဲနော်။

စားရတာ အရမ်းကိုကောင်းပါတယ်။ ကျောပိုးအိတ်ရဲ့ အမက ဟင်းချက်သိပ်တော်တယ်။ ကျောပိုးအိတ်အကြိုက် ညှပ်ခေါက်ဆွဲရယ်၊ ပဲသွေး(အချို့ ကဘဲသွေးလို့ ခေါ်တယ်) နံနံပင်၊ သံပုရာသီး၊ငရုတ်သီးမှုန့် ၊အီကြာကွေးနဲ့ စား လိုက်တာ ဟောတစ်ပန်းကန် ဟောတစ်ပန်းကန်ပါဘဲ။ မေမေကဘေးနားကကြည့်ပြီး အီသီယိုးပီးယားက ပြန်လာတာ ကြနေတာဘဲတဲ့။

စားပြီးတော့မှဘဲ ကျန်တဲ့လုပ်စရာတွေ ဆက်လုပ်ရတော့တယ်။ ဗိုက်ကလဲတင်းပြီဆိုတော့ အလုပ်က ပြန်လုပ်နိုင်ပြီလေ။ ရေမိုးချိုးပြီး သူငယ်ချင်းအပေါင်းများအား ပြန်ရောက်နေကြောင်း သတင်းပို့ ပြီး အိပ်လိုက်တာ ည ၇း၀၀နာရီမှ နိုးတယ်။ နိုးတာကလဲ နှိုးလို့ မဟုတ်ဘူးနော်။ ဟင်းနံ့ ရလို့ ။ မုန်လာဥချဉ်ဟင်းနံ့ က အိပ်နေတဲ့ ကျောပိုးအိတ်ရဲ့ နှာခေါင်းထဲ တန်းမတ်စွာ ၀င်လာပါလေရော။

ဒီတော့လဲ မထချင် ထချင်နဲ့  ထပြီး သမိုင်းပေးတာဝန်အရ စားလိုက်ရရော။ မုန်လာဥချဉ်ဟင်းရယ်၊ ငါးပိရည်ရယ်၊ တို့ စရာ တွေရယ်၊ ၀က်သားဟင်းရယ်နဲ့ စားလိုက်တာ မေမေလာထူမှဘဲ ထမင်းဝိုင်းက ထနိုင်တော့တယ်။

ဒီနေ့ မနက်တော့ ၀က်သားတုတ်ထိုးလုပ်စားကြတယ်။ သူငယ်ချင်းတွေလဲ လာအားပေးတာ ပျော်စရာကြီး။ လုစားရတာ ပိုပျော်စရာကောင်းတယ်။ ပြီးတော့ ဘာပါလဲ ညာပါလဲနဲ့  တစ်အိမ်လုံးကို ပွဲစာကျဲနေတာဘဲ။
၁၀ရက်နေ့ မှာ ကျိုက်ထီးရိုး သွားမယ်လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတယ်။ ကျွန်မတို့ သူငယ်ချင်းတွေက
ဘာဖြစ်လို့ လဲမသိဘူး။ဘယ်နေရာသွားသွား သွားလို့ ရတယ်။ ကျိုက်ထီးရိုးသွားမယ်ဆို အမြဲပျက်တယ်။ ဒီတစ်ခါတော့ ဘယ်လိုဘဲဖြစ်ဖြစ်သွားမယ်လို့  အကုန်လုံးက လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်ထားတယ်။

၁၃ရက်နေ့ မှာ မိသားစုနဲ့  မြန်မာပြည်အထက်ပိုင်း ခြေဆန့် ပါမယ်။ ၂၃ရက်နေ့ မှာတော့ မဟာစည် သာသနာ့ ရိပ်သာမှာ တရားစခန်းဝင်ပါမယ်။ အကယ်လို့ များ ဆွမ်းလှူချင်တယ်ဆို လာလှူနော်။နှစ်သစ် ၂၀၁၀ ရက်နေ့ မှ တရားစခန်းက ထွက်မယ်။ နယူးရီးယားကို မဟာစည်ကနေပြီး ကြိုလိုက်တော့မယ်နော်။

ခုကတည်းက ဘုရားတရားလုပ်ထားမှ။မဟုတ်ရင် ၂၀၁၂ ကမ္ဘာပျက်မယ်ဆို ကျောပိုးအိတ်မှာ ဘာတရားမှမရှိဘဲ သေသွားမှာ ကြောက်တယ်လေ။ ကျန်တဲ့သူတွေက နတ်ပြည်မှာ ကျောပိုးအိတ်က ငရဲပြည်မှာဆို ပျင်းစရာကြီး။ ဒီတော့ နတ်ပြည်တတ်လဲ တူတူပေါ့နော်။

ခုမြန်မာပြည်မှာ အင်တာနက်သုံးတာလေ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်။ ကျော်ရခွရတာနဲ့  ဘန်းရတာနဲ့  ဘာတွေမှန်းလဲမသိဘူး။ နောက်ပြီး အင်တာနက်သုံးနေတုန်း ဆိုက်ဘာကလူတွေက အနောက်ကနေ ကောင်တာချက်သဘော
နဲ့  လိုက်နေတာ အရမ်းစိတ်တိုတာဘဲ။ ဗိုလ်အောင်ကျော်လမ်းက ဆိုက်ဘာဆို မှတ်ပုံတင်ပေးထားရတယ်။ ပြန်ထွက်မှ ယူရတာ။ ဂျီမေးလ်တစ်စောင်ထွက်ဘို့  စောင့်ရတာ ကြာလိုက်တာ။

ခုပို့ စ်တောင်မှ သူငယ်ချင်းဆီမေးလ်ပို့ ပြီး တင်ပေးပါဆိုပြီး တင်ခိုင်းရတာ။
း)

အားလုံးဘဲ မယ်ရီ ခရစ္စမတ်နဲ့  ဟတ်ပီးနယူးရီးယားပါနော်။

ငှက်ကလေးနဲ့ စကားပြောခြင်း

06:38 Posted by ကျောပိုးအိတ်

တစ်နေ့ မှာပေါ့ ကျွန်မ ပန်းခြံထဲမှာ ထိုင်နေတုန်း ကျွန်မနားကို ငှက်ကလေးတစ်ကောင်လာနားတယ်။ ဆွတ်ဆွတ်ဖြူနေတဲ့ ငှက်ကလေးက ကျွန်မကို မော့ကြည့်လိုက် အစာစားလိုက်နဲ့ အလုပ်ရှုပ်နေတယ်။ ကျွန်မလဲ ဘာရယ်မဟုတ် ငှက်ကလေးအစာစားတာ ကြည့်နေမိတယ်။ ငှက်ကလေးက အစာဝလို့ လားမသိဘူး။ ကျွန်မကို စကားလာပြောတယ်။

မိန်းကလေးငယ် …… တို့ စကားပြောလို့ ရမလားတဲ့။
ငှက်ကလေးက ဒီလိုကမ်းလှမ်းလာတော့

ကျွန်မကလဲ ပြုံးရွှင်စွာနဲ့ ရပါတယ် ငှက်ကလေးရယ်……….. တို့ လဲပျင်းနေတာနဲ့ ။ ခုတော့ အဖော်ရပြီပေါ့လို့  ကျွန်မက ပြန်ပြောချိန်မှာ ငှက်ကလေးက ကျွန်မရဲ့  လက်ပေါ်မှာ လာနားတယ်။

ငှက်ကလေးက မေးခွန်း (၃)ခု မေးချင်တယ်။ မင်းဖြေနိုင်မလားတဲ့။ ကျွန်မကလဲ ဖြေနိုင်တဲ့ မေးခွန်းသာဆို ကြိုးစားဖြေပါ့မယ်လို့ ပြန်ပြောခဲ့တယ်။

ပထမဆုံးမေးခွန်းကို ငှက်ကလေးက မေးတယ်။
မိန်းကလေးငယ် မင်းမှာ ချစ်သူတွေအများကြီးရှိလားတဲ့။

ကျွန်မကသေချာပြန်ဖြေလိုက်တယ်။
ကျွန်မမှာ ချစ်သူအများကြီးမရှိပါဘူး။
ဒါပေမယ့် ရှိတဲ့တစ်ယောက်ကိုတော့ အများကြီးချစ်တယ်လို့ ။

ဒုတိယမေးခွန်းအနေနဲ့  ငှက်ကလေးက
တကယ်လို့ မင်းချစ်သူ မင်းကို မချစ်တော့ဘူးဆို ဘာလုပ်မလဲတဲ့။

ကျွန်မကပြုံးပြီးပြန်ဖြေခဲ့တယ်။
သူ မချစ်တော့ပေမယ့် ကျွန်မသူ့ ကိုချစ်တာ သူသိသွားရင်ကျေနပ်ပါတယ်လို့ ။

နောက်ဆုံးမေးခွန်းအနေနဲ့  ငှက်ကလေးက
တကယ်လို့ မင်းချစ်သူက မင်းကို လက်ထပ်ပါရစေလို့ ပြောလာရင် မင်းဘာလုပ်မလဲတဲ့။

ကျွန်မကလဲ ပြုံးပြီးပြန်ဖြေခဲ့တယ်။
သူ့ ကိုစချစ်ကတည်းက လက်ထပ်ဘို့ အထိရည်ရွယ်ပြီးချစ်လာခဲ့တော့ သူသာအဲဒိလို ကမ်းလှမ်းခဲ့မယ်ဆို အရမ်းကို ပျော်မိမှာပါ။ သူ ကျွန်မနဲ့ အိမ်ထောင်ပြုလိုက်ရလို့  ဘယ်တော့မှ နောင်တမရအောင် တစ်ဘ၀လုံး ပေးဆပ်ပြီးချစ်သွားမှာ။ သူ မကျန်းမာသည်ဖြစ်စေ၊ သူကျန်းမာသည်ဖြစ်စေ တစ်သက်လုံးအေးတူပူအမျှ နေသွားပေါ့လို့  ရိုးသားစွာနဲ့  ပြန်ဖြေခဲ့တယ်။

;P

အိမ်ကိုလွမ်းနေသူ

17:16 Posted by ကျောပိုးအိတ်

ညက တိတ်ဆိတ်လွန်းလှတယ်။ ကောင်းကင်မှာလဲ ကြယ်တွေက ညီလာခံသဘင် ကျင်းပနေသလို စုံညီ စွာနဲ့  လမင်းကြီးကို ဦးခိုက်နေကြတယ်။ ဟိုးအဝေးက အိမ်စုလေးမှာလဲ မိသားစုတွေစုံစုံညီညီနဲ့  ညစာထမင်းလက်စုံ စားနေကြတယ်။ ဘေးအိမ် ကတော့ ပျော်ရွှင်စွာနဲ့  တီဗွီကြည့်နေကြတယ်။

ခပ်လှမ်းလှမ်းက အုတ်ခုံလေးပေါ်မှာ ကောင်လေး တစ်ယောက် က သူ့ ချစ်သူ လို့ ထင်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့  ဖုန်းပြောနေတယ်။ ခပ်လှမ်းလှမ်း ပန်းခြံထဲ က ပန်းရနံ့ တွေက လေနဲ့ အတူ ဆော့ကစားပြီး ကလူ၏သို့ မြူ၏သို့ လုပ်နေ ကြတယ်။ တစ်ခါတစ်ခါ ဘယ်ကနေ တီးနေမှန်းမသိတဲ့ ဂစ်တာသံချိုချိုလေးကလဲ လေနဲ့ အတူပါပါလာတယ်။ မြို့ လေးကို ပတ်လည်ဝန်းရံ နေတဲ့ တောင်တန်းကြီးတွေကတော့ အိပ်မောကျနေလောက်ပြီ။

တဖြည်းဖြည်းနဲ့  ညက အေးစက်လာတယ်။ ထိုင်နေရာကနေ ဖြည်းညှင်းစွာ ကျွန်မထလိုက်တယ်။ အိမ်ခန်းထဲ ရောက်တော့ ညအတွက်ပေးထားတဲ့ဆေးကို မသောက်ချင်သောက်ချင်နဲ့  ယူသောက်လိုက်မိတယ်။ ဆေးက ရုတ်တရက်မျိုမရဘူး။ ပါးစပ်ထဲ မှာဘဲ ရေတွေနဲ့ လုံးထွေးနေတယ်။ ခါးသက်သက်အရသာက ပါးစပ်တစ်ခုလုံး ပြည့်လာတယ်။ ဘယ်လိုမှထိန်းမရတာနဲ့ ဝေါက နည်း အန်မိတယ်။ အိပ်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ရေတွေက ဟိုတစ်ကွက် ဒီတစ်စက်နဲ့ ။

ဒီလိုနေထိုင်မကောင်းရင် အိမ်ကို သိပ်သတိရတာဘဲ။ မေမေသာအနားရှိရင် အရမ်းကောင်းမှာဘဲ။ ကျွန်မနေထိုင် မကောင်းရင် မေမေတစ်ယောက်အရမ်းပင်ပန်းတယ်။ ကျွန်မက အဖျားကြီးပြီး ခဏခဏ ဂယောင်ကတမ်းတွေ
ပြောတတ်လို့ မေမေကဘယ်တော့မှ စိတ်မချဘူး။

ငယ်ငယ်တုန်းက တစ်ခါ အကြီးအကျယ်ဖျားဘူးတယ်။ အဖျားက တော်တော်နဲ့ မကျဘူး။ အမြဲလိုလို ၁၀၃ ကနေ မကျချင်ဘူး။ ဖြစ်ချင်တော့ ကျွန်မတို့ ကလဲ နယ်မြို့ လေးမှာ ရောက်နေတော့ ပိုဆိုးတယ်။ နောက်တော့ ဖေဖေက ဘယ်လိုမှ မဖြစ်တော့ ဘူးဆိုပြီး လေယာဉ်လက်မှတ်အမြန်စီစဉ်ပေးပြီး မေမေနဲ့ ကျွန်မကို ရန်ကုန် အတင်းပြန် လွှတ်ခဲ့တယ်။ လေယာဉ်က မနက် ၁၀နာရီ ကွင်းချိန်းဆိုတော့ မနက်စာကို ၉နာရီလောက်မှာ စားကြတယ်။ စားကြတယ်ဆိုတာကလဲ ဖေဖေရယ် မေမေရယ် ၂ယောက်ထဲပါ။ ကျွန်မကတော့ အနွေးထည်လေးဝတ်ပြီး ထမင်းဝိုင်းနားမှာ မယောင်မလည်နဲ့ ပေါ့။

ကျွန်မကို မေမေက ထမင်းစားနေရာကနေ မော့ကြည့်ပြီး သမီးလေးအတွက်ဆန်ပြုတ်ပြုတ်ထားတယ်။ သောက်လိုက်နော်တဲ့။ ကျွန်မကလဲ ဆန်ပြုတ်သောက်ရတာ တော်တော်ငြီးငွေ့ နေပြီ။ သမီးကိုလေ မေမေ့ ပန်းကန်ထဲက ထမင်းလေးနည်းနည်း ကျွေးပါလားဆိုတော့ မေမေကမျက်ရည်တွေဝဲပြီးသမီးရယ် မကျွေးချင်လို့ မှ မဟုတ်တာ။ ဆရာဝန်က အဖတ်မစားရသေးဘူးဆိုလို့ မကျွေးသေးတာတဲ့။ ကျွန်မလဲ ဘာမှပြန်မပြောတော့ဘဲ ထမင်းဝိုင်းလေးနားကနေ ထလာခဲ့မိတယ်။

ကျွန်မဖျားပြီဆို ထုံးစံအတိုင်း မေမေကဆေးခွက်လေးကိုင်ပြီး ဆေးသောက်ဘို့ လာနှိုးတယ်။ ဆေးတွေက ဘယ် လောက်ခါးခါး မေမေတိုက်ရင် အကုန်သောက်တယ်။ ပြီးတော့ဆေးသောက်ခါနီး မေမေက အမြဲ ဆေးတွေကို နာဖူးပေါ်တင်ပြီး ဘုရားဆေး၊ တရားဆေး၊သံဃာံဆေး မေ့သမီးလေးနေကောင်းလာမယ့်ဆေး ဆိုပြီး အဲလိုပြော ပြီးမှ တိုက်တာ။ ပြီးတော့ ကျွန်မနာဖူးလေး တွေစမ်းပြီး နွေးနွေးလေး နမ်းမယ်။ ပြီးရင် ကျွန်မဘေးမှာ လာလှဲပြီး ကျွန်မနဲ့  ရောက်တတ်ရာရာတွေပြောမယ်။ ကျွန်မကို ပုံပြင်ဆန်တာတွေ ပြောပြမယ်။ ကျွန်မပြန်အိပ်ပျော်သွားပြီ ဆိုမှ ကျန်တဲ့အိမ်အလုပ်တွေလုပ်တယ်။ အိမ်အလုပ်တွေလုပ်နေရင်းနဲ့  မကြာခဏ ကိုယ်ပူလာစမ်းမယ်။ ချွေးတွေထွက်နေရင် အင်္ကျီလာလဲပေးမယ်။

ကျွန်မကိုယ်ကျွန်မ ပြန်စဉ်းစားတယ်။ ငယ်ငယ်တုန်းကတော့ မကြာမကြာဖျားတယ်။ အသက်ကြီးလာတော့ ခဏခဏဖျားလာတယ်။ အသက်လမ်းကြောင်းကလဲတိုတိုလေး။ ဆေးတွေကိုလဲ အရမ်းမုန်းပါတယ်။ ခုဖျားနေတာလဲ အိမ်ကိုမပြောရဲဘူး။ မေမေက အရမ်းစိတ်ပူတတ်တာ။ ဖုန်းဆက်တိုင်းမေးတာက မေ့သမီးလေး နေကောင်းလားတဲ့။ ဒါဘဲမေးတတ်တယ်။

ခုတော့ အိမ်ကိုလွမ်းရင်း ဆေးခါးခါးတွေ သောက်ပြီး ပြန်အိပ်လိုက်ဦးမယ်။

;(

ကျီးမနိုးပွဲ

21:48 Posted by ကျောပိုးအိတ်

မနေ့ က တန်ဆောင်မုန်းလပြည့်နေ့ ။ မြန်မာပြည်မှာဆိုရင်တော့ ဆေးပေါင်းခတဲ့ညပေါ့။ ပြီးတော့ ကျီးမနိုးပွဲ (သူခိုးကြီးပွဲ)ကို နှစ်စဉ် ရိုးရာမပျက် ဆင်နွဲကြမှာပါ။

ဒီကိုရောက်နေတဲ့ မြန်မာတွေတော့ ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ ကျီးမနိုးပွဲမလုပ်ကြပါဘူး။ မယ်ဇလီဖူးသုတ် တော့ သုတ်စားကြတယ်။

ဟိုးလွန်ခဲ့တဲ့နှစ်တွေက ကျွန်မတို့ ကျီးမနိုးပွဲလုပ်တာလေးကို ပြန်သတိ အောက်မေ့မိပါတယ်။ ကျွန်မတို့ လမ်းထိပ် မှာ အရမ်းကြီးတဲ့ ခရေပင်ကြီးတစ်ပင်ရှိတယ်။ အဲဒိခရေပင်ကြီးက ၁၂ရာသီလုံးနီးပါး အမြဲခရေပန်းတွေ ပွင့် တတ် တယ်။ အပင်အောက်ကို ဖြတ်တိုင်း ခရေပန်းရဲ့ မွှေးရနံ့ နဲ့ အတူ ရင်ထဲမှာလဲ အမြဲအေးမြခဲ့တယ်။ လေအဝှေ့ မှာ ကြွေကြလာတဲ့ ခရေပန်းပွင့်လေးတွေကို ပြေးပြေးကောက်ပြီး လက်ကိုင်ပုဝါထဲထည့်ပြီးမွှေးရတာ အရမ်းကြည်နူးဖို့ ကောင်းတယ်။

ငယ်ငယ်တုန်းကဆို ခရေပန်းသွားကောက်တယ်။ ကျွန်မလိုအရွယ်လေးတွေ လာကောက်ကြတာ အများကြီးဘဲ။ ခရေပန်းကောက်ပြီးပြန်လာတိုင်းလဲ အမြဲအရိုက်ခံရတယ်။ ဘာလို့ လဲဆိုတော့ အဲဒိခရေပင်ကြီးက ကားလမ်း ဘေးမှာဆိုတော့ ကားတွေဘာတွေတိုက်မှာ အိမ်ကစိုးရိမ်ပြီး နောက်မကောက်ဘို့ ဆူတယ်။ မရတော့ အရိုက်ခံ ရတာပေါ့။

ခရေပင်ကြီးက နေ့ ဆို အရိပ်ပေးတယ်။ ညဆို လူစည်အောင် လုပ်ပေးတယ်။ အဲဒိခရေပင်ကြီး အောက်မှာ နွေရာသီညဆိုလူအရမ်းစည်ပါတယ်။ အေးအေးလူလူ လေညှင်းခံထွက်ပြီးစကားပြောတဲ့သူတွေလဲ အများကြီးဘဲ။ နောက်တော့ ဈေးကွက်စီးပွားရေးအနေနဲ့  ၀က်သားဒုတ်ထိုးဆိုင်၊ အကြော်ဆိုင်၊လက်ဘက်သုတ်ဆိုင်၊ ကြံရည်ဆိုင် လေးတွေ နောက်ပိုင်းမှာ တိုးလာတယ်။

နောက်သိပ်မကြာဘူး အပင်အောက်တည့်တည့်မှာ တဲသေးသေးလေးနဲ့ ကွမ်းယာဆိုင် ပေါ်လာတယ်။ ကွမ်းယာ ဆိုင်က ရောင်းတာ ကုလား။ အသားကလဲ မဲလိုက်တာ မှောင်နေတာဘဲ။အင်းပေါ့လေ ဘယ်ကုလားကရောဖြူလို့  လဲ။ အဲတဲသေးသေးလေး(တဲဆိုပေမယ့် ကွမ်းယာပစ္စည်းတွေနဲ့ တင်ပြည့်နေတာ) ရောက်လာမှဘဲ ကျွန်မတို့ ရဲ့  ခရေပင်ကြီးအောက်က မလှတော့ဘူး။ ကွမ်းတံထွေးတွေနဲ့ ညစ်ပတ်လာတယ်။ ကွမ်းယာရောင်းတဲ့ကုလားက ညဆို အဲဒိ သေးသေးကွေးကွေးကွမ်းယာတဲလေးထဲမှာ အိပ်တတ်တယ်။

ခရေပန်းဖြူဖြူလေးတွေက ကွမ်းတံတွေးတွေနဲ့ ရောလို့ ။ နောက်တော့ ကျွန်မတော်တော်ကြည့်မရဖြစ်လာတယ်။ ဘယ်လိုပထုတ်ရမလဲ အမြဲစဉ်စားတယ်။ အဲလိုညစ်ကျယ်ကျယ်ညဏ်ဆို ကျွန်မက သိပ်ထွက်တာ။

ဒီလိုနဲ့  တန်ဆောင်မုန်းလပြည့်နေ့ ကို ရောက်ရှိလာပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ ဆို ကျွန်မတို့  ရပ်ကွက် မှာ ဆွမ်းကြီးလောင်းပွဲ အမြဲလုပ်တယ်။ ညဘက်ဆို အရမ်းစည်တာဘဲ။ စည်တော်အကတွေ၊ အခြောက် တွေ (မိုးကြိုးငှက်ငယ်လေးများအဖွဲ့ )၊အလှပြကားတွေ၊နာမည်ကြီးအဆိုတော်တွေပါတဲ့ စတိတ်ရှိုးတွေနဲ့ အမြဲလိုစည် ကားတယ်။

ကျွန်မတို့ ရဲ့ ခရေပင်အောက်ကို ညစ်ပတ်အောင်လုပ်တဲ့ကုလားကိုလဲ ပညာပေးချင်နေတယ်။ ကြိုတင်ကြံစည်ရတာကလဲ တော်တော်လေးကို ပျော်စရာကောင်းတယ်။ ကိုယ့်အကြံအစည်နဲ့ ကိုယ်မို့  လမ်းလျှောက်ရင်တောင် ရင်ကခုန်တုန်တုန်၊ မြောက်ကြွကြွ။ဒီလိုဖြစ်ဘို့  ကျွန်မတို့ မှာ တော်တော်လေး စည်းရုံးဆင်းရတယ်။

ကျွန်မတို့ အကောင်ထည်ဖော်မယ့် ကျီးမနိုးပွဲလေးလုပ်ဘို့ အချိန်တန်လာပါပြီ။ ကုလားကလဲ တစ်နေကုန် ကွမ်းယာရောင်း ထားရတော့ ညစောစောအိပ်မယ်ဆိုပြီး ဆိုင်စောစောသိမ်းပါတယ်။ အရမ်းကံကောင်းပါတယ်။ အစစ အစဉ်ပြေနေတယ်လေ။

ညသန်းခေါင်ကြတော့ ကုလားရဲ့ ဟောက်သံက ကွမ်းယာတဲလေးအပြင်တောင် ဖောက်ထွက်လာပါတယ်။ ဒီတော့ကျွန်မတို့ လဲ စတင်အကောင်ထည်ဖော်တာပေါ့။ ကွမ်းယာတဲလေးရဲ့ အမိုးပေါ်မှာ တံခါးချိတ်တဲ့ သံကွင်းကြီးပါ တယ်။ အဲဒိသံကွင်းထဲကို နိုင်လွန်ကြိုးထည့်ပြီး အားကောင်းတဲ့ ယောက်ကျာင်္းတွေက ကြိုးနဲ့ ခရေပင်ပေါ်ရအောင် တင်တယ်။ ကုလားကလဲ သူ့ ကို လှုပ်သိပ်နေတယ်ထင်နေလားမသိဘူး။ ဟောက်သံက စည်းချက်ညီညီထွက်လို့ ။ ၁နာရီနီးပါး ကွမ်းယာတဲလေးကို ခရေပင်ပေါ်တင်ရတယ်။ နောက်ကြိုးပြေမှာဆိုးတာကြောင့် မြေကြီးမှာလဲသေချာ ပနတ်ရိုက်ထားရသေးတယ်။

နောက်တော့ အားလုံးကိစ္စပြီးတာနဲ့  ဟန်မပျက်အိမ်ပြန်လာပြီး အိပ်လိုက်တယ်။ ကျွန်မပြန်လာတော့ တစ်အိမ်လုံး အိပ်မောကြနေကြတယ်။ ကျွန်မခြေလက်ဆေး၊ သွားတိုက်၊မျက်နှာသစ်ပြီး အိပ်လိုက်တယ်။ အိပ်တယ်ဆိုပေမယ့် တကယ်တော့ အိပ်မပျော်ဘူး။ မနက်မိုးမြန်မြန်လင်းချင်ပြီ။မနက်ကျရင် ဘာဖြစ်မလဲဆိုတာ အရမ်းသိချင်နေပြီ။ နောက်တော့လဲ ကျွန်မအိပ်ပျော်သွားတယ်။

ဘယ်လောက်ထိအိပ်ပျော်သွားလဲမသိဘူး။ ဆူညံဆူညံအသံကြားတော့ ကျွန်မနိုးလာတယ်။ အခြေနေသိရအောင် အိမ်ပြင် ထွက်ကြည့်လိုက်တော့ ဟေးးးးးးးးးးးးးးးးးဟေးးးးးးးးးးးးးးးးးးး ကွမ်းယာကုလားလေ ငိုနေတယ်တော့။ သူ့  မှာ အောက်ဆင်းမရ အပေါ်တတ်မရနဲ့ ။ သူ့ ကွမ်းယာတဲလေးကလဲ လေထဲမှာလွှင့်လို့ ။ လူတွေကလဲ ထူးထူး ဆန်းဆန်းကြည့်နေကြ တယ်။တီးတိုးတီးတိုး သဖန်းပိုးလုပ်နေတယ်။ ဘယ်သူ့ လက်ချက်လဲဘာညာပေါ့။ အဲဒိအချိန်မှာ ကျွန်မက မသိချင်ယောင် ဆောင်နေလိုက်တယ်။ မဟုတ်ရင် အရိုက်ခံရမှာပေါ့။ နောက်တော့မှ ရပ်ကွက်ထဲက အကိုကာလသားများရဲ့ အကူညီနဲ့  ကွမ်းယာတဲလေးမြေပေါ်ပြန်ခလာရတယ်။ အဲဒိနောက်ပိုင်း ကုလားလဲ ပြောင်းပြေးပါလေရော။

ဒါကလေ ငယ်ငယ်တုန်းက ဆိုးခဲ့တဲ့ ကျွန်မတို့ ရဲ့ ကျီးမနိုးပွဲပေါ့။ ဒီလိုအချိန်လေးတွေ ပြန်လိုချင်သေးသားနော်။

ချစ်သူသိလေ

22:29 Posted by ကျောပိုးအိတ်

သူမ တစ်ခုခုကို မျက်တောင်မခပ်ဘဲ စိုက်ကြည့်နေမိတယ်။ ဘယ်နေရာကနေ ပေါ်လာမလဲ စောင့်ကြည့်နေခဲ့တာ။ သူမ မျက်တောင်မခပ်ဘဲစိုက်ကြည့်နေတာ ကွန်ပျူတာ စက်ခရင်ကိုပါ။

ဘယ်လောက်တောင်ကြာသွားပြီလဲ မသိတော့ပါဘူး။ သူမမျက်စိတွေ ကျိန်းစပ်လာမှ သူမသတိထားပြီး ကွန်ပျူတာက နာရီလေးကို လှမ်းကြည့် မိတော့ မနက် ၃နာရီတဲ့။ အို ဒါဆို သူမ မလှုပ်မယှက် ထိုင်နေတာတော် တော်ကြာနေပြီပေါ့။

ဟုတ်ပါတယ်။ သူမ ကွန်ပျူတာကို မျက်တောင်မခပ်ဘဲ ထိုင်ကြည့်နေတာ ညနေ ၆နာရီကျော်ကျော် ကတည်းက။ သူမ မျက်တောင်လဲမခပ်ရဲဘူး။ မျက်တောင် ခပ်လိုက်တဲ့ အချိန် ချစ်သူလာတာ မတွေ့ လိုက်မှာစိုးနေတာ။

ဒါပေမယ့် အချိန်တွေသာကုန်လာတယ်။ သူမ ချစ်သူကတော့ ပေါ်မလာပါဘူး။ သူမ ဘာဆက်လုပ်ရမလဲ။သူမ
ချစ်သူနဲ့ အရမ်းတွေ့ ချင်နေတယ်။ စကားတွေအများကြီးပြောချင်နေမိတယ်။ သူမဖြစ်နေတာ ချစ်သူကတော့ မသိပါဘူး။

သူမရုတ်တရက်ထဘို့ ကြိုးစားတယ်။ ဒါပေမယ့် ထိုင်နေတာ ကြာနေတာကြောင့် သူမမတ်တပ်ရပ်ဘို့ ကြိုးစား ပေမယ့် လတ်တလောမှာ မအောင်မြင်ခဲ့ပါဘူး။ သွေးလေမလျှောက်တာကြောင့် သူမခြေထောက် မရပ်နိုင်ခဲ့ဘူး။ နောက်တော့ စိတ်ကို လျှော့ပြီး ခြေထောက်လေးတွေ လှုပ်ကြည့်တော့ရလာတယ်။

သူမရဲ့ ဦးတည်ချက်က အိမ်တံခါးဖွင့်ဘို့ ပါ။ အပြင်မှာ မိုးရွာနေတယ်။ သူမချစ်တဲ့ မိုးစက်လေးတွေကို သူမ ကြည့် ချင်တယ်။ အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါမှာ မိုးမှုန်လေးတွေက မျက်နှာကို အလုအယက် လာထိတွယ်ကြ တယ်။

အေးစက်တဲ့ မိုးစက်လေးတွေရဲ့  အထိအတွေ့ ကြောင့် သူမစိတ် ခဏတော့ လန်းသွားတယ်။ မိုးစက်မိုးမှုန်လေး တွေကြားမှာ စိတ်ဒဏ်ရာကို အာဟာရကျွေးနေမိတယ်။

ခဏကြာတော့ သူမရဲ့  လည်တိုင်လေးက အခန်းထဲကို လှည့်ပြီးပြန်ကြည့်မိတယ်။ စားလက်စ သစ်သီးတွေ ရေပုလင်းတွေက ပရမ်းပတာ နေရာယူထားတယ်။

သူမ အဲဒါတွေသိမ်းဘို့ စိတ်မ၀င်စားဘူး။ သူမစိတ်ဝင်စားတာ သူမချစ်သူကိုဘဲ။ သူမအရမ်းချစ်တဲ့ ချစ်သူက လွဲလို့  ခုချိန်မှာ ကျန်တာ စိတ်မ၀င်စားမိဘူး။

သူမ အမြဲတွေးနေမိတယ်။ သူမလေ သူမချစ်သူနားမှာ နေချင်လိုက်တာ။ အများတကာချစ်သူတွေလို တွတ်တီး
တွတ်တာနဲ့  ချစ်သူကို ချွဲချင်တယ်။ ချစ်သူပေးမယ့် အကြင်နာတွေကို ရင်ခုန်စွာနဲ့  မက်မောချင်တယ်။ သူများ တွေလို အေးတူပူအမျှခံစားချင် တယ်။ အနာဂတ်အတွက် စီမံကိန်းတွေ ချချင်တယ်။ ဒါက သူမရဲ့ တစ်ဖက်သတ် စိတ်ကူးယဉ်မှုပါ။

တစ်ခါတစ်ရံဆို ဘယ်လောက်တောင် စိတ်ကူးယဉ်မိလဲဆိုတော့ ချစ်သူရှိမယ့် နိုင်ငံကို စိတ်မှန်းနဲ့  ကြည့်ပြီး စကားတွေပြော နေမိတယ်။ ဒီတောင်တန်းတွေကျော်သွားရင် ဒီပင်လယ်ကြီးကိုကျော်သွားရင် ဒီနိုင်ငံတွေကို ကျော်သွားရင် သူမချစ်သူ ရောက်ရှိရာ နိုင်ငံလေးကို တွေ့ ရတော့မှာ။

ခုချိန်မှာ ချစ်သူဘာလုပ်နေမလဲ။ ဘာတွေစားနေမလဲ။ ဘယ်သူတွေနဲ့ စကားပြောနေမလဲ။ ဘာတွေတွေးနေမလဲ။ သူမကိုရော သတိမှရပါ့မလား စတာတွေစတာတွေကို သူမတွေးနေမိတယ်။ချစ်သူအတွက်ကို အမြဲစိတ်ပူပေးနေ ရတယ်။ လူမှုရေး ၊ ကျန်းမာရေး၊ ပညာရေး အပိုင်းတွေကိုပါ။

ဒါတွေ ချစ်သူသိပါရဲ့ လား။ သူမလေ တွေးနေမိတယ်။

တစ်ခါတစ်ရံ ငှက်လေးတစ်ကောင်ဖြစ်ချင်တယ်။ ဒါမှ ချစ်သူရှိတဲ့ နေရာကို အတားဆီးမဲ့ ဖြတ်သန်းနိုင်မှာ။

တစ်ခါတစ်ရံ လေယာဉ်ကြီးဖြစ်ချင်တယ်။ ဒါမှ ချစ်သူရှိရာတိုင်းပြည်ကို အမြန်နှုန်းနဲ့ ပျံသန်းနိုင်မှာ။

တစ်ခါတစ်ရံ လမင်းလေးဖြစ်ချင်တယ်။ ဒါမှ ချစ်သူကို အရိပ်လိုမိုးပြီး အမြဲစောင့်ရှောက် နိုင်မှာ။

တစ်ခါတစ်ရံ ချစ်သူရဲ့  လွယ်အိတ်လေးဖြစ်ချင်တယ်။ ဒါမှ ချစ်သူသွားရာ မခွဲမခွာ လိုက်ပါနိုင်မှာ။

တစ်ခါတစ်ရံ ချစ်သူရဲ့ အနွေးထည်လေးဖြစ်ချင်တယ်။ ဒါမှ သူမရဲ့  အကြင်နာနဲ့  ချစ်သူနွေးထွေးနိုင်မှာ။

ဘ၀မှာ ဖြစ်ချင်တာတွေ အရမ်းများပါတယ်ချစ်သူရယ်။ သေချာတာတစ်ခုက ချစ်သူကို အရမ်းချစ်တယ်။
ချစ်သူနဲ့ ဝေးပြီးမနေနိုင်ပါဘူး။

ရုတ်တရက် မိုးချိန်းလိုက်တာကြောင့် သူမလန့် သွားတယ်။ သြော် ချစ်သူအကြောင်းတွေးနေမိတာ သူမ တစ်ကိုယ်လုံး မိုးစက် တွေနဲ့ စိုစိုရွဲနေပြီ။ သူမ အခန်းထဲဝင်မှ ဖြစ်တော့မယ်။ သူမဖျားချင်နေပြီ။ သူမနားမှ ဖြစ်တော့မယ်။ သူမလုပ်စရာတွေရှိ သေးတယ်။

သူမ မျက်စိတွေက အနားယူဘို့  အချက်ပေးနေပြီ။ သူမ ဆံပင်တွေကို ခြောက်အောင် မသုတ်တော့ဘဲ အိပ်ယာ ၀င်ခဲ့တယ်။ သူမကတော့ ခေါင်းမာစွာနဲ့  ချစ်သူအကြောင်းတွေးချင်သေးတယ်။ စိတ်စွဲလို့ ထင်ပါရဲ့  ချစ်သူကို အိပ်မက်မက်တယ်။
ပြုံးလို့ ရွှင်လို့ ။ ပျော်လိုက်တာ။ ဒီလိုလှပတဲ့ အိပ်မက်လေးကြောင့် မနိုးချင်ဘူး ချစ်သူရယ်။

ဒါပေမယ့် တစ်ခါတစ်ရံလှည့်စားတတ်တဲ့ လောကကြီးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ရတယ်။ အဲဒိအချိန် တွေဆို သူမအတွက် ငရဲပါဘဲ။

သူမမျှော်လင့်ပါတယ်။ နောက်နေ့ တော့ ချစ်သူပြန်လာမှာပါ။ မနက်ဖြန်မလာတော့လဲ နောက်ထပ်မနက်ဖြန် တွေကို ဖြတ်သန်းရင်း ချစ်သူခေါ်မယ့်အချိန်တွေကို စောင့်စားရင်းးးးးးးးးးးးးးးးးးးးးးးးးး။

ကျောပိုးအိတ်ပြန်လာပြီ

20:11 Posted by ကျောပိုးအိတ်

ကျောပိုးအိတ်ပြန်လာပြီဆိုတော့ ဘယ်သွားနေလို့ လဲ မေးရတော့မယ်နော်။ တကယ်တော့လေ ဘယ်မှ မသွားပါဘူး။ ရှိနေပါတယ်။

နေမကောင်းတာကလဲ သက်သာနေပါပြီ။ ရုံးပျက်ရက်က များထားတော့ အလုပ်တွေကလဲ အရမ်းများ နေတာ ကြောင့် စာရေးခြင်း ခဏ ရပ်ထားတာပါ။ အရေးတယူ စိတ်ပူပေးတဲ့ သူငယ်ချင်းအားလုံးကိုလဲ အရမ်းကို ကျေးဇူးတင်ပါတယ်။

ကျောပိုးအိတ်ကို ဒီလောက်ချစ်မှန်းသိရလေလေ ပျော်ရွှင်ရလေလေပါဘဲ။

စာကြွေးတွေလဲ လိုက်ဆပ်ရဦးမယ်။ ဒီညကစပြီး အိမ်လိုက်လည်ပါပြီရှင်။ အားလုံးဘဲ မျက်ခုံးလှုပ်ကြတော်မူကြ ပါရန်။

ကျွန်မနှင့် ပရမ်းပတာနေ့ 

17:01 Posted by ကျောပိုးအိတ်

ဒီနေ့ မနက်စောစော အိပ်ယာထဲကနေ ကလေးတွေရဲ့ အသံစာစာလေးတွေ အတိုင်းသားကြားနေရတယ်။ ကျွန်မက အိပ်ချင် မူးတူးနဲ့  နားစွင့်နေလိုက်တယ်။ ခါတိုင်းဆို ကျွန်မကဘဲ ဒီကလေးတွေအော်သံမကြားတာလား။ ဒီနေ့ မှထူးထူးခြားခြား ကြားနေ ရတာလား။ အိပ်ယာထဲမှာ မျက်စိမဖွင့်ဘဲ အတွေးပွားနေမိတယ်။

မကြာပါဘူး။ ကျွန်မရဲ့ အိမ်တံခါးကို လာထုသံ ကြားရတော့တာဘဲ။ နာရီကြည့်လိုက်တော့ ၇း၀၀နာရီ ပတ်ဝန်းကျင်ဘဲရှိ နေသေးတယ်။

ကျွန်မလဲ အိပ်ချင်မူးတူးစိတ်နဲ့  ဘယ်သူလဲ ဘာညာဆိုပြီး အိမ်တံခါးလဲဖွင့်လိုက်ရော……………

မျက်နှာဖုံးတတ်ထားတဲ့ လူတစ်ယောက်က အိမ်ရှေ့ တံခါးပေါက်မှာ နေရာယူနေတယ်။ သူတတ်ထားတဲ့ မျက်နှာဖုံးက ကြောက်စရာကြီး။ ဘယ်လိုပုံနဲ့  ပြောရမလဲ။ ကြက်ငှက်တုတ်ကွေးဖြစ်လို့  တစ်ကိုယ်လုံးစွပ်ထားတဲ့ ၀တ်ရုံကြီး။ ပြီးတော့ ပိုပြီးဆိုးတာက လက်ထဲမှာ ဘာစက်ကြီးကိုင်ထားလဲမသိဘူး။

ဒီတော့ ကျွန်မလဲ လန့် ဖျန့် ပြီး ဘာပြောရမှန်းမသိဘူး။ အိပ်ချင်နေတဲ့ မျက်စိလဲ ကျယ်သွားတယ်။ ပြီးမှ ခြင်ဆေးလာ ဖြန်းတာတဲ့။ အင်းဖြစ်ရမယ်။ သြော် သူ့ လက်မှာကိုင်ထားတာ ခြင်ဆေးဖျန်းတဲ့ စက်ကြီးပေါ့။ သိပါဘူးအေ ။ လူဖြင့်လန့် သွား တာဘဲ။ အဲဒါကြောင့် ကလေးတွေဆူညံနေတာကိုး။

အဲဒိလူက အပြင်ထွက်ပေးပါဆိုလို့ ဘုမသိ ဘမသိ အပြင်ထွက်ပေးရသေးတယ်။ အဲဒိလူက စက်ကြီးနဲ့  မှုတ်လိုက်တာ တစ်အိမ်လုံးကို မီးခိုးဖုံးသွားတယ်။ ပြီးတော့ အဲဒိမီးခိုးတွေ ထွက်မှာ စိုးလို့ တံခါးပိတ်ထားပါတဲ့။

ဒီအထိအဆင်ပြေနေသေးတယ်။ ဘာမှမဖြစ်သေးဘူး။ သတိရပြီး နာရီကိုကြည့်လိုက်တော့ ရုံးချိန်ရောက်တော့ မယ်။ ရေလဲမချိုးရသေးဘူး။ အိမ်ထဲမှာလဲ မီးခိုးနံ့ တွေကို မွှန်နေတာဘဲ။ ခြင်မပြောနဲ့ လူတောင် ပြေးချင် တယ်။

ကျွန်မက ရုံးနောက်ကျမှာစိုးလို့  အပြေးတစ်ပိုင်းနဲ့ အိမ်ထဲကို လှမ်းဝင်လိုက်တော့ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင် တာရယ်၊ ကြမ်းပြင်က မနေ့  ကမှ တိုက်ထားပြီ ခုတော့ ဆီတွေနဲ့ ရွှဲနေတာကြောင့် ကျွန်မချော်လဲခဲ့တယ်။

ကံကောင်းချင်တော့ ခေါင်းက တံခါးနဲ့ ပြန်မရိုက်ခြင်းပါ။ မဟုတ်လို့ ကတော့ ကျောပိုးအိတ် သေပြီပေါ့။
း(

ပြန်စဉ်းစားကြည့်တော့မှ ခုနက ခြင်ဆေးမှုတ်တဲ့ စက်ကြီးထဲကနေ ဆီတွေထွက်ကျတာနေမှာ။ ပြီးတော့ ကြမ်းပြင်က ကြွေပြား ဆိုတော့ အတိုင်းမသိပေါ့။

အဲဒိလိုပျာတာ။

ခုတော့ ခုတော့ ခါးနာနေတယ်။ ချော်လဲတဲ့အရှိန်ကို လက်က ထောက်လိုက်တော့ လက်လဲနာနေတယ်။ ခုတောင်လက်နာ နေတာ။ ကျိုးပြီနဲ့ တူတယ်နော်။ ဒီလိုဘဲနေရင် လက်က ပိုနာမှာစိုးလို့  လှုပ်ရှားနေတာ။

စာရိုက်တာတောင်မှ လက်တစ်ဘက်တည်းနဲ့ ရိုက်နေရတယ်။
း(

ကြယ်ကြွေညရဲ့ ဆုတောင်းသံ

11:36 Posted by ကျောပိုးအိတ်

ညက တိတ်ဆိတ်လွန်းလှတယ်။ တစ်ခါတစ်ရံ ကုန်တင်ကားကြီးတွေ ဖြတ်မောင်းသွားတဲ့အသံရယ် ၊ ပုစဉ်းရင်ကွဲသံတွေရယ် ၊ တောကောင်သံတွေရယ်မှအပ ညက ငြိမ်သက်နေပါတယ်။

လူသားအားလုံးအိပ်မောကျနေတဲ့ အချိန်မှာ အိပ်မပျော်နိုင်သူက ကျွန်မတစ်ယောက်ဘဲ ရှိနေလိမ့်မယ်ထင်ပါရဲ့ ။ လူတွေအားလုံးအပူအပင်မယ့် အိပ်နေချိန်မှာ ဘာလို့ ကျွန်မတစ်ယောက်ထဲ အိပ်မပျော်ရတာလဲ။ အိပ်မပျော်တဲ့ ဒီညဟာ ရှည်လျှားလွန်းလှပါတယ်။

အိပ်ယာထက်မှာ ဘယ်လူးညာလှိမ့်ရင်းနဲ့ အချိန်တွေကို ကုန်စေခဲ့တယ်။ အိပ်ယာဘေးမှာတော့ တချောက်ချောက် မြည်နေတဲ့ နာရီသံကလဲ ညအမှောင်ကိုတိုးဖောက်ပြီး ကျယ်လောင်စွာ ရွှေ့ လျှားနေပါတယ်။ အိပ်ယာဝင်ကာနီး ဘာမှမစားတော့ဘဲ ကော်ဖီတစ်ခွက်သောက်လိုက်တဲ့ အရှိန်နဲ့  ကျွန်မဒီတစ်ညတော့ အိပ်ပျော်နိုင်တော့မယ် မထင်တော့ပါဘူး။

ကျွန်မအိပ်ယာဘေးက နာရီကိုယူကြည့်လိုက်တော့ ည ၁၂း၀၀ နာရီဘဲရှိနေသေးတယ်။ အိပ်မရမယ့်အတူတူ ခြံထဲဆင်းထိုင်တာဘဲကောင်းပါတယ်ဆိုပြီး ကျွန်မဒရင်းဘက် ကိုယူပြီး ခြံထဲဆင်းလာခဲ့တယ်။

ခြံထဲမှာတော့ ရှည်လျှားနေတဲ့ မြက်ရိုင်းပင်ကြီးတွေက လေယူရာယိမ်းနွဲ့ နေတယ်။ ကောင်းကင်ကြီးကို မော့ကြည့် လိုက်တော့ လမင်းကြီးကလဲ ပြည့်နေလိုက်တာ။ လရိပ်အောက်မှာ အရာအားလုံးဟာ အေးချမ်း နေတယ်။

ကြယ်တွေကလဲ ဒီညမှာ စုံလိုက်တာ။ ဟော ဟိုဘက်မှာ ခုနှစ်စင်ကြယ်တောင် အမြီးထောင်ရောပါလား။ ပြီးတော့ ၁၀တန်းတုန်းက သင်ခဲ့ရတဲ့ မောင်ရင်ဆိုင်းထမ်းကြယ်လေးတွေ။ ပြီးတော့ အမျိုးအမည် မသိတဲ့ ကြယ်လေးတွေ။

တစ်ခါတစ်ရံ လေနုအေးလေးတိုက်ခတ်လာတယ်။ အဲဒိလေနုအေးထဲမှာ တောပန်းလေးတွေရဲ့ ရနံ့ တွေကလဲ ပါလာတယ်။ ကျွန်မလဲ ညမှောင်မှောင်မှာ တစ်ယောက်ထဲ တိုးညှင်းစွာနဲ့ သီချင်းတစ်ပုဒ်ညီးပြီး အေးချမ်းနေခဲ့ တယ်။ လျှပ်စစ်မီးမရှိတဲ့
တောမြို့ လေးဟာ လရိပ်အောက်မှာ လင်းလက်လို့ နေပါတယ်။

ခဏကြာတော့ မြက်ရိုင်းပင်တွေပေါ်မှာ စိန်ပွင့်လေးတွေ လင်းလက်လာတာ တွေ့ လိုက်ရတယ်။ ကျွန်မသေချာ ကြည့်လိုက်တော့ ပိုးစုန်းကြူးလေးတွေပါလား။ တဖြည်းဖြည်းနဲ့ ပိုးစုန်းကြူးတွေက များများလာတယ်။ ပိုးစုန်းကြူးလေးတွေက ဘယ်ညာကခုန်ပြီး ကျွန်မအနားယူရာ နေရာအထိ တိုးလာကြတယ်။

အို… လှလိုက်တာ။ ဒီလိုလှတဲ့ညတွေ နေ့ တိုင်းရှိနေမှာဘဲနော်။ ဒီအလှကို ကျွန်မတို့ မထိတွေ့ ဘဲ
အိပ်စက်ခြင်းနဲ့  အချိန်ကုန်စေခဲ့တာ နှမြောစရာ။

ညကတစ်ဖြေးဖြေးနက်လာတယ်။ ကျွန်မမှာ အချိန်ကုန်မှန်းမသိ ပတ်ဝန်းကျင်ရဲ့ ညှို့ ယူမှုအပေါ်မှာ သာယာနေခဲ့တယ်။

အတန်ငယ်အေးလာတာကြောင့် အိမ်ထဲဝင်တော့မှဘဲလို့ တွေးလိုက်မိပြီး ကျွန်မဒရင်းဘက်ပေါ်ကနေ ထမယ်အလုပ်မှာ မထင်မှတ်ဘဲ ကောင်းကင်ကနေ ကြယ်တစ်လုံးကြွေသွားတာ တွေ့ လိုက်ရတယ်။

ကြယ်ကြွေခြင်းအပေါ်မှာ လူတွေက ထင်ကြေးအမျိုးမျိုးပေးကြတယ်။

တစ်ချို့ ကလဲ ကြယ်ကြွေတာ နတ်သက်ကြွေတာတဲ့။ လူ့ ပြည်မှာ ပြန်ပြီး လူဝင်စားဘို့  ကြယ်ကြွေလာတာတဲ့။
တစ်ချို့ ကလဲ ကြယ်ကြွေတာကိုမြင်ရင် ကံဆိုးတယ်တဲ့။
တစ်ချို့ ကလဲ ကြယ်ကြွေတာကိုမြင်ရင် ဆုတောင်းတဲ့ ပြည့်တယ်တဲ့လေ။

သူ့ အယူအဆနဲ့ သူဘဲပေါ့။ ဒါဆို ကျွန်မကရော ဘယ်လိုယူဆရမလဲ။ လူဝင်စားတယ်လို့ ယူဆရမလား ။ ဟင့်အင်း။ ဒီလိုလဲမယူဆချင်ဘူး။ ဒါဆို ကံဆိုးတယ်ပေါ့။ ဒီလိုလဲ မတွေးချင်ဘူး။ ဟော ကျွန်မတွေးမိတာ နောက်ဆုံးတစ်ခု။ ဆုတောင်းပြည့်တယ်တဲ့။

ဒါဆိုရင် ကျွန်မကြယ်ကြွေတာမြင်လိုက်ရလို့ ကျွန်မဆုတောင်းပြည့်မယ်ဆို ကျွန်မကလဲ ကြယ်လေးအတွက် ပြန်ပြီးဆုတောင်းပေးပါ့မယ်။

ကျွန်မဆုတောင်းပြည့်ဘို့ အတွက် ကြယ်လေးတွေမကြွေပါစေနဲ့ ။ ဆုတောင်းမပြည့်ရင်လဲနေပါစေ။ ကြယ်လေးတွေကောင်းကင်ပေါ်မှာ ထာဝရတည်တံ့နေပါစေလို့ ကြယ်လေးတွေအတွက် ကျွန်မပြန် ဆုတောင်းပေးလိုက်မယ်နော်။

ကျွန်မရဲ့ အိမ်

19:40 Posted by ကျောပိုးအိတ်

ကျွန်မ အလုပ်လုပ်ရာမြို့ လေးဆီက ကျွန်မငှားနေတဲ့အိမ်လေးပါ။ ဒီအိမ်လေးမှာ ကျွန်မနေလာတာ ၃နှစ်ကျော်ပါပြီ။


အစကတော့ အိမ်ကအရမ်းကျယ်တော့ ကြောက်ပါတယ်။ ခုတော့လဲ ကိုယ့်အိမ်ကိုယ့်ယာလိုဖြစ်နေတော့ ကြောက်တော့ပါဘူး။


အိမ်က အိပ်ခန်း၂ခန်းပါတယ်။ ဧည့်ခန်း ၊မီးဖိုဆောင် ၊ ရေချိုးခန် အိမ်သာ တွဲရက်။ တော်တော်ကျယ်တယ်။

အိမ်ရှေ့ မှာ မြေပိုနည်းနည်းရှိသေးတယ်တစ်ပတ်တစ်ခါအိမ်ရှင်းကြမ်းတိုက်ရင်တော့ လက်မောင်းပြုတ်မတတ်ဘဲ။




ဒါက အိမ်ရှေ့ ။ အဲအိမ်ရှေ့ မှာရပ်ထားတာ ကျွန်မဆိုင်ကယ်မဟုတ်ဘူးနော်။ အခြားအဖွဲ့ က ဆရာဝန်တစ်ယောက်

ရဲ့ ဆိုင်ကယ်။ သူခရီးသွားနေလို့  ကျွန်မအိမ်မှာ လာထားတာ။




ဘာမှမရှိသော ကျွန်မဧည့်ခန်း။

း)

ကျွန်မက မိန်းကလေးဆိုပေမယ့် သီချင်းနားထောင်ရင် အသံကျယ်မှ နားထောင်ပျော်တယ်။ ဆောင်းဘောက်စုတာဝါသနာပါတယ်။ ဒါပေမယ့် ဆောင်းဘောက်က သေးသေးဘဲကြိုက်တယ်။ အလှူအိမ်မှာလို အကြီးကြီးတွေကြိုက်ဘူးတော့။

း)



ဒါက ၀ါယာလက်လေးပါ။

း)



ကျွန်မရဲ့ ကွန်ပျူတာ။ ဒါလေးနဲ့ က အလုပ်လုပ်တယ်။




တစ်ခါတစ်လေ အိပ်ယာထဲမှာ ထဘို့ ပျင်းနေရင် လက်တော့လေးနဲ့ ဘဲ ဘလော့တွေလျှောက်လည်ဖြစ်တယ်။

း)