ကျွန်မနဲ့  ထားဝယ်မြို့ 
21:09 Posted by ကျောပိုးအိတ်
ကျွန်မ ဒုတိယနှစ် စတတ်ချိန်မှာ ကျွန်မရဲ့  ဖေဖေက နယ်ကို တာဝန်အရ သွားရပါတယ် .. ကျွန်မကတော့ ဒုတိယနှစ်ရဲ့  စာမေးပွဲကို ဖြေဆိုပြီးချိန်ကျမှ ဖေဖေတာဝန်ကျရာ တောင်တန်းတွေ ပေါများတဲ့ နယ်မြို့ လေးကို ရောက်ရှိလာပါတယ် .. 
မိုးတွေအုံ့ မှိုင်းနေတဲ့ နေ့ တစ်နေ့ မှာတော့ မင်္ဂလာဒုံလေဆိပ်ကနေ တောင်တန်းတွေပေါများတဲ့ နေရာလေးကို စတင်ထွက်ခွာ လာပါတယ် .. လေယာဉ်ပြုတင်းပေါက်ကနေ မြင်နေရတဲ့ ကောင်းကင်ရှုခင်းဟာ 
အသက်ရှုဘို့ တောင် မေ့လောက်အောင် ဆွဲဆောင်လွန်းပါတယ် .. 
ဘယ်လောက်မှတောင် မစီးရသေးဘူး .. လေယာဉ်မယ်လေးက မကြာခင် လေယာဉ်ဆင်းတော့မယ်လို့  ပြောသံကြားလိုက်မိတယ် .. ကျွန်မအပြင်ကို ကြည့်လိုက်တော့ တောင်တန်းတွေကို အနီးကပ် တွေ့ နေရတယ် ..
တဖြည်းဖြည်းနဲ့  လေယာဉ်ကြီးက မြင့်ရာကနေ နိမ့်ဆင်းလာပြီး မကြာခင်မှာဘဲ ပြေးလမ်းကနေ 
ရပ်တန့် သွားပါတယ် .. လေယာဉ်ပေါ်ကဆင်းတော့ ကျွန်မကို ဖေဖေနဲ့ မေ လာကြိုပါတယ် .. ဒီလိုနဲ့  တောင်တန်းတွေပေါများလှတဲ့ ဒီမြို့ လေးကကျွန်မကို နွေးထွေးစွာနဲ့   စတင်ကြိုဆိုခဲ့ပါတယ် ..
အိမ်ကိုရောက်တော့ အိမ်ရဲ့ ပတ်ပတ်လည်မှာ လှပလွန်းတဲ့ တောင်တန်းတွေက ဘယ်နေရာကြည့်ကြည့် မြင်နေရလို့  ကျွန်မမှာ ပျော်မဆုံးဖြစ်ခဲ့ပါတယ်.. အဲဒိနေ့ က ကျွန်မချစ်တဲ့တောင်တန်းတွေရဲ့ ကြားက အိမ်ကြီးတစ်အိမ်မှာ ကျွန်မ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပါတယ် ..
ဒီလိုနဲ့  မကြားဘူးတဲ့ ဘာသာစကားတွေနဲ့  ရိုးသားလှတဲ့ တိုင်းရင်းသားတွေကြားမှာ ကျွန်မ နေရတာပျော်လာတယ် .. ကျွန်မ ပျင်းမှာစိုးလို့ ဆိုပြီး ဖေဖေရုံးက စာရေးမလေးတွေက လာအဖော်လုပ်ပေးပေမယ့် နားမလည်တဲ့ ဘာသာစကားကြားမှာ ကျွန်မ အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့ရတယ် .. သူတို့ စကားပြောတာကို မနည်းနားလည်အောင် ကြိုးစားရင်း ရက်ကိုလစား လကိုနှစ်စားရင်း အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပါတယ် .. 
ဒီလိုနဲ့  တတိယနှစ်ကျောင်းတတ်ဘို့ ရာ အချိန်ကျလာတယ် .. ကျွန်မက ရန်ကုန်မှာ ပြန်မတတ်ချင်တော့ဘူး .. ဒီတော့ ရန်ကုန်အိမ် မှာ ကျန်ခဲ့တဲ့ အမတွေကို ကျောင်းထွက်စာတင်ခိုင်းပြီး ကျွန်မ နယ်မှာ တတိယနှစ်ကို စတတ်ခဲ့တယ် ..  ဆိုင်ကယ်တွေနဲ့  ကျောင်းတတ်ရတာ ပျော်စရာတစ်မျိုးဘဲ .. ရန်ကုန်မှာတတ်တဲ့ ကျောင်းနဲ့  နယ်မှာတတ်တဲ့ကျောင်းက တော်တော်ကွာတယ် .. ရန်ကုန်မှာတုန်းက ဝေလေလေ ကျောင်းတတ်ခဲ့ပေမယ့် 
နယ်မြို့ လေးမှာတော့ အထက်တန်းကျောင်းမှာလိုဘဲ အချိန်ပြည့် တတ်ရတယ် .. ကျောင်းပြေးကြတာလဲ  
မတွေ့ သလို  ကန်တင်းကို အချိန်ပြည့်ထိုင်တာလဲ မတွေ့ ပါဘူး .. ကျောင်းကနေအိမ် .. အိမ်ကနေကျောင်းဘဲဆိုတော့ တတ်ရတာ ထူးဆန်းနေတယ် ..
ကျွန်မ ကျောင်းတတ်တော့ သူငယ်ချင်းတွေ တိုးလာခဲ့တယ် .. ဆိုင်ကယ်တစ်စီးနဲ့  နေရာစုံလျှောက်သွားခဲ့တယ် .. တွေ့ ကရာစားပြီး အိမ်မကပ်တာ များလာတယ် .. အဲဒီချိန်မှာ ကျွန်မတို့ ဖေဖေရဲ့  အထက်အရာရှိ(ဗိုလ်မှုးကြီး)သမီးက ကျွန်မတို့  နေတဲ့ မြို့ လေးကို အလုပ်ကိစ္စနဲ့  ပြောင်းလာပါတော့တယ် .. အိမ်မှာဝင်ထွက်နေပေမယ့် ကျွန်မနဲ့ က မတွေ့ တာ များတယ် ..
တစ်နေ့ တော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအမနဲ့ တွေ့ တယ် .. အမကမေးတယ် .. မီးလေး အလုပ်မလုပ်ချင်ဘူးလားတဲ့ .. ကျွန်မကလဲ အမနဲ့ လုပ်ရမယ်ဆို လုပ်မယ်လို့  ပြန်ပြောမိခဲ့တယ် .. တကယ်တော့ ကျွန်မထင်ထားတာက အဲဒီအမက ဆရာဝန်ဆိုတော့ ဆေးရုံနဲ့  ဘဲ ဆိုင်တယ်ထင်ထားတာ .. NGO ဆိုတာ အဲကျမှ ကျွန်မသိတော့တယ်.. 
အဲဒီဆရာဝန်အမ ကောင်းမှုကြောင့် ကျွန်မ အလုပ်တစ်နေရာ ရခဲ့တယ် .. အလုပ်က ရွာတွေမှာလိုက်ပြီး ဆေးကုတာဆိုတော့ အရမ်းပျော်စရာ ကောင်းပါတယ် .. ကျွန်မတို့ အဖွဲ့ က MSF (နယ်စည်းမခြား ဆရာဝန်များ 
အဖွဲ့ ) ငှက်ဖျားအဖြစ်များတဲ့နေရာမှာ လူနာတွေကို အခမဲ့ ဆေးကုပေးပါတယ် .. ပထမတော့ ရွာကလူတွေ မလာကြပါဘူး .. အင်္ဂလိပ်အဖွဲ့ ဖြစ်နေတော့ လာရမှာ ကြောက်နေတယ် ..
နောက်တော့ ကျွန်မတို့ ရဲ့  စစ်မှန်တဲ့ ဆေးကုသမှုကို လက်ခံလာပြီး ရွာတော်တော်များများက လူနာတွေ လာပြကြပါတယ်.. ဆေးခန်းစဖွင့်ပြီး ၁လအကြာမှာတော့ လူနာက တစ်နေ့ ကို ၂၀၀ ပတ်ဝန်းကျင် လာလာပြကြတယ်.. ကျွန်မတို့  ဆေးခန်း ဖွင့်ထားတဲ့နေရာလေးက မြိတ်ထားဝယ် ကားလမ်းမပေါ်မှာ ရှိပြီး ထားဝယ်ကနေ ၃၄မိုင်ဝေးတဲ့ သရက်ချောင်းမြို့ နယ် စုံစင်ဖျား ကျေးရွာလေးမှာပါ … တစ်နေ့  တစ်နေ့  ၃၄မိုင်ကို အသွားပြန်လုပ်နေရတာကြောင့် ကျွန်မတို့ ဝန်ထမ်းတွေ အရမ်းကို ပင်ပန်းကြပါတယ် …
နောက်တော့ ကျွန်မတို့ ဆေးခန်းနဲ့ ၃မိုင်လောက်သာ ဝေးတော့တဲ့ ရာဘာခြံမှာ အဆောင်ရတာနဲ့  တနလာင်္နေ့ ကနေ သောကြာနေ့  ထိ ဆေးခန်းနဲ့ နီးတဲ့ အဲဒီရော်ဘာခြံထဲမှာဘဲ နေကြပါတယ် .. ရိုးသားလှတဲ့ တိုင်းရင်းသားတွေကြားမှာ အလုပ်လုပ်ရတာ ပျော်စရာ အရမ်းကောင်းပါတယ်.. 
ကျွန်မတို့ အဖွဲ့ က တနလာင်္နေ့  မနက် ၅း၃၀ဆိုတာနဲ့ ထားဝယ်မြို့ ကနေ စထွက်ပါတယ် .. သရက်ချောင်းမြို့ မှာ မနက်စာ စားပြီးဆေးခန်းရောက်ရင်တော့ မနက် ၈း၀၀ ကျော်ကျော်လောက် ရှိနေပါပြီ ..ကျွန်မတို့ ဆေးခန်းလေးက တောင်ကုန်းလေးနားမှာဆိုတော့ အဝေးကနေ ကြည့်ရင်တောင် မြင်နေရတယ် .. 
တနလာင်္နေ့ ဆို လူနာအရမ်းများတယ် .. လူနာက ၂၀၀ ပတ်ဝန်းကျင်လောက်လာကြလို့  အဲလိုနေ့ တွေမှာဆို ကျွန်မတို့ ရဲ့ မနက်စာ စားချိန်ဟာ မွန်းလွဲ ၃နာရီထက် မစောကြပါဘူး .. ဒါပေမယ့် ဆာရကောင်းမှန်းမသိလောက်အောင် လူနာတွေ ကြားမှာ အလုပ်များ နေခဲ့တယ် ..
ရုံးက၀န်ထမ်းတွေအကုန်လုံးက ကျွန်မကို ချစ်ကြတယ် .. ကျွန်မက အသက်အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်တယ် … ပြီးတော့ ဆရာဝန်တွေကလဲ ကျွန်မကို ချစ်ကြတော့ ကျွန်မက အုပ်စုထဲမှာ ဗိုလ်ဘဲ .. 
ဆိုးလို့ အရမ်းကောင်းပါတယ် ..
ကျွန်မတို့ နေရတဲ့ ရာဘာခြံအဆောင်လေးက မြေနီလမ်းလေးရဲ့  လမ်းဆုံးမှာ ရှိပြီး တစ်ထပ်တိုက်ပုလေးပါ ..
အရှေ့ မှာ မြေကွက်လပ်လေးနဲ့  တောင်တန်းပတ်ပတ်လည်နဲ့ မနီးမဝေးမှာလဲ စမ်းချောင်းလေးနဲ့ ဆိုတော့ နေချင်စရာ အရမ်းကောင်းပါတယ် .. ဆေးခန်းက ပြန်လာတော့ ကျန်တဲ့သူတွေက မောမောနဲ့  နားချင်ပေမယ့် 
ကျွန်မရဲ့ အလုပ်က တောင်တန်းကြီးတွေဘက် လမ်းလျှောက်ထွက်တာက ကျွန်မရဲ့  ဒုတိယတာဝန်ပါ… ကျွန်မ အေးအေးချမ်းချမ်း တစ်ယောက်ထဲ တွေးချင်ရာတွေးပြီး တစ်ခါတစ်ရံ တောင်တန်းကြီးတွေနားမှာ အိပ်ပျော်သွားတတ်တယ် ..
တစ်မေ့တစ်မော ထိုင်တတ်တဲ့ကျွန်မက ညနေအေးတောင်မှ တောင်တန်းကြီးတွေနားမှာထိုင်ချင်ပေမယ့် ထမင်းစားဘို့  လာခေါ်နေတာကြောင့် မထချင် ထချင်နဲ့ အမြဲလိုက်လာခဲ့ရတယ် .. တစ်ခါတစ်ရံ အရမ်းပူတဲ့ 
နေ့ တွေဆို ကျွန်မတို့  အဆောင် ဘေးနားက စမ်းချောင်းမှာ ရေသွားစိမ်ကြတယ် .. ပြန်လာရင် တစ်ရေးတမော အိပ်ကြတယ် .. ညဘက်ဆိုရင် ဂစ်တာတီးတဲ့ သူက တီးတယ် .. ဖဲရိုက်တဲ့သူက ရိုက်တယ် .. စာဖတ်တဲ့သူက ဖတ်တယ် .. အတင်းအုပ်တဲ့သူက အုပ်ကြတယ် .. ဆူညံနေကြတာဘဲ ..
ဒါပေမယ့် ၁၀နာရီ မီးပိတ်ကာနီးဆို အလျှိုလျှို တိတ်သွားရော .. ဂစ်တာတီးချင်တဲ့ သူကလဲ အိမ်ရှေ့  မြေကွက်လပ်မှာ သွားတီးတယ် .. ဖဲရိုက်တဲ့သူတွေကလဲ အသီးသီး ၀ိုင်းသိမ်းကြတယ်.. အတင်းအုပ်တဲ့သူတွေကလဲ အလိုက်သိစွာ အတင်းအုပ်တာကို လက်စသိမ်းပြီး ခြင်ထောင်ထဲ ၀င်ကြတယ် .. ဒါပေမယ့် ကျွန်မအခန်းကတော့ ညဥ့်နက်တဲ့အထိ ဖယောင်းတိုင်မီးက အမြဲလင်းနေတတ်တယ် .. ကျွန်မက စာဖတ်တာကိုး ..
ဆေးခန်းမှာ လူနာပါးတဲ့နေ့ တွေဆို Out reach ထွက်ကြတယ် .. အဲလို Outreach ထွက်မယ်ဆို ကျွန်မ အရမ်းပျော်ပါတယ် .. အဲဒီနေ့ ဆို အ၀တ်ပိုတွေပါ ယူသွားကြတယ် .. တစ်ရွာဝင် တစ်ရွာထွက် လူနာတွေ လိုက်ကြည့်တယ် .. တောတောင်အထပ်ထပ် ဖြတ်ကျော်လို့ ပေါ့ .. ပြန်လာရင် ဖုန်အလူးလူးနဲ့ ဆိုတော့ တွေ့ တဲ့ စမ်းချောင်းမှာ ရေ၀င်စိမ်ကြတယ် .. တစ်ခါတစ်လေလျှော်ရမယ့် အ၀တ်တွေပါ ယူသွားပြီး အဲစမ်းချောင်းမှာဘဲ လျှော်လိုက်တယ် .. ကျွန်မကတော့ အ၀တ်လျှော်တဲ့နေရာမှာ အရမ်းတော်ပါတယ် .. လျှော်ချင်တဲ့အ၀တ်ကို ဆပ်ပြာမှုန့် နဲ့ လူးလိုက်တယ် .. ပြီးရင် နယ်လိုက်တယ် .. ပြီးရင် စမ်းချောင်းအထက်ပိုင်းကို ပစ်တင်လိုက်တယ် .. ကျွန်မနားကို ရေစီးနဲ့  ပြန်ပါလာရင် ဆယ်ယူလိုက်တယ် .. ပြီးပြီ ကျွန်မရဲ့ အ၀တ်လျှော်ခြင်း .. 
တစ်ခါကပေါ့ ထူးထူးခြားခြား လူနာလိုက်ကြည့်ရင်းနဲ့  တောအုပ်တစ်ခုကို ဖြတ်ရတယ် .. တောအုပ်ထဲ စဖြတ်စမှာ ထူးထူးခြားခြား ယဉ်ပါးနေတဲ့ အနံ့ တစ်ခုကို ရလိုက်တယ် .. ဘေးဘီကို ကြည့်တော့လဲ မတွေ့ ဘူး .. နောက်တော့ ကျွန်မခေါင်းမော့ကြည့်လိုက်တော့ အိုးးးးးးးးး ကျွန်မခေါင်းပေါ်မှာရှိတဲ့ သစ်ကိုင်းကြီးရဲ့  အကိုင်းတွေမှာ သဇင်ပန်းတွေ ပေါက်နေတာ ကြည့်လှလိုက်တာ .. ကျွန်မမှာ ခုန်စွခုန်စွနဲ့  အဲသဇင်တွေကို ကြည့်ပြီး လမ်းလျှောက်ရတာ အရသာ တစ်မျိုးဘဲ .. (ကျွန်မတို့  အလုပ်လုပ်တဲ့နေရာက သဇင်ပန်း အရမ်းပေါပါတယ်)
တစ်ခါတစ်လေ လူနာလဲ ရွာထဲမှာလိုက်မကြည့်ဘူး .. အဆောင်ကို တန်းပြန်လာတဲ့အချိန်ဆို အဆောင်မှာ ကျွန်မတို့  တစ်ခုခု လုပ်စားကြတယ် .. မိန်းကလေးကလဲ နည်းတာကြောင့် ဘာလုပ်လုပ် ကျွန်မက ပါလေရာပေါ့ .. ကျွန်မချက်တော့မယ်ဆိုရင် ကျွန်မလက်ရာကိုဘဲ ယုံကြည်လို့ ထင်ပါရဲ့  တော်ရုံ မချက်ခိုင်းဘူး .. နောက်တစ်ခုက ကျွန်မချက်ပြီဆို တစ်ယောက်မှ ကောင်းကောင်းမနေရဘူး .. တွေ့ တဲ့သူအကုန်ခိုင်းတာကြောင့် ကျွန်မကို ဗိုလ်ကတော် ဟင်းချက်နည်းအတိုင်းဘဲတဲ့ ..း)
တစ်ခါတစ်လေ အဆောင်မှာ ကျွန်မတို့  စွန်လွှတ်ကြတယ် .. တစ်ခါတစ်လေ ကန်စွန်းဥ တူးပြီး ပြုတ်စားကြတယ် .. တစ်ခါတစ်လေ မြေပဲတွေနှုတ်ပြီး ပြုတ်စားတယ် .. တစ်ခါတစ်လေ ရုံးက အကိုတွေ ရွာထဲမှာ ကောင်မလေးတွေ သွားရှိတ်ရင် ကိုးလို့ ကန့် လန့်  ကျွန်မ ပါတတ်တယ် .. တစ်ခါတစ်ရံ ဒူးရင်းပင်တွေအောက်မှာ ဒူးရင်းသီးတွေ စားတတ်တယ် .. တစ်ခါတစ်လေ မင်းဂွတ်သီးတွေကို အကျီ င်္တွေ ပေတဲ့အထဲ စားကြတယ် .. တစ်ခါတစ်ရံ ကွမ်းသီးပင်အောက်မှာ သွားထိုင်တတ်ကြတယ် .. တစ်ခါတစ်ရံ ရွာထဲမှာ လူနာဆေးသွားကုကြတယ် .. တစ်ခါတစ်ရံ ရွာနီးချုပ်စပ်က ဘုရားဖူးထွက်ကြတယ် .. တစ်ခါတစ်လေ ရေတံခွန်တွေဘက် သွားတတ်ကြသေးတယ် .. တစ်ခါတစ်လေ ညဥ့်နက်တဲ့အထိ သီချင်းတွေဆိုတတ်ကြတယ် .. တစ်ခါတစ်ရံ ပိုးစုန်းကြူးလေးတွေ လိုက်ဖမ်းတတ်ကြတယ် .. ဒါ ကျွန်မတို့ အဖွဲ့ ရဲ့  ပျော်ရွှင်စရာ အပန်းဖြေနည်းလေးတွေပါ …
(ထားဝယ် MSF အလွမ်းပြေလေးပါ)
ကျွန်မနှင့် သီတင်းကျွတ်
21:18 Posted by ကျောပိုးအိတ်
သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးဇာကိုရေနံဆွတ်ပါ
မှိုင်းဝမှလွှတ်ပါ။
သီတင်းကျွတ်ပြီတဲ့။ မိုးလေကင်းလွတ်ပြီလို့ ထင်ရပေမယ့် ခုထိမလွတ်သေးပါဘူး။ မုန်တိုင်းတွေကလဲ ပေါ်ကောင်းတုန်းပါဘဲ။ မိုးကလဲရွာကောင်းတုန်း။ ရာသီဥတု ဘယ်လိုဘဲ ဖြစ်နေပါစေ .. ၀ါအကျွတ်ကို အားကြိုးမာန်တတ် လက်ချိုးပြီး ရေတွက်စောင့် နေသူများအတွက်တော့ မင်္ဂလာရှိတဲ့အခါသမယပါဘဲ။ 
ကျွန်မအတွက်တော့ သီတင်းကျွတ်တာလဲ ကျွန်မနဲ့ မဆိုင်သလို။း( ။ လာလိုက်တဲ့မင်္ဂလာဆောင်ဖိတ်စာ။ ဆောင်ဆောင်နိုင်လွန်း တယ်။ (တကယ်တော့ မနာလိုပြီး အားကျတဲ့လေသံနဲ့ ) 
ဖိတ်တဲ့လူကလဲ ကြိုးနဲ့ တစ်ခါထဲချည်သွားတယ်။ တို့ မင်္ဂလာဆောင်မလာ ရင် နင့်မင်္ဂလာဆောင်လဲမလာဘူးတဲ့။ ဟော သွားပြန်တော့လဲ အနှောင့်အသွားက မလွတ်ချင်။ ဘယ်တော့လဲ။ ငှက်ပျောပင်စိုက်ထားပြီလား။ဘာညာနဲ့ ။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး
တွေ့ တဲ့သူတိုင်းကလဲ ဘယ်တော့လဲ။သူများတွေကျွတ်ကုန်ပြီနော်။အားမကျဘူးလား။ရွှေလက်ဘယ်တော့ တွဲမလဲတဲ့။ စိတ်ရှိလက်ရှိသာ အော်လိုက်ရရင်တော့။ 
ဟော ချစ်စရာကောင်းတဲ့ကလေးလေးတွေ တွေ့ လို့  ချီလိုက်မိရင်လဲ ကိုယ်တိုင်မွေးပါလားတဲ့။ ဘာလုပ်လုပ် အနှောင့်အသွားကမလွတ်ချင်ဘူး။
ဝါကျွတ်ပြီနော်။စားရတော့မှာလားတဲ့။ ၀ါမကျွတ်လဲကျွေးနေတာကို။ဝါက သူ့ ဘာသာကျွတ်တာ။နှစ်တိုင်းလဲ ကျွတ်နေတာဘဲ။ ခုတော့ ဟွန့် ။ သူများမစွံတာ လူသိလိုက်တာ။
ပြီးတော့ လာလိုက်တဲ့ ဘုံကထိန်။ ဟောတစ်စောင် ဟောတစ်စောင်နဲ့ ။ လာသမျှအလှူခံကိုလဲ နှမြောတွန့်  တို ခြင်းမရှိ။ လှူခဲ့တာဘဲ။ အလှူခံဖြတ်ပိုင်းမှာ နာမည်ရေးတော့ ထုံးစံအတိုင်း တိုင်ကပတ်ပြန်ရော။ ကျွန်မနာမည် ဘဲပါပြီး နောက်တစ်ယောက်နာမည်မပါလို့  တဲ့။ နောက်တော့ အပြောဆိုလွတ်အောင် ဖေဖေနဲ့ မေမေနာမည် ထည့်တော့မှ နည်းနည်း အနေအစားချောင်တော့တယ်။
နောက်တစ်ခုက ဗျောက်အိုးဖောက်တာ။ ကျွန်မအရမ်းကြောက်ပါတယ်။လန့် လဲအရမ်းလန့် ပါတယ်။ တစ်ညနေမှာ အေးအေးလူလူ ရုံးကသူငယ်ချင်းတွေနဲ့ လမ်းလျှောက်နေတုန်း ဗျောက်အိုးသံအနီးကပ်ကြားလို့  လန့် ပြီးအော်မိတော့ အပျိုကြီးတွေများ ဒီအသံလေးလောက်ကို ကြောက်တယ်ပေါ့လေ။ ဒါဆို အကြောက်ပြေ ယောကျာင်္းမြန်မြန်ယူတဲ့။ ဘယ်လိုဘဲစဉ်းစားစဉ်းစား ဘာမှလဲမဆိုင်ဘူး။
စိတ်လေတယ်နော်။စိတ်လေတယ်။
(ရေးပြီးသား ပို့ စ်အဟောင်းလေးပါ) မဖတ်ရသေးရင်တော့ အသစ်ပေါ့ကွယ် .. ဟီးးးးးး
ငပိထမင်းကြော် နဲ့  ၀က်သားကင်
17:41 Posted by ကျောပိုးအိတ်
 ငပိထမင်းကြော်ပါရှင့် .. ဘာတွေပါလဲဆိုတော့ ငပိပါတယ် .. ၀က်သား .. ပုဇွန်ခြောက်ကြော် .. သရက်သီးစိမ်း.. ငရုတ်သီးကြော် .. ကြက်ဥကြော် ..သခွားသီးနဲ့  ကြက်သွန်နီရယ် နံနံပင်ရယ် :D:D
 ငပိထမင်းကြော်နဲ့  စားဘို့ အအီပြေ အချဉ်
ဝက်သားကင်နဲ့ တို့ စားမယ် :D
နေနေ - မညီမျှခြင်း
07:33 Posted by ကျောပိုးအိတ်
ကျွန်မ အကြီးကြီး ကြိုက်သော သီချင်းတစ်ပုဒ်ပါ ။
ငါချစ်မိသွားတဲ့အခါ
16:28 Posted by ကျောပိုးအိတ်
စာရေးဘို့ ရာ တော်တော်လေး ပျင်းနေတယ် .. (တဂယ်ကြီးက ပျင်းတယ်ဆိုတာထက် တစ်ယောက်သောသူကို အကြီးကြီး သတိရပြီး လွမ်းနေလို့  မရေးဖြစ်တာ။) ဘလော့လေးလဲ ပြစ်ထားတာ စိတ်ဆိုးနေရော့မယ်လေ။ အဲဒါကြောင့် ခုနည်းနည်း ကော်ပီဆွဲလိုက်တယ် .. ;P
ငါအိုသွားသောအခါ ဆိုတဲ့ စာသားလေးကို ချစ်ဆုံးကြီးအတွက် ပြင်ပြီး ပြန်ရေးပေးလိုက်ပါတယ်။ အမှားပါခဲ့သော် သည်းခံပေးပါရှင့် .. ;D
ငါချစ်မိသွားတဲ့အခါ
ငါဟာအရင်ကငါမဟုတ်တော့ဘူး။ငါ့ကိုနားလည်ပေးပါ။စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။တုန်နေတဲ့လက်တွေ
နဲ့ ထမင်းဟင်းတွေအင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့ .. ငါဟာ ငါ့ကိုယ် ငါတောင် ဂရုမစိုက်နိုင်ဘဲ.. နင့်အတွက်ကိုသာ တွေးနေမိလို့ ပါ ။
အပ်ကြောင်းထပ်မကပြောဘူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။ နင်ပျင်းနေမှာစိုးလို့  ငါစကားတွေ ကြံဖန်ပြောပေးပြီး နင့်ကို အဖော်လုပ်ပေးနေလို့ ပါ ။
ရေချိုးခန်းထဲ ၀င်တဲ့အခါ မြန်မြန်ရေချိုးဘို့  ငါအော်ခဲ့တာ နင်စိတ်မဆိုးပါနဲ့  ။ ရေချိုးကြာပြီး နင်နေမကောင်းဖြစ်မှာ စိုးရိမ်လွန်းလို့  အော်မိတာပါ။
ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့ ။ ငါဟာနင့်ကိုဘဲ ဂရုစိုက်ဘို့ တွေးနေမိလို့  ကျန်တာတွေ ငါမသိခဲ့တာပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျှပြီးလမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။နင့်ရဲ့ အကြင်နာနဲ့ ဖေးကူလာမယ့် လက်အစုံကို ငါမျှော်လင့်နေလို့ ပါ။
ငါနေမကောင်းလို့  ဆေးသောက်ဘို့ ငြင်းတိုင်း နင်နားလည်ပေးပါ ။ နင့်ရဲ့ အကြင်နာနဲ့  တိုက်လာမယ့် ဆေးတွေကို ငါတိတ်တိတ်လေး မျှော်လင့်နေလို့ ပါ။
နင်တစ်ယောက်ထဲ အားငယ်နေတဲ့ အချိန်တိုင်းမှာ ကျေးဇူးပြုပြီး ငါ့ကိုခေါ်လိုက်ပါ ။ ငါရောက်ရာအရပ်ကနေ ပြေးလာမှာမို့  ဘယ်တော့မှ နောက်မကျစေဘဲ နင့်အတွက် ဖြစ်စေရမှာပါ။
ငါနင့်ကို တစ်ခါတစ်ရံ စိတ်ကောက်တယ်ဆိုတာကလဲ နင်ဟာငါ့အပြင် နောက်တစ်ယောက် ရှိသွားမှာစိုးလို့ ဆိုတဲ့ စိတ်တစ်ခုထဲနဲ ငါကလေးဆန်မိတာပါ။
တစ်နေ့ ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့ နားလည်ပေးပါ။အားပေးပါ။အရင်တုန်းကလူ့ ဘ၀ တက်လမ်းအတွက်ငါလမ်းညွှန်ခဲ့သလိုအခုချိန်မှာငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။ ချစ်ခြင်း မေတ္တာ တွေနဲ့ အေးမြမှု တွေကိုငါပြုံးပြုံးလေးခံယူမှာပါ။အဲ့ဒီအပြုံးတွေထဲမှာမဆုံးတဲ့ငါ့မေတ္တာတွေတွေ့ ရမှာပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ..ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို..ငါမေ့သွားတဲ့အခါ..အချိန်ပေးပြီး စဉ်းစား ခွင့်ပေးပါ။စကားအကြောင်းအရာတွေက ငါ့အတွက်အရေးမကြီးဘူး။ဘေးကနေငါပြောသမျှတွေကို နားထောင်ပေးရင် ကျေနပ်ပါပြီ
အချို့ စာသားတွေက ငါအိုသွားသောအခါထဲမှ တိုက်ရိုက်ယူထားပါတယ် .. မူရင်းအရသာ ပျက်သွားခဲ့ရင် ကျွန်မကဘဲ မူရင်းရေးသားသူကို တောင်းပန်ပါတယ်နော် ..
ကျွန်မနှင့်မြွေ
22:22 Posted by ကျောပိုးအိတ်
မှတ်မှတ်ရရ အဲဒိနေ့ က သင်္ကြန်အတတ်နေ့ ။ ကျွန်မဖေဖေ တာဝန်ကျနေတဲ့ နယ်မြို့ လေးမှာတော့ သင်္ကြန်ကို အချိန်တော်တော်ကြာ ကျင်းပတယ်။ ဥပမာ သင်္ကြန်မကျခင်မှာ ကလေးသင်္ကြန်ဆိုပြီး ( ကလေးနည်းနည်း လူကြီးများများ) ၃ရက်ကြိုပါတယ်။ သင်္ကြန်ပြီးတော့လဲ တောသင်္ကြန်ဆိုပြီး နောက်ထပ် ၃ရက်ဆက်ပါတယ်။
ဒါတောင်ရေတွင်းထဲကရေကိုခပ်ပြီးပက်ရလို့ ။ မဟုတ်ရင်တော့
;(
ဖေနဲ့ မေကတော့ တာဝန်အရ မဏ္ဍပ်ကို နေ့ တိုင်းသွားရတယ်။ ကျွန်မကတော့ အိမ်မှာနှပ်ရင်းအိမ်စောင့် နေခဲ့တယ်။
အတတ်နေ့ ရောက်တော့ တိုင်းမင်းကြီးကပြောတယ်။ ဘယ်လိုလဲ ရဲမှုး သမီးအငယ်ဆုံးလေးကို အိမ်ထဲမှာဘဲ ဖွက်ထားရလား။ ခေါ်ထုတ်လေတဲ့ ။ နောက်တော့ ဖေက ကျွန်မဆီ ဖုန်းခေါ်ပြီး မီးလေးရေ တိုင်းမင်းကြီးက လာရမယ်ပြောတယ်။ ခု အိမ်ကို ကားပြန်လွှတ်လိုက်တယ်။ မီးလေး မဏ္ဍပ်လိုက်ခဲ့ရမယ်လို့ ပြောလာပါတယ်။
သြော် ကျွန်မအိမ်မှာ အေးဆေးနေတာ မကြည့်ရက်ဘူးထင်ပါ့။ နောက်တော့ လာကြိုတဲ့ ကားနဲ့ ကျွန်မလဲ ကိုးလို့ 
ကန့် လန် နဲ့ ပါလာတယ်။ အတတ်နေ့ ဆိုတော့ မဏ္ဍပ်ပိတ်ပွဲလဲရှိနေသေး တော်တော်မိုးချုပ်မှပြီးမှာ။
တစ်မနက်လုံးရေစိုနေတာကြောင့် ညနေအေးမှာ ကျွန်မက အရမ်းချမ်းနေပြီ။ မေ့ ကို တိုးတိုးလေး အနားကပ်ပြီး မေပြန်လို့  မရဘူးလား။ အရမ်းချမ်းနေပြီဆိုတော့ မေကပြန်လေ အိမ်ရောက်ရင်နွေးနွေးထွေးထွေးနေဆိုပြီးတော့ ကျွန်မကို အိမ်ပြန်ခိုင်းပါတယ်။
ကျွန်မလဲအိမ်ရောက်တော့ နောက်ဖေးမီးဖိုဆောင်ဘက်ဝင်ပြီး မီးသွေးယူ ရေနွေးတည်မယ်ပေါ့။ မီးသွေးအိတ် ပေါ်ကို လက်တင်လိုက်တော့ အေးစက်စက်ကြီး။ ဘာကြီးလဲမသိဘူးဆိုပြီး စဉ်းစားလိုက်ရတာ။ ကြောင်ချေးလား။ မဖြစ်နိုင်ပါဘူး။ ဘာကြီးလဲမသိဘူးဆိုပြီး အဲဒိ အေးစက်စက်ကြီးကို ညှစ်ကြည့်လိုက်တော့ အား………………… မြွေ မြွေ။ ကျွန်မကိုခေါင်းထောင်ကြည့်နေတယ်။ ဘာရမလဲ သိတယ်ဟုတ် နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဘဲ ပြေးလိုက်တာ တန်းနေရော။
ကျွန်မတို့ နေတဲ့ အိမ်နဲ့  လူပျိုဘားတိုက်က နည်းနည်းလေးဝေးတယ်။ လူပျိုဘားတိုက်ကိုသွားပြီး ဘယ်သူရှိလဲ ဘယ်သူရှိလဲ အိမ်ထဲမှာ မြွေမြွေဆိုတော့ ကိုလူပျိုတစ်သိုက် တုတ်ဆွဲ ဓါးဆွဲနဲ့ ပြေးလာကြပါရော။ နောက် သူတို့  သတ်လိုက်ကြတယ်။
ညရောက်တော့ ဟိုတွေးဒီတွေးနဲ့  ညနေက သတ်လိုက်တဲ့ မြွေကိုပြန်စဉ်းစားမိတယ်။ မြွေက ငါ့ကို ကျေနပ်ပါ့ မလား။ ငါ့ကြောင့် သူသေတာဆိုပြီး သရဲလာ ခြောက်ရင်သေပြီ လို့ တွေးမိပြီး ဖေနဲ့ မေကြားထဲမှာ အဲဒိညက ၀င်အိပ်လိုက်တယ်။ အဲ့ဂလောက်သတ္တိရှိတာ။
၂လလောက်ကြာတော့ ကျွန်မ ရေချိုးမယ်ဆိုပြီး ရေချိုးခန်းထဲ ၀င်လာတယ်။ ပြီးတော့ သီချင်းလေး တအေးအေး
နဲ့  အိမ်နောက်ဖေး ခြံထဲမှာ သီးနေတဲ့ ငှက်ပျောခိုင်ကိုငေးပြီး တံခါးကိုဖွင့်လိုက်တော့ ဘုတ်တဲ့ ။ ပုခုံးပေါ် ဘာလဲမသိဘူး ပြုတ်ကျလာတယ်။
ကျွန်မက ဘာပြုတ်ကျတာလဲမသိဘူးဆိုပြီး ငုံ့ ကြည့်လိုက်တော့ မြွေဖြစ်နေရော။ ဆိုနေတဲ့ သီချင်းတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ အာခေါင်ခြစ်ပြီး အော်လိုက်တယ်။ မေကပြေးလာပြီး မကြောက်နဲ့ မကြောက်နဲ့  ဆိုပြီး မေတ္တာပို့ တယ်။
ပရိတ်ကြီး ၁၁ သုတ်ထဲက ခန္ဓာသုတ်ရွတ်တော့ အမောင်မြွေက လျှောကနဲ ထွက်သွားတယ်။ ဒီတော့မှ ကျွန်မလဲ စိတ်အေးရတော့တယ်။
နောက်တစ်ခါက ကျွန်မအိပ်ခါနီးပါ။ အိပ်ကာနီး စာဖတ်တတ်တဲ့အကျင့်က ရှိနေတော့ စာဖတ်လိုက်တာ တော်တော်ညဥ့်နက်သွားတယ်။ မေကစောစောအိပ်နော်လို့ လာလာပြောတာ ၁၀ကြိမ်ထက်မနည်းတော့ဘူး။ မျက်လုံးညောင်းလာပြီး နာရီကြည့်လိုက်တော့ မနက် ၂း၀၀ တောင် ထိုးတော့မယ်။ တစ်အိမ်လုံးအိပ်ကုန်ပြီ။ ကျွန်မလဲ ခြင်ထောင်ကို ထပြီးချရမှာ ပျင်းလေတော့ အိပ်ရင်းနဲ့ ဘဲ မိန်းကလေးပီသစွာ အောက်ကနေ ခြင်ထောင်အမိုးကို ကန်ချလိုက်တယ်း)။
ကြားလိုက်ရတာက ဘုတ်တဲ့။ လာပြန်ပြီ ဒီဘုတ်ဆိုတဲ့အသံ။ သေချာတယ် ဒါမြွေပြုတ်ကျတဲ့ အသံဘဲ။ မေတို့  ကိုလဲ မနှိုးတော့ဘဲ မျက်စိကိုစုံမှိတ်ပြီး မေရွတ်သလို မေတ္တာပို့  လိုက်တယ်။ ရွတ်နေတုန်း ကုတင်အောက် ခိုးကြည့်လိုက်တော့ အောင်မာ မြွေကလဲကျွန်မကို ကြည့်နေတယ်။ ဘုရားဘုရား ငါမေတ္တာ ပို့  တာမစွမ်းလို့ လား။ ခုထိမသွားသေးဘူး။ နောက်ဆုံးမေတ္တာပို့ တာကို မြွေကဘဲ နားမလည်တာလား ။ ဘာလားတော့ မသိတော့ဘူး။ မသွားဘူးရှင်။ ပေတေပြီးကျွန်မ ကုတင်အောက်မှာ ခွေနေတယ်။
အင်း …… ငါကောင်းကောင်းပြောနေတယ်နော် ။ ခေါင်းမာနေတယ်ဟုတ်လား ။ ဒီတော့လဲ ရတယ် ရတယ် နင်ကငါမေတ္တာပို့ တာ မရဘူးဟုတ်လား။ အေးတွေ့ မယ်။ နင့်ကိုငါချက်စားမယ်။ ပါးပါးလှီးမယ်။ တုတ်ထိုးလို အချဉ်ရေ စပ်စပ်နဲ့ စားပြစ်မယ်။ ဘာမှတ်လဲ။ ဘာညာဆိုပြီး ရွတ်လိုက်တယ်။
အဟား………………. ကျွန်မရွတ်လိုက်တာကို မြွေကနားလည်သွားလားမသိဘူး။ လျှောကနဲ့ ပြန်ထွက်သွားတယ်။
ကျွန်မလဲ ဒီတော့မှ စိတ်ချလက်ချအိပ်ရတော့တာ မနက် ၉း၀၀ နာရီထိုး မေလာနှိုးမှ နိုးတော့တယ်…….
သတိရမိသည် ကမ်းခြေဆီ
06:43 Posted by ကျောပိုးအိတ်
ပင်လယ်လှိုင်းတွေက ကျွန်မရဲ့  ခြေဖ၀ါးမှာ လာနားလိုက် ပြန်ထွက်သွားလိုက်နဲ့  အလုပ်ရှုပ်နေသလို သန့် ရှင်း လတ်ဆပ်သော လေနုအေးလေးတွေကလဲ ရှည်လျှားလှတဲ့ ကျွန်မရဲ့  ဆံနွယ်တွေကို မြူးတူးတိုးခွေ့ လို့ ။
ကျွန်မရပ်နေတာကတော့ ပင်လယ်ကမ်းစပ်တစ်ခုမှာပေါ့။ ဟိုး……………… အဆုံးအစ မရှိတဲ့ ပင်လယ်ပြင်ကြီးနဲ့  ပတ်ပတ်လည် ကာရံထားတဲ့ ပြာလွင်တဲ့ တောင်တန်းကြီးတွေကို ငေးကောင်းကောင်းနဲ့  ငေးနေမိပါတယ်။
ကျွန်မငေးနေတာ ဘယ်လောက်ကြာသွားလဲဆိုတာ မသိပါဘူး။ ကျွန်မရဲ့ နောက်ကျောကို အရှိန်ပြင်းပြင်းနဲ့  ၀င်တိုက်လိုက်မှ ကျွန်မသတိပြန်ဝင်လာခဲ့တယ်။မထင်မှတ်ဘဲ ၀င်တိုက်ခံလိုက်ရလို့  အရှိန်မထိန်းနိုင်ဘဲ သဲသောင်ပြင်ပေါ် ကျွန်မဖင်ထိုင်ရက် ပြုတ်ကျသွားတယ်။
စိတ်ထဲမှာ အရမ်းလဲရှက်သွားတယ်။ ပြီးတော့ ဒေါသလဲ အရမ်းထွက်သွားတယ်။ ကြည့်စမ်း ဘယ်လောက်ရမ်းကားမှုလဲ။ အေးအေးဆေးဆေး ဘယ်သူ့ ကိုမှ မနှောင့်ယှက်ဘဲ နေနေတာတောင် မလွတ်ဘူး။
“ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ ဘယ်များနာသွားသေးလဲ။”
“ရတယ်ရတယ် ။ ဘာမှမဖြစ်ဘူး။”
“ကျွန်တော်လဲ သူငယ်ချင်းတွေနဲ့  ကမ်းခြေကိုဘယ်သူအရင်ရောက်မလဲလို့ အပြေးပြိုင်ခဲ့တာ ။ မထင်မှတ်ဘဲ အရှိန်ထိန်းမရလို့ ”
ကျွန်မလဲထူပူနေတာနဲ့  ဘာတွေပြောခဲ့မိမှန်း မသိတော့ပါဘူး။ ကမ်းခြေမှာ ပျော်ပွဲစားထွက်လာတဲ့ သူငယ်ချင်းတွေဆီလဲ ဘယ်လိုရောက်လာမှန်းမသိတော့ပါ။
နောက်မှသိရတာ သူကကျွန်မတို့ ပျော်ပွဲစား ထွက်လာတဲ့အုပ်စုထဲကဘဲတဲ့။ ဒီလောက်ပတ်ဝန်းကျင်ကို စိတ်ဝင် စားတဲ့ကျွန်မအဖြစ် ။
သူငယ်ချင်းတွေမိတ်ဆက်ပေးအရ သူဟာဒီမြို့ လေးရဲ့ တင်းနစ် လက်ရွေးစင်တဲ့။ဖြူစင်တဲ့ အသားအရည် ၊ ဖော်ရွေတဲ့အပြုံးများ ၊ နူးညံ့တဲ့ မျက်ဝန်းများ ၊ ချောမောတဲ့ သူ့ ရုပ်သွင်တွေကြားမှာ ကျွန်မအသက်ရှုဘို့  တောင် မေ့နေတယ်။
ပျော်ရွှင်စရာ ကမ်းခြေနေ့ လေးကို ဘယ်တော့မှ မေ့တော့မှာ မဟုတ်တော့ပါဘူး။
ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျွန်မအလုပ်တစ်ခုပိုလာပါတယ်။ ညနေတိုင်း ဖေဖေ့ရုံးကိုသွားလည်ဘို့ ပါ။ သူတင်းနစ် ရိုက်တာ ဖေဖေရုံးခန်းနဲ့ ဆို မျက်နှာချင်းဆိုင် ဖြစ်နေတယ်။ ညနေဆို ယောင်ပေပေနဲ့  ကျွန်မ ရောက်ရောက် သွားတယ်။
သူကလဲ ကျွန်မလာတတ်တဲ့အချိန်တွေကို မျှော်မျှော်နေတတ်တယ်။ ကျွန်မလာပြီဆိုတာနဲ့ သူ့  ကစားကွက်တွေ က ပိုပြီးအသက်ဝင်လာတယ်။ သူ့ သူငယ်ချင်းတွေနဲ့ လဲ ကျွန်မကိုမိတ်ဆက်ပေးတယ်။
ဒီလိုနဲ့ ရက်ကိုလစား ၊ လကိုနှစ်စားနဲ့  သူနဲ့ ကျွန်မရဲ့ ခင်မင်မှုဟာ အရမ်းကိုခိုင်မြဲနေခဲ့တယ်။ သူ မပါဘဲ ကျွန်မ ဘယ်မှမသွားတတ်တော့သလို သူကလဲဘယ်သွားသွား ကျွန်မ မပါဘဲ မသွားတတ် မလာတတ်ဖြစ်နေတယ်။
မနက်စောစော အေးလွန်းလှတဲ့ ဆောင်းရနံ့ နဲ့  ကျန်းမာရေးလမ်းတစ်လျှောက် အတူတူ အားကစားလုပ်ခဲ့ တာ တွေ။ နေ့ လည်ဘက် ပူနွေးလှတဲ့နွေရာသီမှာ အုန်းရည်ဆိုင်တူတူ ထိုင်ခဲ့တာတွေ။မိုးရာသီ ကမ်းနားလမ်းက ပင်လယ်စာဆိုင်မှာ ကျောက်ပုဇွန်မီးကင်တူတူစားခဲ့တာတွေ။
ဘယ်တော့မှမေ့မရတဲ့ သာယာသော အမှတ်တရနေ့ လေးတွေပါ။
ကျည်းမြောင်းလှတဲ့ ဒီမြို့ လေးမှာ သူတို့ က မြို့ ရဲ့ မျက်နှာဖုံး စာရင်းထဲမှာ ထိပ်ဆုံးမှ နေရာယူထားသလို ကျွန်မကလဲ အရာရှိကြီးသမီးဖြစ်နေတာကြောင့် မြို့ ကလူတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့ပါတယ်။ဒါပေမယ့် အများထင်သလို မဟုတ်ဘဲ သူနဲ့ ကျွန်မ ခုထိ ဖြူစင်နေဆဲပါ။
တစ်နေ့ သူကျွန်မဆီ ဖုန်းဆက်လာတယ်။ အရေးတကြီးတွေ့ ချင်တယ်။ ညနေကျရင် လေဆိပ်လမ်းက စောင့်နေပါတဲ့။ ကျွန်မကလဲ ပြောစရာရှိတာနဲ့ အတော်ဘဲ။ တွေ့ မယ်လေလို့  ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့  ညနေစောင်းတာနဲ့  ကျွန်မလေဆိပ်လမ်းကို လာခဲ့တော့ သူကအရင်ရောက်နေတယ်လေ။
“လမင်း ပြောစရာရှိတာဘာလဲ။”
“အင်းပြောမယ်။ ဒါပေမယ့် သက်လွင်အရင်ပြော။”
လမင်းအရင်ပြော သက်လွင်အရင်ပြောနဲ့ တော်တော်နဲ့ လိုရင်းကိုမရောက်တော့ဘူး။ ထုံးစံအတိုင်း အရာရာမှာ အလျှော့ပေးတတ်တဲ့ (အထူးသဖြင့် ကျွန်မပေါ်မှာ) သူကဘဲစတင်ပြီး အလျှော့ပေးခဲ့ပါတယ်။
“ဒီစကားလေးကိုသေချာနားထောင်ပေးပါ။ ကျွန်တော် လမင်းကို အရမ်းချစ်ပါတယ်။ ကျွန်တော့ချစ်ခဲ့တာခုမှမဟုတ်ပါဘူး။ လမင်း ဒီမြို့ ကို စရောက်တဲ့နေ့ ကတည်းက ကျွန်တော် ခင်မင်ခွင့်ရချင်နေခဲ့တာ။ ပြီးတော့ လမင်းနဲ့ တွေ့ ရအောင် ကမ်းခြေ ပျော်ပွဲစားလေးကို ကျွန်တော်စီမံခဲ့တာ။ ”
“အဲဒိကမ်းခြေမှာလဲ လမင်းသတိထားမိလောက်အောင် ကျွန်တော် တမင်သက်သက် ၀င်တိုက်ခဲ့တာ။ လမင်းကို အရမ်းချစ်တယ်ဗျာလို့  ဆိုတဲ့ ဒီစကားကိုပြောချင်ခဲ့တာ ကြာလှပြီ။ ဒါပေမယ့်မပြောရဲဘူး။ လမင်းနဲ့  ခင်မင်ခွင့်လေး ပျောက်သွားမှာဆိုးလို့ ။ ခုတော့ ဘယ်လိုမှမနေနိုင်တော့လို့  ကျွန်တော်ဖွင့်ပြောတာ။ လမင်းကျွန်တော့်ကို စိတ်ဆိုးလား။ ကျေးဇူးပြုပြီး တစ်ခုခု ပြန်ပြောပေးပါဗျာ။”
“ဒီစကားကို ဟိုးတုန်းကသာ ပြောခဲ့မယ်ဆို အရမ်းပျော်ဘို့ ကောင်းမှာဘဲနော်။ ဒါပေမယ့်ကိုသက်လွင် တကယ့်ကို နောက်ကျသွားပါပြီရှင်။ ကျွန်မတို့ မနက်ဖြန်ဆို အခြားနေရာကို ပြောင်းရတော့မယ်။ မြန်မာပြည်အထက်ပိုင်းကို။ ပြောင်းမိန့် ကျတာ ကြာပါပြီ။ ဖေဖေ အလုပ်များနေတာနဲ့ ချက်ခြင်းမပြောင်းဖြစ်တာ။ ခုတော့ ကျွန်မ ကိုသက်လွင်ကို လာနှုတ်ဆက်တာ။ ကျွန်မလေ ကျွန်မ………………”
နောက်နေ့ မနက် ၁၀နာရီမှာ ကျွန်မတို့ မိသားစု အဲဒိချစ်စရာကောင်းတဲ့ တောင်တန်းတွေပေါများလှတဲ့ ရေတံခွန်တွေပေါများ လှတဲ့ မြို့ လေး ကို နှုတ်ဆက်ခဲ့ပါတယ်။ လေယာဉ်ကွင်းထဲရောက်တော့လဲ ဖေဖေကိုလာရောက်နှုတ်ဆက်ကြတဲ့ အရာရှိကြီးငယ်တွေ ကြားထဲမှာ ထိုင်နေရင်း ဒီမြို့ လေးရယ် အထူးသဖြင့် ကိုသက်လွင်ရယ် အဲဒါတွေကို စိတ်ထဲကနေ နှုတ်ဆက်နေမိတယ်။
လေယာဉ်ဆီသွားဘို့  အပြင်ကိုရောက်တယ်ဆိုရင်ဘဲ ကျွန်မရဲ့ စိတ်ထဲမှာ ထင့်ကနဲဖြစ်သွားတာကြောင့် နောက်လှည့်ကြည့်မိတော့
အိုး………………..ဘုရားရေ ကိုသက်လွင် ။ကျွန်မက မလာတော့ဘူးထင်နေတာ။ ကျွန်မခြေစုံရပ်ပြီး သူ့ ကို ငေးကြည့်မိနေတယ်။ နောင်ဘယ်တော့များမှ ပြန်ဆုံတွေ့ မှာလဲ။ သူကလဲ ကျွန်မကို မျက်တောင် မခတ်တမ်း ကြည့်နေပါတယ်။ ကျွန်မသူ့ မျက်ဝန်းကိုကြည့်လိုက်တော့ သူ့ မျက်ဝန်းတွေက မျက်ရည်ကြောင့် ထင်ပါရဲ့  ။ စိုလက်နေပါတယ်။
ကျွန်မ ကိုသက်လွင်ကို ငေးနေတာ ဘယ်လောက်ကြာသွားလဲ မသိဘူး။ လေယာဉ်မယ်လေးမှ လာရောက်ခေါ်ယူတာကြောင့် ကျွန်မနောက်ဆုံးအကြိမ် ကြည့်ပြီးလက်ပြနှုတ်ဆက်ကာ လေယာဉ်ဆီကို ပြေးလာခဲ့မိတယ်။
လေယာဉ်ပေါ်ရောက်တော့ ကျွန်မ ကိုသက်လွင်ရှိမယ့် နေရာကို မှန်းပြီးကြည့်လိုက်တော့ ကိုသက်လွင်က ကျွန်မကို မမြင်ရပေမယ့် မြင်ရသူ အလား ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ပြီး ကြည့်နေတယ်။ မေကဘာမှမပြောဘဲ ကျွန်မခေါင်းကို လက်နဲ့  ပုတ်ပေးတယ်။ ကျွန်မတို့ စီးမယ့်လေယာဉ်ကြီး စတင်ထွက်ခွာနေပေမယ့် ကိုသက်လွင်ကတော့ နေရာကနေ မရွှေ့ ဘဲ ကျွန်မတို့ လေယာဉ်ကြီးကို ကြည့်နေတယ်။
ဒီလိုနဲ့ လေယာဉ်ကြီးက ဟိုးကောင်းကင်ဖြူဖြူကြီးဆီကို အရှိန်နဲ့ ထိုးတတ်သွားပြီ။ ကျွန်မချစ်တဲ့ဒီမြို့ လေးနဲ့  ကိုသက်လွင်ကလဲ ဟိုးအဝေးမှာ မှုန်ပြပြ။
အပျိုကြီးလေသံ
07:33 Posted by ကျောပိုးအိတ်
တကိုယ်တည်း အပျိုကြီးပေမယ့်
ဟဲ့- တို့သွေးကို လာမစမ်းနဲ့ ပြာနှမ်းသွားမယ်။
မပူချင်တာကို မယူချင်လို့ မထင်စမ်းနဲ့ ...စာဖွဲ့ပြမနေချင်ပါဘူး။
အပျိုကြီး ... အပျိုကြီးနဲ့ ခနဲ့တဲ့တဲ့ စကားလုံး
ပြုံးတုံ့တုံ့ မျက်နှာပေး
အပျိုကြီးဖြစ်ခြင်း သူ့အဘ စီးပွားအိုး
တုတ်နဲ့ထိုးမိသလား။
မနိုင်ဝန်ဒဏ် သူခံနေရလို့လား။
တို့မှာ သိက္ခာရှိတယ်။ မာနရှိတယ်။
(အပျိုကြီးဆိုတဲ့)
ဂုဏ်ရှိတယ်။
ရည်ရွယ်ချက်ပန်းတိုင်ဆိုတာရှိတယ်။
လျှောက်ရမယ့်လမ်း စမ်းတဝါး ဖြစ်မနေဘူး
အရူးတွေအလုပ် အရှုပ်ထုပ် တို့မလုပ်
အဟုတ်ထင်မနေကြနဲ့။
တို့ဘဝမှာ အိမ်ရာထွက်လည် ချုပ်ချယ်မယ့်သူ ရှိဘူး။
ဒီကို ဟိုသွား တားမြစ်မယ့်သူ မရှိ
စီးပွားတွက်ခက် ရိုက်နှက်မယ့်သူလည်း ဝေးတာမို့
ပူပင်ကင်းလှ ဒီဘဝကို
(....) နေသားကျခဲ့ပြီ။
ကျွန်မရေးတာ မဟုတ်ပါဘူးရှင့်။ ကျွန်မနဲ့ အရမ်းခင်တဲ့ မဂျာမွန်းဆိုတဲ့ အမဆီက ကူးလာတာ။
း)
အဲဒီနေ့ က
18:30 Posted by ကျောပိုးအိတ်
ပူပြင်းလှတဲ့ နွေရက်တစ်ရက်မှာ ကျွန်မ နယ်ပြောင်းဘို့  အမိန့် ကျလာပါတယ်။ ကျွန်မဒီအလုပ်ကို လုပ်လာခဲ့တာ အခုဆိုရင် ၅နှစ်ပြည့်တော့မယ်။ ၅နှစ်ဆိုတဲ့ သက်တမ်းတစ်လျှောက်မှာ ကြီးကြီးမားမား အမှားယွင်းလုံးဝမရှိအောင် အမြဲဂရုစိုက်ခဲ့တယ်။ လုပ်ငန်းခွင် အဆင့်အရတိုက်ရိုက်အုပ်ချုပ်တာကတော့ အင်္ဂလိပ်လူမျိုးဖြစ်ပြီး မြန်မာဘက်မှာ စီမံကိန်းဆရာဝန်က အကြီးဆုံးပါ။ စီမံကိန်း ဆရာဝန်ပြီးရင် ( Admin )ရာထူးရထားတဲ့ ကျွန်မက ဒုတိယအကြီးဆုံး တာဝန်ကို ယူထားရပါတယ်။
ရုံးမှာ အသက်အငယ်ဆုံးဖြစ်ပေမယ့် ရာထူးအရကြီးနေတာကြောင့် အားလုံးက နာမည်တောင် မခေါ်ဘဲ သမီးလေးလို့  ကျွန်မကို ခေါ်ကြပါတယ်။ ကျွန်မရဲ့ ဘ၀က တစ်နေ့ တစ်နေ့  ရိုးရှင်းစွာနဲ့ ဖြတ်သန်းလာခဲ့တာ အခုဒီဇင်ဘာဆို ၅နှစ်ပြည့်ပါပြီ။ ကျွန်မပတ်ပို့ စ်က ၅နှစ်သက်တမ်းရှိတာကြောင့် ဒီနှစ်ပြီးရင် ပတ်ပို့ စ် သက်တမ်း ထပ်မတိုးတော့ဘဲ ပြန်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့တာ။
ကျွန်မ ဒီဇင်ဘာအပြီးပြန်တော့မယ်လို့  စကားကြုံလို့ ပြောလိုက်တိုင်းမှာ ကျွန်မရုံးက လုပ်ဖော်ကိုင်ဖက်တွေ မျက်နှာ မကောင်းကြ ပါဘူး။ တချို့ တလေဆို ပြန်တော့မှာသာ ပြန်ပါသမီးရယ် .. မပြန်ခင်စပ်ကြားမှာတော့ ဒီဇင်ဘာအပြီး ပြန်မယ်ဆိုတဲ့ စကား ခဏခဏ မသုံးပါနဲ့ ဆိုပြီး ၀မ်းနည်းစွာဆိုတတ်ကြသေးတယ်။
ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်လာရင်း မထင်မှတ်တဲ့ ကြီးမားသော ကံမကောင်းမှု ကျွန်မဆီကို တိုက်ရိုက် ရောက်လာခဲ့တယ်။ မထင်မှတ်ဘဲ ရောက်လာတဲ့ ကံမကောင်းမှုကို ကျွန်မ အောင်မြင်စွာ မရှောင်တိမ်းနိုင်ခဲ့ဘူး။ အရာရာ လဲပြိုခဲ့တယ်။ အဆိုးဆုံးမှာ ကျွန်မပျော်ရွှင်ခဲ့တဲ့ ကျွန်မရဲ့  လုပ်ငန်းကို ထိခိုက်မှုက ပိုပြီးဆိုးရွားခဲ့ပါတယ်။
ဘယ်လောက်ထိတောင် ဆိုးရွားခဲ့လဲဆို ကျွန်မကို အလုပ်ထုတ်ပစ်မယ့် အခြေနေတောင် ရောက်ရှိလာခဲ့တယ်။ ဒါပေမယ့် အစစ အရာရာ လုပ်ငန်းကျွမ်းကျင်မှုကြောင့် မျက်နှာလွှဲပြီး စိတ်ချရတဲ့ ကျွန်မရဲ့  လုပ်ကိုင်မှုကို အသိမှတ်ပြုတာကြောင့် အလုပ်မထုတ်တော့ ဘဲ နယ်ပြောင်းဘို့  ကျွန်မကို ပြောလာပါတယ်။
နောက်တစ်နေ့  မနက်မှာတော့ ကျွန်မကို နယ်ပြောင်းရမယ်။ လောလောဆယ် လက်ရှိရာထူးအတွက် လစ်လပ်နေတာ (၃)နေရာ ရှိတယ်။ ကြိုက်တဲ့နေရာ ရွေးပါတဲ့။ အရာရှိပြောလာတဲ့ နယ်ကို ကျွန်မကြည့်လိုက်တော့ (၂)နေရာက အရမ်းကောင်းပါတယ်။ အဲဒိဆိုက်မှာ ရှိတဲ့ သူတွေအကုန်လုံးနဲ့ လဲ ကျွန်မသိတယ်။ နေမယ်ဆို နေလို့  ကောင်းတဲ့ နေရာလေးပါ။ အဲဒီနေရာတွေမှာ အလုပ်လုပ်ခဲ့တဲ့သူတွေကလဲ အခြားပိုမြင့်တဲ့နေရာမှာ အလုပ်ရလို့  ထွက်သွားတာ ကြောင့် နေရာလစ်လပ်နေခဲ့တာ။
နောက်တစ်နေရာကတော့ ပြောရမယ်ဆို တော်တော်လေး မကောင်းပါဘူး။ ကျွန်မတို့ ရုံးချုပ်ကတောင် လက်မြောက် ထားရတဲ့ နေရာလေးပါ။ သူတို့ ဘယ်လိုဆိုးလဲမသိပေမယ့် ဘယ်အရာရှိမှ ကြာကြာမနေရဘဲ ထွက်သွားရတဲ့ နေရာဆိုးလေးပါ။
ကျွန်မက အရာရှိကို အဲဒီနေရာ ငါသွားမယ်လို့  အဖြေပေးလိုက်တဲ့အချိန်မှာ အားလုံးက ကျွန်မရူးသွားပြီလို့  သတ်မှတ် ခဲ့တယ်။ ဘယ်သူမှမသွားချင်တဲ့ ဆိုးရွားတဲ့ ၀န်ထမ်းတွေ နေတဲ့နေရာကို ဘာလို့  ကျွန်မရွေးခြယ်ခဲ့တာလဲတဲ့။ ဟင့်အင်း အဲဒိအတွက် ကျွန်မမှာ အဖြေမရှိဘူး။
ဒီလိုနဲ့ ကျွန်မ ဆိုးလွန်းတယ်လို့  နာမည်ကြီးလှတဲ့ ဒီနေရာလေးကို ရောက်လာခဲ့ပါပြီ။ လေဆိပ်မှာ ကျွန်မကို ဘယ်သူမှ လာမကြို ကြပါဘူး။ လေဆိပ်ထဲမှာ ယောင်လည်လည်နဲ့  ကျွန်မလိုက်ကြည့်နေမိပါတယ်။ နောက်တော့ လုံးဝ လာမကြိုတာ သေချာနေတာ ကြောင့် ကျွန်မ ရုံးကို ဖုန်းဆက်ပြီး ရောက်နေကြောင်း အကြောင်းကြားလိုက်ပါတယ်။ တစ်ဘက်က ပြန်ဖြေတဲ့ အဖြေဟာ ကျွန်မအတွက် ပူလွန်းလှပါတယ်။
နာရီဝက်လောက် စောင့်ပြီးတော့ ၀န်ထမ်းတစ်ယောက် ဆိုင်ကယ်နဲ့ ရောက်လာတယ်။ ဆရာမ အခန်း စီစဉ်ပေးထား တယ်။ ကျွန်တော့် နောက်က တတ်တဲ့။အဲဒီဝန်ထမ်းစကားပြောလိုက်တော့ စူးရှစွာနဲ့  ကျွန်မနှာခေါင်းထဲ အနံ့  တစ်ခုက အပြေးအလွှား ရောက်လာ တယ်။ ဘုရားရေ ဒါအရက်နံ့ ။ အလုပ်ချိန်မှာ အရက်သောက်နေတာလား။ ကျွန်မ မဝေခွဲနိုင်တော့ဘူး။
နောက်တော့ ကျွန်မအတွက် ငှားပေးထားတဲ့ အခန်းလေးထဲမှာ ပစ္စည်းတွေကို အစီစဉ်တကျ ထားပြီး ကျွန်မအနားယူ ခဲ့တယ်။ နောက်နေ့ မနက်ရုံးတတ်တော့ လှိုက်လှဲမှုကင်းစွာနဲ့  တာဝန်ကျေ လာနှုတ်ဆက်ကြတယ်။ နေပါစေလေ ၀မ်းမနည်းတော့ပါဘူး။ ဒီလမ်းကို ကျွန်မကိုယ်တိုင် ရွေးခြယ်ပြီး လျှောက်လှမ်းခဲ့တာဘဲ။
ပြုတင်းပေါက်နဲ့ မျက်နှာခြင်းဆိုင် ရှိနေတဲ့ ကျွန်မစားပွဲရှေ့ က လိုက်ကာအကြီးကြီးကို ဖယ်ကြည့်လိုက်မယ်ဆို ကျွန်မ သိပ်ချစ်တဲ့ တောင်တန်းကြီးတွေကို တန်းပြီး မြင်ရတယ်။ ဘယ်လောက်ဘဲ မောနေပါစေ တောင်တန်းကြီးတွေကို မြင်လိုက်ရရင် အလိုလိုကို စိတ်ထဲပျော်သွားတာ။ ကျွန်မက အဲ့ဒီလောက်ထိ တောင်တန်းတွေ အပေါ်ကို ရူးသွပ်ခဲ့တာ။
အဲဒီနေ့ က ကျွန်မလိုက်ကာ အကြီးကြီးကို ဖယ်ကြည့်လိုက်တော့ တောင်တန်းတွေ မှိုင်းနေတယ်။ သြော် မိုးရွာတော့မယ် ထင်ပါရဲ့ ။ အဲဒီလိုတွေးပြီး ကျွန်မလုပ်စရာရှိတာတွေ ဆက်လုပ်နေမိတယ်။ နောက်တော့ ၀ုန်းဝုန်းခွမ်းခွမ်း ဆိုပြီး အသံတွေကြားလိုက်ရတယ်။ ကျွန်မရှေ့ မှာရှိနေတဲ့ လိုက်ကာကြီးကြီးနဲ့ ဖုန်းထားတဲ့ ပြုတင်းမှန်တွေက ကွဲပြီး အထဲကို ဖန်ကွဲစတွေ ၀င်လာတယ်။ ကျွန်မလေ ရုတ်တရက် ကြောင်သွားတယ်။
နောက်တော့ ရုံးက၀န်ထမ်းတစ်ယောက်က ဆရာမ လို့ ခေါ်ပြီ ဆွဲချလိုက်တာနဲ့  ကျွန်မလဲကျသွားတယ်။ မီးတွေ ရုတ်တရက် ပျက်သွား တယ်။ လောကကြီး လတ်တလော မှောင်မဲသွားတယ်။ ကားတွေ ဟွန်းတီးသံတွေက လိုအပ်တာထက် ပိုပြီးကျယ်နေတယ်။ လူတွေ အော်သံကြားရတယ်။ သစ်ကိုင်းတွေ လဲကျသံကြားတယ်။ပြုတင်းပေါက် မှန်တွေကနေ တဆင့် မိုးရေစက်တွေက အတားဆီးမဲ့ ၀င်ရောက်လာတယ်။
ရုံးထဲမှာလဲ ဆူညံပွက်လောရိုက်နေတယ်။ အားလုံးနာရီဝက်နီးနီးတော့ ရှိလောက်မယ်။ နောက်တော့မှသိရတာက လေဆင်နှာမောင်း တိုက်တာတဲ့။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဘူးတဲ့ လေဆင်နှာမောင်းပါ။ အခြေနေကောင်းလာပြီဆိုတော့ ကျွန်မတို့ ရုံးမှာ ပျက်စီးခဲ့တာတွေ ရှင်းလင်းကြတယ်။ မထူးဆန်းပေမယ့် အံ့သြစွာ ရုံးကလူတွေရဲ့ စိတ်ကို အနီးကပ် ကျွန်မတွေ့ လိုက်ရတယ်။
အပျက်စီးတွေကို သူမလုပ်ချင် ငါမလုပ်ချင်နဲ့ ယောကျာင်္းလေးတွေကလဲ မိန်းကလေးတွေနဲ့ အပြိုင် တွက်ကပ်နေကြတယ်။ ဒီတော့ ကျွန်မက ဦးဆောင်ပြီး တံမြတ်စည်းကိုင်လိုက်တယ်။ အမှိုက်တွေ ရှင်းတယ်။ လက်မှာ ဖန်ကွဲတွေစူးပြီးသွေးထွက်တဲ့အထိ လုပ်ပြ တော့မှ ကျန်တဲ့သူတွေက ယောင်လည်လည်နဲ့ လာပြီး ရုံး
သန့် ရှင်းရေး လုပ်ကြတယ်။
အဲဒီအချိန်မှာ ရုတ်တရက် ကျွန်မ သတိရလိုက်တာကတော့ ကျွန်မရဲ့  ကွန်ပျူတာ။ တရုတ်ကပ်မှန်တံခါးတွေကို ညတုန်းက ဖွင့်ထား မိတာ ချက်ချင်း သတိရလိုက်တယ်။ ကျွန်မလဲချက်ချင်း ရုံးကကားနဲ့ ကျွန်မနေထိုင်ရာ အခန်းဆီကို ရောက်လာပါတယ်။ အဝေးကနေ ကြည့်လိုက်ရုံနဲ့ သိသာတာက ကျွန်မငှားထားတဲ့ အခန်းရဲ့  အိမ်ခေါင်မိုးပါ။ ခေါင်မိုးတွေမရှိတော့ဘူး။ အုတ်ကျွတ်တော်တော်များများက လန်ပြီး ကျကွဲနေတယ်။
ကျွန်မ အခန်းတံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်တော့ ထင်တဲ့အတိုင်းဘဲ ကွန်ပျူတာဘေးနားမှာ ရေတွေ အများကြီးဘဲ။ ကွန်ပျူတာကို ဆွဲမလိုက်တော့ ရေတွေက တောက်တောက်နဲ့  ကျနေတယ်။
ကျွန်မလက်တော့လေးတော့ ရေမွန်းရုံမကလို့  ရေတောင်နစ်နေရောပါလား။ ဖွင့်လဲမဖွင့်ရဲဘူး။ ရှော့ဖြစ်မှာ ကြောက်တယ်။ နောက်တော့ ကြမ်းမှာစိုနေတဲ့ မိုးရေတွေကို ကျွန်မ အ၀တ်နဲ့ လိုက်သုတ်ခဲ့တယ်။ အခန်းပတ်လည်က တရုတ်ကတ်မှန်တွေ လိုက် ပိတ်ပြီး နောက်ဆုံး အိပ်ခန်းထဲရောက်လာတယ်။ မွေ့ ယာပေါ်ကျွန်မခြေထောက် တတ်နင်းလိုက်ရုံဘဲရှိသေးတယ် မိုးရေတွေကမွေ့ ယာ ထဲကနေအတားစီးမဲ့ ထွက်လာတယ်။
ကျွန်မလေ အရမ်းငိုချင်သွားတယ်။ မွေ့ ယာတွေလဲ အကုန်စိုနေတယ်။ မီးကလဲ မလာဘူး။အဲဒါတွေကိုကြည့်ပြီး ၀မ်းနည်းလွန်းလို့  ကျွန်မ အော်ငိုခဲ့တယ်။ ကံမကောင်းမှုက ဘာလို့ များ နောက်ကနေ လိုက်နေရတာလဲဟင်။ မိုးရေတောထဲမှာ ကျွန်မတန်ဘိုးထား ရတဲ့ လက်တော့လေးကို ရင်ခွင်ပိုက်ပြီး တစ်ညလုံး ကျွန်မ ငုတ်တုတ်ထိုင်ခဲ့ ရတယ်။
ဒီလိုကျွန်မတစ်ယောက်ထဲ ၀မ်းနည်းနေချိန်မှာ ကျွန်မကို အားပေးမယ် အဖော် ကျွန်မနားမှာ မရှိဘူး။ မျက်ရည်တွေက အတားဆီးမယ့် ကျလာတယ်။ မတ်တတ်ရပ်လိုက်တယ်။ ဒါပေမယ့် ပြိုလဲသွားတယ်။ ထပ်ရပ်ဘို့  ကြိုးစားကြည့်တယ်။ ခုချိန်ထိတော့ အလဲလဲအပြိုပြို ဘဲ။ ကျွန်မအားယူရဦးမယ်။
ကျွန်မမွေးနေ့ 
18:56 Posted by ကျောပိုးအိတ်
ဒီနေ့ က ကျွန်မရဲ့  မွေးနေ့ ပါ။ တဖြည်းဖြည်းနဲ့  အသက်က တော်တော်လေးကြီးလာပြီ ။ တည်ငြိမ်ပြီလား ဆိုတော့လဲ မတည်ငြိမ်သေးဘူး။ ခုချိန်ထိ ဆိုးကောင်းတုန်း ၊ ကလေးလုပ်ကောင်းတုန်း ။
စိတ်ပျိုကိုယ်နုတယ်ထင်ပါ့ရဲ့  ။ ရှိရင်းစွဲအသက်ထက် အများကြီး ပိုငယ်နေသလိုဘဲ (အဟီးးးးးးးးးး … အဲဒါ ဘူမှ ပြောတာ အဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ပြောတာ)
ဒီနေ့ မနက်စောစောထတယ်။ ပုံမှန်ဆို ကျွန်မစောစောထလေ့မရှိပါဘူး။ ဒါပေမယ့် မွေးနေ့ ဆိုတော့ ထူးထူခြားခြား စောစောထလိုက်တယ်။ ဘုရားကိုသေချာရှိခိုးပြီး ကိုယ်လိုချင်တဲ့ဆုတွေကို အများကြီး တောင်းခဲ့မိ ပါတယ်။
ဒီနေ့ တော့ ကျွန်မခွင့်ယူထားလိုက်တယ်။ ပုံမှန်အားဖြင့် ကျွန်မမှာ မွေးရာပါ အယူသီးမှုတစ်ခုက အမြဲစိုးမိုးနေခဲ့တာ။ မွေးနေ့ မှာ စိတ်အနှောင့်အယှက် ဖြစ်စရာများကို ကျွန်မ အတတ်နိုင်ဆုံးရှောင်ပါတယ်။ စိတ်အနှောင့်ယှက် တစ်ခုခုဖြစ်လာပြီဆို တစ်နှစ်လုံး ကံမကောင်းဘူးလို့ လဲ ကျွန်မ ယူဆတတ်ပါတယ်။
ကျွန်မမွေးနေ့ အတွက် အလှူတစ်ခု လုပ်ဘို့ ရာ မွေးနေ့ မတိုင်ခင်ထဲက ကြိုတင် စီမံထားတယ်။ သူငယ်ချင်း ၂ယောက်လောက်နဲ့  တိုးတိုးတိတ်တိတ် တိုင်ပင်ထားမိတယ်။
အဲဒီအလှူက ဘာလဲဆိုတော့
ကျွန်မရောက်ရှိနေတဲ့ မြို့ လေးမှာ ခွေးတွေ တော်တော်ပေါပါတယ်။ ဘယ်နေရာကြည့်ကြည့် ခွေးတွေ အများကြီး ဘဲ။ ဘယ်လောက်ထိတောင် ခွေးရူးသွပ်တဲ့ မြို့ လဲဆိုတော့ ကျွန်မတို့ ရုံးမှာဆို ရုံးက၀န်ထမ်း တစ်ချို့  က ရုံးတတ်တာတောင် ခွေးလေးတွေ ခေါ်ခေါ်လာတတ်ကြတယ်။ ရုံးမှာက ခွေးရှောင်ရ လူရှောင်ရနဲ့ တစ်နေ့ 
တစ်နေ့  ဘာတွေမှန်းလဲ မသိတော့ပါဘူး။
ဒီနေ့ မှာတော့ ချိန်းထားတဲ့ အတိုင်း အကောင်ထည်ဖော်ဘို့ ရာ ကျွန်မနဲ့  သူငယ်ချင်း၂ယောက် တိရိစ္ဆာန် အစားအစာ ရောင်းတဲ့ဆိုင်လေးမှာ အစားအစာ တွေကို ၀ယ်ပြီး သတ်မှတ်နေရာကို ရောက်လာကြတယ်။ ကျွန်မတို့ သွားခဲ့တဲ့ နေရာကတော့ ခွေးတွေ တော်တော်များများ ရှိတဲ့ နေရာလေးတစ်နေရာကိုပါ။
ပထမတော့ ခွေးတွေက သူစိမ်းဝင်လာတာနဲ့  ထုံးစံအတိုင်း ဟောင်တာမှ ဆူညံနေရောဘဲ။နောက်တော့ သူတို့  ကိုရန်မူတဲ့သူတွေမဟုတ်မှန်းသိတာကြောင့် အချို့ က ငြိမ်သွားကြတယ်။ နောက်တော့ အကုန်လုံးနီးပါး အမြီးလေးတွေ နန့် လာတယ်။
သူတို့ ကို ကျွန်မ ခွေးအစာကျွေးခဲ့တယ် ။ နွားနို့ တိုက်ခဲ့တယ်။ အိုးးးးးးးးးးးးးးးး စားလိုက်ကြတာ အလုအယက်။ ခွေးတွေက မစားဘူးတဲ့အစာဖြစ်နေလို့ လားမသိဘူး အားလုံးဗိုက်ကားနေတာတောင် ခုထပ်ချကျွေး ခုထပ်စားမယ့် ရုပ်တွေနဲ့  ကျွန်မကို ကြည့်နေတယ်။
ကျွန်မ သူတို့ ကိုကြည့်ပြီး တော်တော်ဝမ်းသာသွားတယ်။ ဘာလို့ လဲဆိုတော့ သူတို့ ဒီမနက်စာကို ကောင်းကောင်းမွန်မွန် စားခဲ့ရလို့ ပေါ့။ လူတွေကိုကျွေးရတာမှ ကောင်းတယ်မကောင်းဘူး ဝေဖန်နေသေးတယ် ။ ခွေးလေးတွေကို အစာကျွေးရတာ ဘာမှ မဝေဖန်ဘူး။ ကောင်းမှကောင်း။
နောက်တော့ ကျွန်မ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်တယ်။ တကယ်တော့ ကိုယ်တိုင်ချက်ပြီး ဆွမ်းပို့  ချင်ပေမယ့် ထူးခြားလှတဲ့ ကျွန်မလက်ရာကြောင့် ဘုန်းဘုန်းတွေ ဆွမ်းစားပျက်မှာဆိုးတာကြောင့် အမတစ်ယောက်ကို သေချာချက်ခိုင်းလိုက်ပြီး အပေါ်ကနှမ်းလေးဖြူးကာ ကျွန်မ ဆွမ်းချိုင့်ပို့ ခဲ့တယ်။
အဲဒါပြီးမှ ကျွန်မ ရုံးကလူတွေကို ဖုန်းဆက်ပြီး သူတို့ ကို မုန့် ဟင်းခါးဆိုင်မှာ မွေးနေ့ အတွက် ကျင်းပပေးခဲ့တယ်။ မွေးနေ့ အတွက် ကျွန်မအိမ်ကိုဖုန်းဆက်ဦးမှဆိုပြီး ဖုန်းဆက်တော့ မကြီးလာကိုင်တယ်။ ဒီနေ့ တာမီးရဲ့ မွေးနေ့  ဆုတောင်းပေးဆိုတော့ မကြီးက ဆုတွေ အများကြီးတောင်းပေးတယ်။ မေ့နဲ့ ပြောမယ်လေလို့  ကျွန်မ ပူဆာလိုက်တော့ မကြီးက မေ့ကိုဖုန်းလှမ်းပေးလိုက်ပါတယ်။ ကျွန်မက မေ့ဒီနေ့ လေဘဲရှိသေးတယ် မေ့က ဟတ်ပီဘတ်ဒေးမေ့သမီးတဲ့။ မေ့သမီးအတွက် မေ့အကောင်းဆုံးလုပ်ပေးထားတယ်။ဘုရားမှာလဲ မေ့သမီးအတွက် ဆုတောင်းပေးထားတယ်။ ဘုရားဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးထွန်းပေးထားတယ်တဲ့။ အခုဘဲ ဘုန်းကြီးကျောင်းက ပြန်လာတာတဲ့။ မေ့သမီးမွေးနေ့ အတွက် မေ့ ဆွမ်းသွားပို့ တာတဲ့။ ပြီးတော့ မေ့သမီး မျက်စိမှိတ်ထား။မေ့ဆုတောင်းပေးမယ်ဆိုပြီး ဆုတွေ အများကြီးတောင်းပေးတယ်။
မေ့ဆုတောင်းသံတွေကြားထဲမှာ ကျွန်မပျော်လွန်းလို့  မျက်စိမှိတ်ထားရင်းတန်းလန်းနဲ့  မျက်ရည်တွေ ကျလာခဲ့ တယ်။ ကျွန်မဒီကိုရောက်ကာစက ကျွန်မမွေးနေ့ ပွဲကို ကျွန်မတစ်ယောက်ထဲ အခန်းကျဉ်းကျဉ်းလေး ထဲမှာ အဖော်မပါဘဲ ကျွန်မလုပ်ခဲ့ဘူးတာ။ အဲဒီတုန်းကမွေးနေ့ မှာ ကျွန်မတစ်ယောက်ထဲဖြစ်တာကြောင့် အသည်း အသန် ငိုခဲ့ဘူးတာ ကျွန်မသွားသတိရလိုက်တယ်။အဲဒီတုန်းက ငိုခဲ့တာနဲ့  ဒီနေ့ မျက်ရည်ကျတာ တော်တော် ကွာမှန်း ကျွန်မသိခဲ့ရပါတယ်။ အခုဆို ကျွန်မဘေးနားမှာ ကျွန်မကိုချစ်တဲ့ ကျွန်မကို ခင်တဲ့ ကျွန်မရဲ့  သံယောဇဉ်တွေ အများကြီး ကျွန်မဘေးမှာ ရစ်ပတ်လို့ နေတယ်။
နေ့ လည် ၃း၀၀နာရီမှာ ကျွန်မနောက်တစ်နေရာ သွားခဲ့တယ်။ ဘယ်နေရာလဲဆိုတော့ HIV ကူးစက်ခံထားရတဲ့ ကလေးတွေ ထားတဲ့ Saving House ကိုထပ်မံသွားခဲ့ပါတယ်။ ကလေးငယ်အားလုံး အယောက် ၆၀လောက်ဘဲ ကျန်တော့တယ်။ အစတုန်းက ကျွန်မသိသလောက် ၁၀၀ ကျော်တယ်။ အခုတော့ အဲဒီကလေးတွေလဲ ဆုံးပါးသွားတာကြောင့် အခုဆို ဂေဟာမှာ သိပ်မကျန်တော့ပါဘူး။
ချစ်စရာ ကလေးလေးတွေအတွက် ကျွန်မ အ၀တ်အစားလေးတွေ၊ ပေါင်ဒါမှုန့် လေးတွေ၊ အားဆေးလေးတွေ၊ ကစားစရာအရုပ်လေးတွေ ၊ဘော်လုံးလေးတွေ ကျွန်မပေးခဲ့တယ်။ ပြန်ကာနီးကျတော့ ကျွန်မကို ဂေဟာက ဆရာမက အမဒီကလေးလေးမွေးစားမလားတဲ့။ ကြည့်လိုက်တော့ ကလေးလေးက အသားဖြူဖြူလေး၊ မျက်လုံးဝိုင်ဝိုင်းလေးနဲ့  အားလုံးခြုံကြည့်မယ်ဆို တော်တော်လေး ချစ်စရာကောင်းတာတဲ့ ကလေးလေး တစ်ယောက်ပါ။ အသက်က ၅လတဲ့။ အခုတော့ နို့ ဗူးတိုက်နေတယ်။ ကလေးလေးမေမေက မွေးပြီးထဲက ဆုံးသွားတယ်လို့ ပြောလာတယ်။ ကလေးလေးက ၅လသာပြောတယ် ရယ်ပြတတ်နေပြီ ။ ကျွန်မကိုလဲ ချစ်စရာ မျက်လုံးလေးနဲ့ ကြည့်ပြီး တစ်ချက်ရယ်ပြလိုက်တာ ကျွန်မဖြင့် ဘယ်လိုချစ်သွားမှန်း မသိတော့ပါဘူး။
အဲကလေးလေးကို မွေးစားဘို့ ကျွန်မကိုပေးနေတာကြောင့် တစ်ယောက်ထဲသမားဖြစ်တဲ့ ကျွန်မ ဘယ်လိုမှ မတတ်သာတဲ့အဆုံးစိတ်မကောင်းစွာနဲ့ ငြင်းခဲ့ရပါတယ်။ ကလေးလေးကို ခဏတာချီလိုက်ရတဲ့ အချိန်မှာ ကလေးလေးအတွက် ကျွန်မပြန်ပြီး ဆုတောင်းပေးလိုက်မိတယ်။ ကလေးရေ နောက်ဘ၀မှာ လူဖြစ်လာခဲ့ရင်လဲ အသက်ကြီးလာတဲ့အထိ မိစုံဖစုံနဲ့  ရောဂါတွေ ကင်းဝေးပြီး လူ့ ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့  ကလေးလေးကို ရင်ခွင်ထဲပိုက်ပြီး ဆုတောင်းပေးခဲ့ပါတယ်။
ကလေးလေးကို ဂေဟာက ဆရာမဆီပြန်ပေးတော့ ကလေးက ကျွန်မလက်ကိုဆုတ်ကိုင်ထားလိုက်တာ မနည်းဖြည်ထုတ်ရတယ်။ ကျွန်မလဲ ဈေးကို အမြန်သွားပြီး ကလေးလေးအတွက် လိုအပ်တာတွေ ထပ်ဝယ်ပြီး ဂေဟာကို ပြန်လာခဲ့ပါတယ်။ နောက်လဲမကြာမကြာလာကြည့်ပါ့မယ်လို့  ကလေးလေးကို ဂတိပေးခဲ့တယ်။
ကျွန်မပြောနေတာတွေ နားလည်တယ်ထင်ပါရဲ့  ကလေးလေးက ပြုံးပြီး ကျွန်မကို ကြည့်နေတယ်။
နောက်တော့ အိမ်ပြန်လာပြီး ကွန်ပျူတာကို တန်းဖွင့်ပြီး ဘယ်သူတွေ မွေးနေ့ အတွက် Wish လုပ်ထားလဲ ကြည့်လိုက်သေးတယ်။ တစ်မနက်လုံးလဲ ဖုန်းနဲ့ BD Wish တွေ အများကြီး လက်ခံရရှိခဲ့တယ်။ ညထဲက ချစ်တဲ့ သူငယ်ချင်းများဆီကနေ ချစ်စရာကောင်းလောက်အောင် Wish တွေရခဲ့တယ်။ ဒါပေမယ့် တစ်ယောက်သော
သူရဲ့  မွေးနေ့ ဆုတောင်းလေးကို တိတ်တိတ်လေးမျှော်နေမိခဲ့တယ်။
ဒါလေးက ကျွန်မသွားသွားစတတ်တဲ့ ကျွန်မရဲ့ အချစ်ဆုံး ဘွား(မဂျာမွန်း)ရဲ့ ဆိုတောင်းသံလေးပါ။
24th May မွေးနေ့မှ နောင်နှစ်ပေါင်း များစွာတိုင်..
စိတ်၏ချမ်းသာခြင်း.ကိုယ်၏ကျန်းမာခြင်း နှင့်တကွ.. စိတ်သွားတိုင်းကိုယ်ပါနိုင်သော..
မိဘအား စိတ်ချမ်းသာစေသော၊ သမီးကောင်းရတနာ ဖြစ်ပါစေ..
ဘ၀ တစ်လျှောက်လုံး ပျော်ရွှင်မှု့အပေါင်းပြည့်စုံပါစေ...
ဒါလေးက မောင်လေးလင်းသူ(ဗိုက်ကလေး)ရဲ့  ဆုတောင်းသံလေးပါ။
မွေးနေ့ကစပြီး အသစ်တဖန် ပြန်လည်ရှင်သန်လာတဲ့ ဗိုက်ရဲ့အမတစ်ယောက်
ဖြစ်နိုင်ပါစေ
ဒါလေးက ကိုဖြိုးဇော်ရဲ့ ဆုတောင်းသံလေးပါ။
Happy birthday !ပါ။ မာမီရဲ့၊ ဘယ်နှစ်မြောက်မှန်းမသိတဲ့ မွေးနေ့မှသည်၊ နောင်နှစ်ပေါင်းများစွာတိုင်အောင်၊ ပျော်ပျော်ရွှင်ရွှင်၊ စိတ်ချမ်းချမ်းသာသာ၊ ချမ်းချမ်းသာသာနဲ့ ဘ၀ကို၊ ဖြတ်သန်းနိုင်ပါစေဗျာ။
ဒါကတော့ ကြယ်စင်ငယ်(ဖြူတုတ်)လေးက ဆုတောင်းပေးထားတာ။
happy birthday မမ
ဒါကတော့ ညီမလေးတစ်ယောက်လို ချစ်တဲ့ လေပြေက ဆုတောင်းပေးထားတာ။
happy birthdayမမဘ၀တလျှောက်လုံးပျော်ရွှင်ခြင်းတွေ အကုန်လုံးကိုမမတယောက်တည်းပိုင်နိုင်ပါစေ.. နော်
ဒါကတော့ အမေအိတ်လို့ ချွဲတတ်တဲ့သား(၀င်းဖြိုးသိုက်)ဆီက ညထဲက မအိပ်ဘဲ တမင်လာစောင့်ပြီး Wish လုပ်ပေးသွားတာ။
happy birth day ပါ အမေ… ပျှော်ရွှင်ပါစေ အဲဒီအချိန်ကိုတမင်လာစောင်.နေတာ အမေ အံ့သြအောင် email ထားခဲ.မလို.
ဒါကတော့ အာနိုးလှမိုးချစ်သူ (ĢØĿÐΞŊ PÅÏŅĜ ) ရဲ့ ချစ်သူ မီးလေးဇာက ဆုတောင်းပေးထားတယ်။
ချစ်ချစ် နောက်၂နှစ်အတွင်း မြန်မြန်ပေါင်းထုတ်ရပါစေနော်
မှောင်နဲ့လေ
ခိခိ
ဒါကတော့ သိပ်ချစ်စရာကောင်းပြီး စကားအရမ်းတတ်တဲ့ မီးမီးငယ်ရဲ့ ဆုတောင်းသံ။
မေကြီး တအားကြီးပျော်ရွှင်ပါစေကွာ
ဒါကတော့ ညီမလေး သဲငယ်လေးဆီက မွေးနေ့ ဆုတောင်းလေးပါ။
မွေးနေ့အတွက် ကိတ်လာပို.ပေးတာပါ
ဒါကတော့ မော်စကို ကျောင်းတတ်နေတဲ့ ကဗျာတွေ အများကြီးရေးတဲ့ သူငယ်ချင်း မိုးစက်အိမ်က ပို့ ထားတာ။
Happy Birthday ယင်ကောင် မွေးနေ့ မှာကျန်းမာပျော်ရွှင်ပါလို့ လိုရာဆန္ဒပြည့်ဝပါစေ
ဒါကတော့ မောင်လေးလွင်ဦးကို (ဂျေကို)ဆီက မွေးနေ့ ဆုတောင်းလေးပါ။
happy birthday နော် အစ်မ
စိတ်သစ်လူသစ်နဲ. ပျော်ရွှင်နိုင်ပါစေလို.ဆုတောင်းပေးပါတယ်
ကျွန်တော်တို. အားလုံး အစ်မ ကို သတိရနေကြပါတယ်
ပျော်ရွှင်ပါစေအစ်မမျှင်
ဒါကတော့ ချောကလက်မြို့ တော်ကနေ ပို့ လိုက်တဲ့ မွေးနေ့ ဆုတောင်းလေးပါ။
HAPPY BIRTHDAY TO YOU
ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်...
ယနေ့မှ စ၍ နောင်နှစ်ပေါင် တစ်ရာတိုင် စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဆန္ဒ ပြည့်စုံပါစေလို့ ချောကလက်မြို့တော်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.
ပျော်ရွှင်သောနေ့သစ်များနှင့်အတူ ရွှင်လန်းချမ်းမြေ့ပါစေ.....
မွေးနေ့ မှာပျော်ရွှင်စေကြောင်း chocolate မြို့ တော်မှ ဆုမွန်တောင်းလိုက်ပါတယ်။
ဒါကတော့ ကျွန်မကို မေ့လို့ ခေါ်တတ်တဲ့ သားအောင်လေး(အလန်ကွာတားမိန်း)ရဲ့  မွေးနေ့ ဆုတောင်းသံ။
သားမေရဲ့. မွေးနေ့မှသည် မေသည် တသက်လုံး ပျော်ရွှင်မှုတွေရရှိပြီး
ယခင့်ယခင်ကထက် မိမိအကျိုး၊ အများအကျိုးကို ဆထက်မက သယ်ပိုးဆောင်ရွက်နိုင်သော
တော်ဝင် မိန်းမမြတ်တစ်ယောက်ဖြစ်ပါစေလို့ သားဆုတောင်းလိုက်ပါတယ်မေ...
မွေးနေ့ ပုံတွေပါ တင်လိုက်ရင် စာမျက်နှာတော်တော် များသွားနိုင်လို့  ပုံတွေ မထည့်တော့ဘဲ ဒီတိုင်းဘဲ စာသားလေးတွေ ကူးယူပြောလိုက်တာ။
အားလုံးးးးးးးးးးးးးးးးးးးးးးးးးးးး
ကျေးဇူးးးးးးးးးးးးးးးးးးးးးးးးးးးး
မိုးစက်အိမ်အတွက် မွေးနေ့  ပါတီ
11:50 Posted by ကျောပိုးအိတ်
                                                              ငါးပေါင်း (ဈေးအကြီးဆုံးဘဲ)
                                                                         အဟိး)
                                                                 ဒါက ကော်ရည်ဟင်းချို
                                         (ကြက်သားရယ် မှိုရယ် နောက်ဘာတွေလဲ မသိဘူး ပါတော့ပါတယ်)
                                             ဆေးဘဲဥရယ် ၊ ငါးဖယ်လုံးရယ်၊မြေပဲဆံရယ်၊က်အူချောင်းအချဉ်ရယ်၊                                                                    ၀က်သားပြားရယ်။
း)        
                                                         ငါးအရည်ခွံကို ကြော်ထားတာ
                                                             ဒါလဲ စားကောင်းတာဘဲ
                                              တရုတ်ဆေးဟင်းချို (ဆေးမြစ်တွေ ဆေးလုံးတွေ ပါတယ်)
                                             နည်းနည်းခါးတယ်။အဲဒါကြောင့် ကြက်သားနဲ့ ပေါင်းထားတာ
 ထမင်းကြော်ပါရှင့်
 ဒါကျွန်မစားတဲ့ ပန်းကန် (မွေးနေ့ ရှင်ကို ဂုဏ်ပြုပြီး စားထားတာ)
                                                           အချိုပွဲ (ကောက်ညှင်းမုန့် )
ဒီနေ့ မနက် (အခုလေးတင်) မွေးနေ့ ရှင်မပါဘဲ သူ့ ကိုယ်စား မွေးနေ့ ပါတီလုပ်ပြီး စားခဲ့တယ်။
ပိုက်ဆံပြန်ပေးနော်။ အဟတ် ။ နင်ကတော့ တင်ထားတဲ့ပုံဘဲ စားနော်။ ငါကတော့ တကယ်တီးခဲ့တာ။
အဟားဟား
့်