ကြယ်ကြွေညရဲ့ ဆုတောင်းသံ

11:36 Posted by ကျောပိုးအိတ်

ညက တိတ်ဆိတ်လွန်းလှတယ်။ တစ်ခါတစ်ရံ ကုန်တင်ကားကြီးတွေ ဖြတ်မောင်းသွားတဲ့အသံရယ် ၊ ပုစဉ်းရင်ကွဲသံတွေရယ် ၊ တောကောင်သံတွေရယ်မှအပ ညက ငြိမ်သက်နေပါတယ်။

လူသားအားလုံးအိပ်မောကျနေတဲ့ အချိန်မှာ အိပ်မပျော်နိုင်သူက ကျွန်မတစ်ယောက်ဘဲ ရှိနေလိမ့်မယ်ထင်ပါရဲ့ ။ လူတွေအားလုံးအပူအပင်မယ့် အိပ်နေချိန်မှာ ဘာလို့ ကျွန်မတစ်ယောက်ထဲ အိပ်မပျော်ရတာလဲ။ အိပ်မပျော်တဲ့ ဒီညဟာ ရှည်လျှားလွန်းလှပါတယ်။

အိပ်ယာထက်မှာ ဘယ်လူးညာလှိမ့်ရင်းနဲ့ အချိန်တွေကို ကုန်စေခဲ့တယ်။ အိပ်ယာဘေးမှာတော့ တချောက်ချောက် မြည်နေတဲ့ နာရီသံကလဲ ညအမှောင်ကိုတိုးဖောက်ပြီး ကျယ်လောင်စွာ ရွှေ့ လျှားနေပါတယ်။ အိပ်ယာဝင်ကာနီး ဘာမှမစားတော့ဘဲ ကော်ဖီတစ်ခွက်သောက်လိုက်တဲ့ အရှိန်နဲ့  ကျွန်မဒီတစ်ညတော့ အိပ်ပျော်နိုင်တော့မယ် မထင်တော့ပါဘူး။

ကျွန်မအိပ်ယာဘေးက နာရီကိုယူကြည့်လိုက်တော့ ည ၁၂း၀၀ နာရီဘဲရှိနေသေးတယ်။ အိပ်မရမယ့်အတူတူ ခြံထဲဆင်းထိုင်တာဘဲကောင်းပါတယ်ဆိုပြီး ကျွန်မဒရင်းဘက် ကိုယူပြီး ခြံထဲဆင်းလာခဲ့တယ်။

ခြံထဲမှာတော့ ရှည်လျှားနေတဲ့ မြက်ရိုင်းပင်ကြီးတွေက လေယူရာယိမ်းနွဲ့ နေတယ်။ ကောင်းကင်ကြီးကို မော့ကြည့် လိုက်တော့ လမင်းကြီးကလဲ ပြည့်နေလိုက်တာ။ လရိပ်အောက်မှာ အရာအားလုံးဟာ အေးချမ်း နေတယ်။

ကြယ်တွေကလဲ ဒီညမှာ စုံလိုက်တာ။ ဟော ဟိုဘက်မှာ ခုနှစ်စင်ကြယ်တောင် အမြီးထောင်ရောပါလား။ ပြီးတော့ ၁၀တန်းတုန်းက သင်ခဲ့ရတဲ့ မောင်ရင်ဆိုင်းထမ်းကြယ်လေးတွေ။ ပြီးတော့ အမျိုးအမည် မသိတဲ့ ကြယ်လေးတွေ။

တစ်ခါတစ်ရံ လေနုအေးလေးတိုက်ခတ်လာတယ်။ အဲဒိလေနုအေးထဲမှာ တောပန်းလေးတွေရဲ့ ရနံ့ တွေကလဲ ပါလာတယ်။ ကျွန်မလဲ ညမှောင်မှောင်မှာ တစ်ယောက်ထဲ တိုးညှင်းစွာနဲ့ သီချင်းတစ်ပုဒ်ညီးပြီး အေးချမ်းနေခဲ့ တယ်။ လျှပ်စစ်မီးမရှိတဲ့
တောမြို့ လေးဟာ လရိပ်အောက်မှာ လင်းလက်လို့ နေပါတယ်။

ခဏကြာတော့ မြက်ရိုင်းပင်တွေပေါ်မှာ စိန်ပွင့်လေးတွေ လင်းလက်လာတာ တွေ့ လိုက်ရတယ်။ ကျွန်မသေချာ ကြည့်လိုက်တော့ ပိုးစုန်းကြူးလေးတွေပါလား။ တဖြည်းဖြည်းနဲ့ ပိုးစုန်းကြူးတွေက များများလာတယ်။ ပိုးစုန်းကြူးလေးတွေက ဘယ်ညာကခုန်ပြီး ကျွန်မအနားယူရာ နေရာအထိ တိုးလာကြတယ်။

အို… လှလိုက်တာ။ ဒီလိုလှတဲ့ညတွေ နေ့ တိုင်းရှိနေမှာဘဲနော်။ ဒီအလှကို ကျွန်မတို့ မထိတွေ့ ဘဲ
အိပ်စက်ခြင်းနဲ့  အချိန်ကုန်စေခဲ့တာ နှမြောစရာ။

ညကတစ်ဖြေးဖြေးနက်လာတယ်။ ကျွန်မမှာ အချိန်ကုန်မှန်းမသိ ပတ်ဝန်းကျင်ရဲ့ ညှို့ ယူမှုအပေါ်မှာ သာယာနေခဲ့တယ်။

အတန်ငယ်အေးလာတာကြောင့် အိမ်ထဲဝင်တော့မှဘဲလို့ တွေးလိုက်မိပြီး ကျွန်မဒရင်းဘက်ပေါ်ကနေ ထမယ်အလုပ်မှာ မထင်မှတ်ဘဲ ကောင်းကင်ကနေ ကြယ်တစ်လုံးကြွေသွားတာ တွေ့ လိုက်ရတယ်။

ကြယ်ကြွေခြင်းအပေါ်မှာ လူတွေက ထင်ကြေးအမျိုးမျိုးပေးကြတယ်။

တစ်ချို့ ကလဲ ကြယ်ကြွေတာ နတ်သက်ကြွေတာတဲ့။ လူ့ ပြည်မှာ ပြန်ပြီး လူဝင်စားဘို့  ကြယ်ကြွေလာတာတဲ့။
တစ်ချို့ ကလဲ ကြယ်ကြွေတာကိုမြင်ရင် ကံဆိုးတယ်တဲ့။
တစ်ချို့ ကလဲ ကြယ်ကြွေတာကိုမြင်ရင် ဆုတောင်းတဲ့ ပြည့်တယ်တဲ့လေ။

သူ့ အယူအဆနဲ့ သူဘဲပေါ့။ ဒါဆို ကျွန်မကရော ဘယ်လိုယူဆရမလဲ။ လူဝင်စားတယ်လို့ ယူဆရမလား ။ ဟင့်အင်း။ ဒီလိုလဲမယူဆချင်ဘူး။ ဒါဆို ကံဆိုးတယ်ပေါ့။ ဒီလိုလဲ မတွေးချင်ဘူး။ ဟော ကျွန်မတွေးမိတာ နောက်ဆုံးတစ်ခု။ ဆုတောင်းပြည့်တယ်တဲ့။

ဒါဆိုရင် ကျွန်မကြယ်ကြွေတာမြင်လိုက်ရလို့ ကျွန်မဆုတောင်းပြည့်မယ်ဆို ကျွန်မကလဲ ကြယ်လေးအတွက် ပြန်ပြီးဆုတောင်းပေးပါ့မယ်။

ကျွန်မဆုတောင်းပြည့်ဘို့ အတွက် ကြယ်လေးတွေမကြွေပါစေနဲ့ ။ ဆုတောင်းမပြည့်ရင်လဲနေပါစေ။ ကြယ်လေးတွေကောင်းကင်ပေါ်မှာ ထာဝရတည်တံ့နေပါစေလို့ ကြယ်လေးတွေအတွက် ကျွန်မပြန် ဆုတောင်းပေးလိုက်မယ်နော်။

5 comments:

မြူးလေး said...

အိတ်လေးးးးးးးးးးးးးး

့ဟုတ်တယ်နော် ကြယ်လေးတွေမကြွေပါစေနဲ့ ။ ဆုတောင်းမပြည့်ရင်လဲနေပါစေ။ ကြယ်လေးတွေကောင်းကင်ပေါ်မှာ ထာဝရတည်တံ့နေ
တာပဲမြင်ချင်တယ်

ချစ်တဲ့
မြူးလေး

မိုးကောင်းသူ said...

ကြယ်လေးတွေ ကောင်းကင်ပေါ်မှာ ထာဝရတည်တံ့နပါစေ တဲ့လား။ ဆုတောင်းလေးတော့ ကြိုက်သွားပြီ။

စန္ဒကူး said...

ကြယ်ကကြွေကျသွားရင် အသစ်ထပ်မထွက်လားဘူးလား..မသိဘူးနော်..
ဆုတောင်းလေးက အရမ်းကို...ချစ်ဖို့ကောင်းတယ်.. ကြယ်လေးတွေက ပြုံးပီးကြည့်နေကြမှာ...

ဂျာမုန်းဒန် said...

ဆုတောင်းသံလေးကိုကြယ်ကလေးကြားရင် အရမ်းဝမ်းသာမှာပါ။
မမဂျာမုန်းဒန်

နေဒေးသစ် said...

ခွဲထွက် ဖြန့်ခွဲသွားတဲ့ အတွေးလေးပဲ ...
နူးညံ့တဲ့ အရေးအသားနဲ့ ပေါင်းလိုက်တော့ အလှပဆုံး ပို့စ် တစ်ခု ဖြစ်သွားတယ် ...
မီးငယ် စာရေးတတ်ကြောင်း အစောကြီးထဲက သိပြီးသားမို့ ထွေထူးပြီး မပြောလိုတော့ပါ ...
ဖွဲ့ ပြခဲ့တာလေးတွေ ပါးစပ် အဟောင်းသားလေးဟလို့ ...
တောင်းဆုပြည့်ဖို့ ကြည်မကြွေပါစေနဲ့ဆိုပြီး ထပ်တူ ဆန္ဒပြု
ခဲ့ပါတယ် ...

နေဒေးသစ်။