တကယ်လို့ များ

18:59 Posted by ကျောပိုးအိတ်

ကောင်းကင်တစ်ခုလုံး အုံ့ မှိုင်းနေတယ်။ ရှစ်ခွင်တိုင်းမှာ မဲမှောင်လို့ ။ လေတိုက်တာ နုရာကနေ ကြမ်းလာတယ်။ ခုနကရှိနေတဲ့ နေမင်းကြီးလဲ ဘယ်ဆီများရောက်သွားပါလိမ့်။ သြော်…………………မကြာခင် မိုးရွာတော့မယ်ပေါ့။

ရာသီဥတုက မကြည်လင်၊ မိုးကလဲ မကြာခင်မှာ အသည်းအသန်ရွာတော့မယ်။ ဒါ အပြင်မှာ ဖြစ်နေတဲ့ လတ်တလောအခြေအနေ။

ကျွန်မရဲ့ ရင်ထဲမှာကတော့ အပြင်ရဲ့ ရာသီဥတု အခြအနေထက် ပြင်းထန်လှစွာ မုန်တိုင်းဝင်နေပါတယ်။ ဟုတ်ပါတယ်။ ကျွန်မ ဘယ်လိုဆုံးဖြတ်ရမလဲ။

ကျွန်မရဲ့ ရှေ့ တည့်တည့်မှာ ရပ်နေတာက ကျွန်မအရမ်းချစ်တဲ့ ကို။ ကျွန်မရဲ့ အိမ်ထောင်ဖတ်အဖြစ် ရွေးခြယ်ထားမိတဲ့ အရမ်းချစ်ခဲ့တဲ့ ချစ်သူ ခင်ပွန်းလောင်း။

ကျွန်မတို့ ၂ယောက်ရဲ့  ပြသနာက သေးရာကနေ မယုံနိုင်လောက်အောင် ကြီးထွားလာခဲ့တယ်။ ညှိလို့ ရမယ်လို့  ထင်ထားခဲ့ပေမယ့် တဖြေးဖြေး မာနပြိုင် နယ်လုသလို ဖြစ်လာပြီ။

ကျွန်မရဲ့ အတွေးတွေက ဟိုးးးးးးးးးး လွန်ခဲ့တဲ့ ၂နှစ်ဆီကို ပျံ့ နှံ့ သွားတယ်။

သမီးငယ်လဲခုကျောင်းပြီးသွားပြီ။ ရှေ့ ဘာဆက်လုပ်မလဲ။ ဒီမေးခွန်းကို မေးတဲ့နေ့ က ကျွန်မဘွဲ့ ယူပြီးပြန်လာတဲ့ နေ့ မှာ မေမေက မေးလာခဲ့တယ်။ ကျွန်မကတော့ ကျွန်မရည်ရွည်ချက်အတိုင်း ကျောင်းဆရာမလုပ်ချင်တယ်။ မေမေကတော့
အိမ်ရဲ့ စီးပွားရေးကိုလုပ်စေချင်တယ်။ ပြီးတော့ ချစ်သူနဲ့ အမြန်ဆုံး လက်ထပ်စေချင်တယ်။

ကျွန်မလဲ ချစ်တဲ့သူနဲ့  အိမ်ထောင်ပြုချင်တာပေါ့။ ဒါပေမယ့် ကျွန်မမှာ လုပ်စရာတွေအများကြီးကျန်သေးတယ်။ ဒီနေ့ 
ဘွဲ့ နှင်းသဘင် အခမ်းအနားမှာ ပါချုပ်ပြောခဲ့တဲ့စကားတစ်ခွန်းလေးက ရင်ထဲမှာ အမှတ်ရနေတယ်။
မောင်တို့ မယ်တို့ ဟာ နိုင်ငံတော်ကနေ ပညာတွေ သင်ပေးလို့  သက်ဆိုင်ရာဒီဂရီ တစ်ခုကို ရရှိသွားပြီး။ ဒီတော့
မောင်တို့ မယ်တို့ ဟာ တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်အောင် နေထိုင်ပြုမှုကြပါတဲ့လေ။

တစ်နေ့ မှာ ကျွန်မသူငယ်ချင်းတွေနဲ့ အိမ်ကမသိအောင် ပညာရေးဝန်ကြီးဌာနမှာ လျှောက်လွှာသွားတင် လိုက်တယ်။ ရန်ကုန်နဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာကို ရွေးခြယ်ခဲ့တယ်။ ကျွန်မရဲ့ ရွေးခြယ်မှုကြောင့် အဖော်လိုက်လာတဲ့သူငယ်ချင်းတွေတောင် လန့် သွားတယ်။

သမီးငယ် နင်အဲလောက်အဝေးကြီး ဘာသွားလုပ်မှာလဲတဲ့လေ။ ဟုတ်ပါတယ်။ ကျွန်မရွေးလိုက်တဲ့နေရာက တောင်တန်းတွေပေါများပြီး လူသူအရောက်အပေါက်နည်းတဲ့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့ ရိုးသားတဲ့ တိုင်းရင်သားတွေ နေထိုင်တဲ့ တောင်ပေါ်ဒေသ တစ်ခုပါ။

နောက်တစ်လလောက်မှာတော့ ကျွန်မအတွက် ကျွန်မသွားချင်တဲ့နေရာကို သွားခွင့်ပြုတယ်ဆိုသည့် အလုပ်ခန့်  စာကို ကျွန်မပျော်ရွှင်စွာ လက်ခံရမိတယ်။ ကျွန်မရဲ့ ရွေးခြယ်မှုကို ၀မ်းသာနေပေမယ့် အားလုံးရဲ့ အံ့သြတဲ့ အတွေးတွေ၊ မျက်နှာတွေကို ကျွန်မလစ်လျူရှု့ ခဲ့ပါယ်။ မေမေဆို သွေးတိုးတဲ့အထိ၊ အိပ်ယာထဲလဲတဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ဖေဖေကတော့ သူလဲ အစိုးရအမှုထမ်းဖြစ်နေတဲ့အတွက် ၀မ်းသာကြောင်း မေမေမသိအောင် လာအားပေးပါတယ်။

နောက်တစ်နေ့ မှာ ကျွန်မအရမ်းချစ်တဲ့ ကို ကျွန်မဆီကို ဟန်မဆောင်နိုင်စွာရောက်လာတယ်။

သမီးငယ် ဘာတွေလုပ်နေတာလဲ။ ကို တော့ဘာမှနားမလည်တော့ဘူး။ ကိုတို့ လက်ထပ်ဘို့ ရက်တောင် ရွေးနေပြီ။ ဒီရန်ကုန်ပတ်ဝန်းကျင်မှာဆို ကိုမပြောပါဘူး။ ဒီလောက်ခေါင် ဒီလောက်ဝေးတဲ့နေရာ ရွေးတတ်တယ်နော်။ စိတ်ရောကောင်းသေးရဲ့ လားတဲ့။

ကျွန်မ မရူးသေးပါဘူး။ ဒီလမ်းကိုလဲ ဘယ်သူ့ တိုက်တွန်းချက်မှ မပါဘဲ လျှောက်ခဲ့တာပါ။ ဒီအတွက် ကျွန်မပျော်တယ်။ ကျွန်မအိမ်ထောင်မပြုခင်မှာ ကျွန်မလွတ်လပ်စွာ သွားချင်တယ်။ နားလည်ပေးပါကို။

မဟုတ်သေးပါဘူး သမီးငယ်ရယ်။ သမီးငယ်လောက် အသန့် ကြိုက်တဲ့သူ၊ ဆီမပါရင် မစားတတ်တဲ့သူ၊ အိပ်ရင်တောင်
မွေ့ ယာထူမှ အဲကွန်းရှိမှဆို။

ဟုတ်တယ်။အဲဒါက သမီးငယ်မက်မောတဲ့ အရာတွေ။ ဒါပေမယ့် ဘ၀မှာ တစ်သတ်မှတ်ထဲရှိရမယ်ဆိုတဲ့ ပုံသေနည်းမှ မရှိတာ။ ဒါတွေမရှိလဲ သမီးငယ်နေတတ်အောင်နေမှာပေါ့။

မိုးဦးမကျခင်နေ့ တစ်နေ့ မှာ ကျွန်မ တာဝန်ကျရာ တောင်ပေါ်ဒေသကို ကျွန်မခက်ခဲစွာ ရောက်ရှိလာပါတယ်။ အိမ်က
လိုက်ပို့ ပေးမယ်ပြောပေမယ့် ခေါင်းမာစွာ ကျွန်မ လိုက်မပို့ ခိုင်းပါဘူး။ ဒီတော့ ဒီခရီးမှာ ကျွန်မ တစ်ယောက်ထဲ။ ရောက်တဲ့နေ့ က ကျွန်မစဉ်းစားမိပါတယ်။ ကျွန်မရွေးခြယ်ခဲ့တဲ့လမ်း မှားပြီလားမသိဘူးလို့ ။ အဲဒိနေ့ က ကျွန်မဖျားပါတယ်။ တစ်ကိုယ်လုံးညောင်းကိုက်ပြီး ကျွန်မဖျားခဲ့ပါတယ်။

ကျွန်မရောက်တော့ ရုပ်ရှင်ထဲကလို ကျွန်မကို ခမ်းနားစွာ ဘယ်သူမှမကြိုခဲ့ပါဘူး။ ရွာသူကြီးလို့ ထင်ရတဲ့ လူကြီးတစ်ယောက်နဲ့  ကျောင်းအုပ်လို့ လဲပြောလို့ ရ ၊ ကျောင်းဆရာလို့ လဲပြောလို့ ရတဲ့ ဆရာရယ် ၊ ဆရာမ၃ယောက်ရယ် အဲဒါဘဲ လာကြိုပါတယ်။

အိမ်ကထွက်လာတုန်းက ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့  တကယ်လက်တွေ့ ကျတော့ အဒေါ်ရေ ခွေးကြည့်ပေးပါဦးလို့  ပြောရမလို ဖြစ်နေတယ်။ အိမ်ကထည့်ပေးလိုက်တဲ့ ဆေးတွေထဲက သင့်တော်ရာကို ကျွန်မသောက်လိုက်တယ်။ ပြီးတော့ အိပ်ယာဝင်လိုက်တယ်။ မနက်မှဘဲ ရွာအခြေအနေသိရအောင် ကျွန်မလုပ်တော့မယ်ဆိုပြီး အိပ်ယာဝင်ခဲ့ပါတယ်။

မွေ့ ယာထူမှ အိပ်တတ်တဲ့ကျွန်မ ပင်ပန်းလွန်းလို့  မြက်ဖျာလေးပေါ်မှာ စောင်ကြမ်းလေးတစ်ထည်ခြုံပြီး အိပ်ပျော်သွားပါတယ်။ မနက်လင်းတော့ လူက လန်းလန်းဆန်းဆန်းနိုးလာပါတယ်။ ပထမဆုံးကျွန်မ စိတ်ညစ်သွားတာက အိမ်သာ။ ဒီရွာမှာ အိမ်သာလုံးဝမရှိပါဘူး။ ဒီတော့ကျွန်မဘယ်လိုလုပ်ရမလဲ။ ကြံရာမရတော့ပါဘူး။

ဒါနဲ့ အတူနေ ကျောင်းဆရာမလေးကိုမေးကြည့်တော့ တောထဲမှာဘဲသွားရတယ်တဲ့။ သြော် ရောမရောက်မှ ရောမလိုဘဲကျင့်ရတော့တာပေါ့။ အိမ်ကများသိရင်ဆိုတဲ့ အတွေးကို ဟိုးးးး တောင်အောက်ပြစ်ချလိုက်တယ်။ ဒါပေမယ့် စိတ်သာရှိတယ်။ကျွန်မ တောမတိုးတတ်တော့ စိတ်ထဲမှာ မအီမလည်ကြီးပေါ့။

နောက်တော့ မဖြစ်ချေဘူးဆိုပြီး ရောက်ရောက်ချင်းမှာဘဲ ရွာသူကြီးကို သေချာပြောပြပြီး အိမ်သာဆောက်ရန် တိုက်တွန်းခဲ့ပါတယ်။ ကျွန်မရဲ့ စည်းရုံးမှုကို ဘယ်သူမှအားမပေးကြပါဘူး။ အထူးအဆန်းလို့  နားထောင်နေ ကြတယ်။
သူတို့ ကမွေးလာကတည်းက နောက်ဖေးသွားချင်ရင် တောတိုးလိုက်။ ဒါဆိုပြီးနေပြီ။ ဒီလို တစ်ခမ်းတစ်နား ဘယ်သူမှ အလုပ်ရှုပ်ခံပြီး မဆောက်ကြဘူး။

ကျွန်မက ကျန်းမာရေးနဲ့ ပတ်သတ်တာတွေ ပြောပြတော့ နောက်ဆုံးမှာ အားနာလို့ လား ၊ နားညီးလို့ လား မသိဘူး။ အိမ်သာဆောက်ဘို့ လက်ခံလာတယ်။ ဒါတောင် ရွာလုံးကျွတ်မဟုတ်သေးပါဘူး။ နောက် ၆လလောက် မှာ ရွာထဲမှာ အိမ်သာလေးတွေကိုယ်စီဖြစ်လာခဲ့ပါပြီ။ ဒါကျွန်မရဲ့ ပထမခြေလှမ်းလေးပါ။

ဒုတိယခြေလှမ်းအနေနဲ့ တော့ ရွာမှာ ရှိတဲ့ကလေးတွေကို ကျောင်းနေအရွယ်မှာ ကျောင်းနေဘို့ ဘဲဖြစ်ပါတယ်။ သေစာရှင်စာ ရေးတတ်ရုံနဲ့  ဘာမှမဖြစ်ဘူးဆိုတဲ့အစကိုချည်ပြီး ကျွန်မမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် ကျောင်းသားမိဘတွေကို လိုက်စည်းရုံးရပါတယ်။

တစ်ချို့ အိမ်တွေက လက်ခံပေမယ့် တစ်ချို့ အိမ်ကျတော့ အာပေါက်မတတ်ရှင်းပြရပါတယ်။ ဒီလိုနဲ့ ဘဲ ကျွန်မစည်းရုံးမှု ထပ်အောင်မြင်လာပါတယ်။ ကျောင်းသားဦးရေဟာ ပထမနှစ်တွေထက် ပိုများလာပါတယ်။ ကျောင်းစာတစ်မျိုးထဲမသင်ဘဲ ကလေးတွေအတွက်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာတွေပါ သင်ပေးခဲ့တယ်။ ဒီတော့ ကလေးတွေက ကျောင်းလာဘို့ အတွက် စိတ်အားထက်သန်လာကြပါတယ်။

ဒီလိုနဲ့  ရက်ကို လစား၊ လကိုနှစ်စား နဲ့ နေလာရင်းက ကျွန်မတဖြည်းဖြည်း နေသားကျလာပါတယ်။ ဒီနှစ်အတွင်း မှာ အောင်မြင်လိုက်၊ ကျဆုံးလိုက်နဲ့  လုံးလည်ချာလည်လိုက်နေလို့ နေပါတယ်။

ဘာဘဲပြောပြော ကျွန်မပျော်တယ်။ ဒီရိုးသားလှတဲ့ တိုင်းရင်းသားတွေကြားထဲမှာနေရတာ အရမ်းပျော်ပါတယ်။ သူတို့ 
ရဲ့ ဓလေ့ကိုလဲ ကျွန်မနားလည်တတ်ပါပြီ။ ကျွန်မရဲ့ ကလေးတွေနဲ့ လဲ ကျွန်မအသားကျနေပါပြီ။ ကျွန်မရဲ့  ဘ၀မှာ လုပ်ချင်တာတွေလဲ လုပ်ခွင့်ရခဲ့ပါပြီ။

ဒီလို အရှိန်ရနေတုန်း မမျှော်လင့်ဘဲ ကျွန်မအလုပ်လုပ်ရာ တောင်ပေါ်ဒေသကို ကိုတစ်ယောက် ရုတ်တရက်ရောက်ချလာပါတယ်။ ကိုလာရခြင်းရဲ့ ရည်ရွည်ချက်က ကျွန်မကို ပြန်ခေါ်ဘို့ တဲ့။

ကျွန်မကိုပြန်ခေါ်ဘို့ ရောက်လာတယ်ဆိုတဲ့ သတင်းက ရွာလေးထဲမှာ တောမီးပမာ ပျံ့ နှံ့ သွားတယ်။ ကျောင်းသားလေးတွေကရဲ့ အငိုမျက်ဝန်း၊ ရွာသားတွေရဲ့ မသွားပါနဲ့ တောင်းပန်သံတွေကြားမှာ ကျွန်မခြာခြာလည် ခဲ့ရပါတယ်။

တစ်ဖက်ကလဲ ချစ်သူ။ တစ်ဖက်ကလဲ သံယောဇဉ်။ လွန်ဆွဲလွန်းပါတယ်။ ကျွန်မမှာလေ အဲဒိနေ့ ကတည်းက
အိပ်လို့ ကိုမပျော်တော့ပါဘူး။ ဘာတွေဆက်လုပ်ရမလဲ၊ ဘာတွေဆက်လုပ်သင့်လဲ၊ ကျွန်မအတွေးများနေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။

ကို …. သမီးငယ်ပြောချင်ပါတယ်….သမီးငယ်ကို အချိန်နည်းနည်းပေးပါနော်။
အချိန်….ဟုတ်လားသမီးငယ်…ဘယ်လောက်ပေးရမလဲ။ မပေးနိုင်ဘူးဆိုရင်ရော။

အချိန်၂နှစ်လောက်ပေးပါနော်…. တကယ်လို့  အဲဒိ၂နှစ်အတွင်းမှာလဲ ကိုချစ်တဲ့ နောက်တစ်ယောက်ကိုတွေ့ ခဲ့ရင် ကိုလက်တွဲနိုင်ပါတယ်…….
သမီးငယ်ဆုံးဖြတ်တာ မပြင်တော့ဘူးလား…… သမီးငယ် ကို့ ကို မချစ်ဘူးလား။

အရမ်းချစ်ပါတယ်ကိုရယ်…ဒါပေမယ့် လုပ်စရာတွေရှိနေသေးတယ်ကို…အဲဒါကြောင့်ပါ။
ကောင်းပြီသမီးငယ်…. စောင့်ဆိုကိုစောင့်မယ်…. ဒါပေမယ့် ကိုစိတ်မကောင်းဘူး။ကိုအရမ်းချစ်တဲ့သူက ကိုနဲ့  တစ်ခါထဲ လိုက်ခဲ့ရမယ်ဆိုတဲ့ အသိနဲ့ ကိုလာခေါ်တာ…ခုတော့ မလိုက်နိုင်ဘူးဆိုတော့ ကိုလဲစိတ်မကောင်းဘူး။

ကိုပြန်မယ့်နေ့ ကိုရောက်ခဲ့ပါပြီ။ ကို့ ကို ကားဂိတ်လိုက်ပို့ ရင်း ကျွန်မ၀မ်းနည်းလာတယ်။ ကိုကတော့ ကျွန်မကို စိတ်ဆိုးသွားလားမသိတော့ပါဘူး။ စကားကောင်းကောင်းမပြောတော့ပါဘူး။ လှည့်တောင် မကြည့်တော့ပါဘူး။

မကြာခင်မှာ ကို့ ကိုတင်ဆောင်တဲ့ကားက တဖြည်းဖြည်းနဲ့  ထွက်ခွာသွားပါပြီ။ ကျွန်မတစ်ယောက်ဘဲ ကားဂိတ်ထဲမှာ ကျန်နေခဲ့ပါတယ်။ နေတော်တော်စောင်းမှ ကျွန်မပြန်လာပါတယ်။

ကျွန်မပြန်လာတဲ့လမ်းတစ်လျှောက်မှာ မိုးကတော်တော်ရွာနေတာ။ အဲဒိမိုးသည်းထဲမှာ ကျွန်မလဲရောပြီး ငိုမိတယ်။ ကျွန်မ
ရဲ့ မျက်ရည်တွေက မိုးရေတွေနဲ့ အတူ မျောပါသွားတယ်။

ကျွန်မထင်ပါတယ်။ တကယ်လို့ များ နောင်၂နှစ်ပြည့်လို့  ကိုလာခေါ်ရင်လဲ ကျွန်မပြန်လိုက်ဖြစ်ပါ့မလား….

4 comments:

Anonymous said...

ဟိုတစ်ချိန်ဆီက သူငယ်စဉ်တွယ်တာခဲ့ ကြင်နာသူ မြေပြန်သားလေး လိုက်လို့ လာခေါ်စဉ် အချိန်က ...
ကြင်နာသူ တစ်ဖက် .. တောင်ပေါ်မြေ တစ်ဖက် ဒီအခက်အခဲ လက်တွဲ ဖြုတ်လို့ ခေါင်းခါခဲ့ ....
နှင်းခဲတွေကြွေ .. နှင်းမိုးတွေရွာ ... ချင်းမိခင် တောင်တန်း ချမ်းနေချိန် .... အဲသီချင်းလေးလို ပါပဲလား ... အဲသီချင်းလေး နားထောင်ရတုန်းကလည်း စိတ်ထဲ မကောင်းဘူး .. ခု ဒီပို့စ်လေး ဖတ်ရတော့လည်း ရင်ထဲ မကောင်းဘူး ..... ရေးတတ်လိုက်တာ မီးငယ်ရေ ..

ကျောပိုးအိတ် said...

ဟုတ်တယ်ဒေးဒေးရေ

ဒီရက်ပိုင်းမှာ မိုးတွေကလဲအရမ်းရွာ ပြီးတော့ ကျောင်းတွေလဲ ပြန်ဖွင့်တဲ့ရာသီလေ။

မိုးအေးအေးမှာ ဒီသီချင်းလေးကို အခါအခါနားထောင်ပြီး ဇာတ်လမ်းအနေနဲ့ ပြန်အသက်သွင်းလိုက်တာ။
း)

ကျေးဇူးးးးးးးးးးးးးးးးး ဒေဒေး

Anonymous said...

ဘာပြောရမှန်းတောင် မသိဘူး။ ဂွတ်တယ်ထင်ရင် ဒူးသာဒူးဗျာ

ကိုရင်နော်ခင်လေးငယ် said...

ပိုးပိုးရေ..
စာလေး ဖတ်လို့ ကောင်းတယ်..
ဒါဟာလည်း စွန့်လွတ်ခြင်း တစ်မျိုးပါပဲလေ..

“ကို့” ကိုပါ အဲ့ဒီ ရွာမှာ အပြီးလာနေဖို့ ခေါ်ထားလိုက်.. ရအောင် စည်းရုံး..း)