လှသော အရိုင်းပန်းလေးတစ်ပွင့်

15:36 Posted by ကျောပိုးအိတ်

နေပူလွန်းတဲ့ ဧပြီလရဲ့  သောကြာနေ့ မှာ သူမကို ဆေးခန်းတစ်ခုမှ ကျွန်မတွေ့ ခဲ့ပါတယ်။ ညိုသောအသားအရည်နဲ့  ရှည်လျှားသော ဆံပင်တွေကြောင့် သူမရဲ့ အလှဟာ ပိုပြီး ပေါ်လွင်စေတယ်။ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးတာကြောင့် တခဏအတွင်းမှာ သူနဲ့ ကျွန်မ ရင်းနှီးသွားခဲ့တယ်။

အနီးကပ်ကြည့်မှ တော်တော်လေးချစ်စရာကောင်းတာကို ကျွန်မလက်ခံမိတယ်။ သူမရဲ့ ပါးပြင်ပေါ်မှာတော့
မခို့  တရို့ သနပ်ခါးလေးတွေက နေရာယူလို့ ။ စကားပြောရင်လဲ တိုးညှင်းသော အသံလေးနဲ့ အေးချမ်းစွာ ပြောတတ်တယ်။

သူမနာမည်က မသက်မွန်တဲ့။ အသက်က ၂၄နှစ်။ မြန်မာပြည်ရဲ့ တစ်ခုသော နေရာက ထိုင်းနိုင်ငံထဲကို တရားမ၀င်သောနည်းနဲ့  ရောက်ရှိလာတဲ့ ရိုးရိုးသာမန် မိန်းကလေးတစ်ဦးပါ။ ထိုင်းနိုင်ငံထဲကို ရောက်နေတာ သူမ အသက် ၁၈နှစ်ထဲကနေ ပွဲစားတစ်ဦးနဲ့ လိုက်လာပြီး ကြုံရာ ကျပန်းအလုပ်တွေ လုပ်နေခဲ့ရတယ်။ လစာက မဖြစ်စလောက်လေးနဲ့  လောက်ငှအောင် သူမချွေတာခဲ့တယ်။

လေဖြတ်ထားတဲ့မိခင်ရယ် ၊ ငယ်ရွယ်လွန်းသေးတဲ့ မောင်နှမတွေရယ် ၊ အလုပ်အကိုင် မယ်မယ်ရရ မလုပ်ဘဲ
နေ့  တိုင်းအရက်ထိုင်သောက်တတ်တဲ့ ဖခင်ရယ် ကြားထဲမှာ သူမက သမီးအကြီးဆုံးဆိုတော့ အိမ်ရဲ့  တာဝန်တွေ အားလုံး သူမသာလျှင် ဦးဆောင်ဖြေရှင်းခဲ့ရတယ်။

ထိုင်းနိုင်ငံမှာ ရတဲ့အလုပ်လုပ်ကိုင်ရင်း သူမအတွက် မဖြစ်စလောက်ငွေလေးချန်ထားတတ်ပြီး မိသားစုကို အသက်နဲ့ 
မမျှအောင်စောင့်ရှောက်ရှာဖွေ ကျွေးမွေးခဲ့တာကြောင့် သူမရွာထဲမှာ အားလုံးရဲ့  အားကျခြင်းကို ခံခဲ့ရပါတယ်။

ဒီလိုနဲ့ သူမအလုပ်လုပ်ကိုင်ရင်း မင်းသူလို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ အကြောင်းပါခဲ့တယ်။ အိမ်ကို အတိအကျဖွင့်ပြောပြီး သူမအဲဒီကောင်လေးနဲ့ လက်ထပ်လိုက်တယ်။ ကောင်လေးနဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာ ကောင်လေးက တရှောင်ရှောင်နဲ့ ဖြစ်လာတယ်။ နောက်တော့ ကောင်လေးမှာ တီဘီရောဂါကူးစက်ခံရပြီး အလုပ်ကနေ နားလိုက်ရတယ်။

သူမမှာ စားဝတ်နေရေးအတွက် အလုပ်တွေ ပိုလုပ်ခဲ့ရတယ်။ ဒါပေမယ့် သူမ ပင်ပန်းလွန်းလို့  တစ်ခါမှ မငြူးငြူမိခဲ့ပါဘူး။ သူမတစ်နေကုန် အလုပ်လုပ်တယ်။ အိမ်ပြန်ရောက်တာနဲ့ ရေတစ်ခွက်သောက်ပြီး ညစာအတွက် ပြင်ဆင်တယ်။ ခင်ပွန်းသည်ကိုလဲ ရတဲ့အချိန်လေးမှာ ပြုစုတယ်။

သူမ ပျော်ပါတယ်။ ဘာလို့ လဲဆိုတော့ သူမကို အားကိုးတဲ့ မိသားစုရှိတယ်။ သူမကို အရမ်းချစ်တဲ့ သူမ ခင်ပွန်းရှိတယ်။ သူမကို စာနာနားလည်တဲ့ လုပ်ငန်းခွင်က သူငယ်ချင်းတွေရှိနေတာကြောင့် ဘယ်လောက်ဘဲ ပင်ပန်းပါစေ သူမ အပြုံးမပျက်ခဲ့ပါဘူး။

ဒီလိုနဲ့ သူမ တစ်ဖြေးဖြေး ပိန်လာတယ်။ စိတ်ထဲမှာလဲ အလုပ်ပင်ပန်းလွန်းလို့  ၊ အစားအသောက် မမှန်လို့  ၊ အိပ်ရေး မ၀လို့  ပိန်သွားတယ်ဘဲသူမထင်ခဲ့တယ်။ နောက်တော့ သူမပါ အနည်းငယ်ချူခြာလာတယ်။ နောက်ပိုင်း အလုပ်လုပ်ရင် မောလာတယ်။ သူမထင်တာ သူမခင်ပွန်းဆီက တီဘီရောဂါ သူမကို ကူးနေပြီလို့ ထင်ခဲ့တယ်။

နောက်တော့ သူမစိတ်ထဲ တစ်ခုခုသိရအောင်ဆိုပြီး အလုပ်ကနေ ခွင့်ယူကာ သူမဆေးခန်းတစ်ခုကို သွားပြခဲ့တယ်။ဆေးခန်းမှာ လိုအပ်တဲ့ စမ်းသပ်မှုတွေပြုလုပ်ပြီတဲ့ အချိန်မှာ သူမအတွက် ပြင်းထန်တဲ့ ရိုက်ချက်တစ်ခုကို သူမရရှိလိုက်တယ်။

သူမမှာ HIV ပိုးရှိနေတယ်တဲ့။ သူမကြားကာစက သူမနား သူမ မယုံခဲ့ဘူး။ ထပ်ကာထပ်ကာ ပြောပြလာတဲ့ ဆရာမကို သူမမျက်လုံးအပြူးသားနဲ့  နားထောင်နေခဲ့တယ်။ သူမကို ဘာတွေပြောနေတာလဲ။သူမ ဘာတစ်ခုမှ မကြားရတော့ဘူး။ ကမ္ဘာလောကကြီးတစ်ခုလုံး အဲဒီအချိန်မှာ မှောင်မိုက်သွားခဲ့ပါပြီ။

ကျွန်မကို ရင်ဖွင့်နေတဲ့ အချိန်တွေမှာ သူမလုံးဝ မငိုခဲ့ဘူး။ လူများလို့  မငိုတာလား၊ ဒီအဖြေကို လက်မခံချင်သေး တာကြောင့် မငိုသေးတာလား၊ဒါမှမဟုတ် သူမငိုဘို့ များ မေ့နေတာလားဆိုတဲ့ တိကျတဲ့ အဖြေတစ်ခု ကျွန်မ မသိခဲ့ပါဘူး။

နောက်တော့ ကျွန်မလဲ သူမရဲ့ နောက်ကြောင်းကို မေးကြည့်တယ်။မေးကြည့်တော့ သူမမှာ သူမယောကျာင်္းနဲ့ ဘဲ ဆက်ဆံခဲ့ပေမယ့် သူမခင်ပွန်းကတော့ လူပျိုဘ၀မှာ တော်တော်လေးရှုပ်ခဲ့တယ်လို့ သူမကြားကြောင်း ပြန်ပြော လာတယ်။

သူမနဲ့ ကျွန်မ အဲဒီနေ့ လေးမှာ စကားတွေ အများကြီးပြောဖြစ်ခဲ့တယ်။ သူမခင်ပွန်းကို ဖွင့်ပြောမလား ဆိုတာ ကျွန်မကမေးတော့ သူမခင်ပွန်းက လွန်ခဲ့တဲ့ ရက်ပိုင်းမှာ သွေးစစ်ထားတယ်။ သူမခင်ပွန်းမှာလဲ ရောဂါပိုးရှိနေတာကို သူမ သိတယ်တဲ့။ နောက်တော့ သူမပြန်ပြီး နားသင့်နေပြီလို့  ကျွန်မကပြောတော့ ယဉ်ကျေးစွာနဲ့  ဟုတ်ကဲ့ပါရှင်တဲ့လေ။ နောက်တော့ ကျွန်မက ပြန်ပို့ ပေးမယ်ပြောပြီး သူမကို ခေါ်လာခဲ့တယ်။

လမ်းတစ်ဝက်ရောက်တော့ သူမက ကျွန်မကို HIV နဲ့ ပတ်သက်တဲ့ အကြောင်းတွေ မေးလာတယ်။ ကျွန်မကလဲ သူမမေးလာသမျှကို သိသလောက်ကြားမိသလောက် ပြန်ပြောပြနေတယ်။ နောက်တော့သူမက ဘာမပြော ညာမပြောနဲ့  ကျွန်မကိုဖတ်ပြီး ငိုတယ်။ ငိုတယ်ဆိုတာထက် ငိုဘို့ အားယူနေတယ်ပြောရင် ပိုမှန်မလားဘဲ။

ကျွန်မက သူ့ ကျောလေးကို အသာပုတ်ပြီး ငိုချလိုက် ညီမလို့ ပြောတော့မှ သူမ အားရပါးရ ငိုချလိုက်တယ်။ သူမငိုချချင်းအပေါ် ကျွန်မဘေးနားကနေ ကြည့်ပြီး စိတ်ထဲမှာ မသက်မသာခံစားလာရတယ်။ သူမကို အကောင်းဆုံး အကြံဥာဏ်ပေးနိုင်အောင် ကျွန်မ အများကြီးစဉ်းစားရတယ်။

နောက်တော့ ကျွန်မ သူမနဲ့ မတွေ့ တော့ဘူး။ မတွေ့ တော့တာကလဲ သင်္ကြန်အတွက် ခွင့်ရက်ရှည်ယူပြီး မြန်မာနိုင်ငံ ပြန်လာနေတဲ့အချိန်မှာ သူမနဲ့  ခေတ္တအဆက်သွယ် ပြတ်ခဲ့ရတယ်။နောက်တော့ ကျွန်မခွင့်ရက်ကုန်လို့  ဒီကိုပြန်လာပြီး သူမအတွက် ဘာတွေ လုပ်ပေးနိုင်မလဆိုပြီဲး ကျွန်မ မပြီးဆုံးသေးတဲ့ အဖြေတစ်ခုကို နေ့ ရောညပါ စဉ်းစားခဲ့မိတယ်။

စဉ်းစားမိတဲ့အထဲကနေ အကောင်းဆုံးလို့ ယူဆရတဲ့ အတွေးတစ်ခု ကျွန်မမှာရှိနေချိန် သူမကိုဆက်သွယ် လိုက်တော့ သက်မွန်ဆုံးသွားပြီတဲ့။ ကိုယ့်ကိုသတ်သေလိုက်တယ်တဲ့။ ကျွန်မမှာ အံ့သြလွန်းလို့  ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူမဘာကြောင့် အဲဒီလို လုပ်သွားတာလဲ။ သူမေယာက်ာၤးကေရာ မတားဘူးလား။ သူမထင်ထားတဲ့ သူမအတွက်အကောင်းဆုံးဖြေရှင်းနည်းက ဒါပါလာလို့  ဘာလို့ မှားယွင်းပြီး စဉ်းစားသွားတာလဲ။

ကျွန်မလေ ဘာဆက်ပြောရမှန်းတောင် မသိတော့ပါဘူး။ သူမလိုငယ်ရွယ်တဲ့သူတွေ ဒီလိုအဖြစ်ဆိုးတွေနဲ့  ဘယ်လောက်ထိတောင် ကြုံနေရပြီလဲ။ ကျွန်မ သက်ပြင်းရှည်ကြီးချပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ နောက်တော့ မျက်စိစုံမှိတ်ပြီး သူမအတွက် သူမကြားနိုင်လောက်မယ်ထင်ပြီး ကျွန်မပြောမိတယ်။

မိဘကိုလုပ်ကျွေးခဲ့တဲ့ ကုသိုလ်တွေကြောင့် နောက်ဘ၀တွေမှာ လူဖြစ်ခဲ့မယ်ဆို ဒီလိုအဖြစ်ဆိုးမှ ကင်းဝေးနိုင်ပါစေ…………………………….လို့ ။

6 comments:

စန္ဒကူး said...

ကျောပိုးအိတ်လေး..
ဒီနေ့မေလေးရေးထားတာဖတ်ပီးစိတ်မကောင်းဖြစ်နေတာ..
ဒီပိုစ့်လေးဖတ်ပီး ပိုဝမ်းနည်းသွားတယ်။
တစ်ခါတစ်လေ..လောကကြီးမှာ ဘာကိုရိုးမယ်ဖွဲ့၇မှန်း မသိတော့ပါဘူး။
မိန်းကလေးတွေဘ၀လဲ အားကိုးရှာကမှ လုံးလုံးကို နစ်မွန်းတော့တာဘဲ။
း(((

Flower said...

ဝမ်းနည်းစရာ ဇာတ်လမ်းလေး လာဖတ်ပါတယ် ညီမရယ်
ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်
ခုလိုမိန်းခလေးမျိုးရဲ့ ဘ၀တွေ အစ်မတို့တိုင်းပြည်ကြီးမှာ
အများကြီးပါနော်..
မိန်းမတွေရဲ့ ဘ၀ဟာ ကိုယ်က အမှား မလုပ်ခဲ့ရင်တောင်
ကံမကောင်းလို့ အမှားလုပ်ခဲ့သူနဲ့ အကြောင်းပါမိရင်
ဘ၀ပျက်ကြရတာပါဘဲ..
ဆိုးလိုက်တဲ့ ဘ၀ကံ..

မြစ်ကျိုးအင်း said...

စိတ်မကောင်းလိုက်တာ
နေရတော့လည်း ဆိုးဆိုးရွားရွား
အရွယ်ကောင်းလေးတွေမှာ ဘဝရဲ့ သာယာ တဲ့ အရသာတွေကို ခံစားခွင့် မရကြဘူး

မြန်မာလူမျိုးတွေလည်း မိသားစုနဲ့ တစ်ကွဲတစ်ပြား ဖြစ်ရတာတွေ ပိုများများလာပြီ

ဝမ်းနည်းစရာပါပဲ

Mon Petit Avatar said...

I have seen, been told, met those underpriviledged victims in Ygn and feel sad every time I think of them.

မိုးခါး said...

း((
ဒီလိုဝဋ်ကြွေးတွေကနေ လူသားတိုင်း လွတ်မြောက်နိုင်ပါစေ
ဖတ်ရတာ စိတ်မကောင်းလိုက်တာ ...း(

အောင်လေး said...

စိတ်တောင်မကောင်းဘူး မေမေရယ်..
တခါတလေ စဉ်းစားမိတယ်. အပြစ်မလုပ်ပေမယ့် အပြစ်ခံစားရတဲ့သူတွေ တပုံတပင်ကြီးပါလားပေါ့နော်..
ကိုလုပ်လို့ ကိုခံရတယ်ဆို သားအပြစ်မတင်ပါဘူး. ကိုမလုပ်ဘဲနဲ့ သပ်သပ် ခံရတာတော့ မတရားဘူးထင်တယ်နော်..
ဘာပဲဖြစ်ဖြစ် လက်ထပ်မယ်ဆိုရင် ၂ယောက်လုံး သွေးအရင် စစ်သင့်တယ်လို့ တော့ သားထင်တယ်မေမေ..