ငယ်ဘ၀ကို သတိရစေတဲ့ အစားအသောက်များ

23:07 Posted by ကျောပိုးအိတ်

ငယ်ဘ၀ကို သတိရစေတဲ့ အစားအသောက်များတဲ့။ မမ မဟာဆန်က ချစ်စရာကောင်းစွာ တဂ်လာတယ်။ ဒီတော့လဲ ရေးရတော့တာပေါ့။
း)

ငယ်ငယ်တုန်းက ကျောပိုးအိတ်က အဖွားနဲ့ နေရတာ များတယ်။ ဖေနဲ့ မေက တာဝန်အရ မြန်မာနိုင်ငံ နေရာအနှံ့  ကို ပြောင်းနေရတာဆိုတော့ ငယ်လွန်းသေးတဲ့ ကျွန်မကို မခေါ်သွားဘူး။ ဒီတော့ ကျွန်မက အဖွားတွေ၊ အဒေါ်တွေ လက်ထဲမှာ ကြီးလာခဲ့တယ်။

အဖွား( အမေကြီး) က ရှေးဟောင်းအဖွားဆိုတော့ တော်ရုံမုန့် ဆို သူလုပ်ကျွေးတာ များတယ်။ ငယ်ငယ်က မောင်နှမ ၀မ်းကွဲ တွေနဲ့ လုစားခဲ့တာက ထမင်းခြောက်ကြော်ပါ။ ဒေါ်လေးက ထမင်းခြောက်တွေ လှမ်းထားပြီး ကြော်ကျွေးတယ်။ ဘေးနားမှာက ရေခဲရေ အဆင်သင့်နဲ့ ။ မောင်နှမတွေ စားလိုက်၊ ရေသောက်လိုက်နဲ့  ညစာကျတော့ ဗိုက်တွေပွပြီး ထမင်းမစားနိုင်ကြတော့ဘူး။

နောက်တော့ ကောက်ညှင်းပေါင်း ။ ကောက်ညှင်းပေါင်းစားတိုင်း မေကလက်သီးဆုတ်နဲ့ ဆုတ်ပြီး ပေးတတ် တယ်။ နှမ်းတောင်းလေးကိုဖြူးပြီး မေဆုတ်ပေးတဲ့ ကောက်ညှင်းပေါင်းက ခုထိစားနေရတုန်းဘဲ။

မနက်စောစောထတဲ့နေ့ ဆို မေနဲ့ လမ်းထိပ်က ဘိန်းမုန့် ဆိုင်သွားတယ်။ ဆီရယ် ကြက်ဥရယ် အိမ်ကယူသွားပြီး
ဘိန်းမုန့် သွားဝယ်ကြတယ်။ ပြန်လာပြီဆိုတာနဲ့  မကြီးက ကော်ဖီဖျော်ပေးထားတယ်။ ဘိန်းမုန့် နဲ့ ကော်ဖီပေါ့။ ဒါပေမယ့် ကျွန်မက ဘိန်းမုန့် စားရင် ရေနွေးကြမ်းနဲ့ စားတာများတယ်။

ကျွန်မတို့  အိမ်မှာက တော်ရုံဆို ၀ယ်မစားရဘူး။ အိမ်မှာချက်တာများတယ်။ အပြင်မှာ ၀ယ်စားရင် မသန့် တာနဲ့  အချိုမှုန့်  များတာနဲ့  ။ ဒီတော့ တော်ရုံဆို အိမ်မှာဘဲ ချက်စားကြတယ်။

မှတ်မှတ်ရရ ကျွန်မ ၅တန်းလောက်တုန်းက အိမ်မှာချက်စားတဲ့မုန့် ဟင်းခါး။ အရမ်းစားကောင်းတယ်။ ဘယ်လောက်ထိတောင် စားလိုက်မှန်းမသိဘူး။ ပြန်တောင်အန်ထွက်တယ်။ အဲဒိကတည်းက အိမ်မှာ နာမည်ပြောင်းခေါ်တော့တယ်။ အစားပုတ်တဲ့။
း)

နောက်တော့ ဖေပြောင်းရတဲ့ ကသာကို လိုက်သွားတယ်။ ကျွန်မ ၆တန်းလောက်မှာ ကျောင်းပိတ်လို့  မေကလာ ခေါ်တာနဲ့  လိုက်သွားတယ်။ အဲဒိမှာ ကျွန်မ ခေါပုတ်စစားဘူးတာ။ ကောင်းလိုက်တာနော်။ ဆားနဲ့ တို့ တို့ ပြီး စားတာ။ ခုထိမှတ်မိ နေတုန်းဘဲ။ ပြီးတော့ ဇီးသီးအချဉ်ချက်လားမသိဘူး။ ၀န်ထမ်းမိန်းမတစ်ယောက်က ချက်ပြီး လာပို့ ပေးတာ။ ချဉ်ချဉ်စပ်စပ်လေး နဲ့ တော်တော်စားကောင်းတယ်။

ပြီးတော့ ရှမ်းပြည်ပြောင်းရရော။ အဟဲ အစားပုတ်လေးက တော်တော်ပျော်တာပေါ့။ ရှမ်းပြည်မှာက ရှမ်းအစား အစာတွေ ကောင်းတယ်လေ။ ၅ရက်တစ်ဈေးနေ့ တွေဆို စောစောထပြီး ချမ်းချမ်းစီးစီးထဲမှာ အငွေ့  တစ်ထောင်း ထောင်းထနေတဲ့ ရှမ်းခေါက်ဆွဲ စားခဲ့တာတွေ၊ ကောက်ညှင်းပေါင်းစားခဲ့တာတွေ၊တို့ ဟူးနွေးစားခဲ့တာတွေ။ မေကဈေးထဲကနေ
ရှမ်းမုန့် ညှင်းချဉ် တွေဝယ်လာတယ်။ ကျွန်မက အဲဒါတွေနှိုက်နှိုက်စားတယ်။ ဒီတော့ ကျွန်မ အမက မီးလေး လာမကြီး မုန့်  ဖတ်ဝယ်လာတယ် ။ မုန့် ဖတ်နဲ့ နယ်စားမယ်တဲ့။ အဲဒိကနေ ကျွန်မ အသုတ်ကို စားတတ်လာတယ်။

နောက်သင်္ကြန်ဆို ငယ်ငယ်ကတည်းက ရန်ကုန်သင်္ကြန်ဘဲပျော်တယ်။ ဘယ်နေရာရောက်ရောက် ရန်ကုန်ပြန်ဘို့  အမြဲပူစာခဲ့တယ်။ ဘာလို့ လဲဆိုတော့ အဲဒိအချိန်ဆို မောင်နှမတွေအကုန်လုံးက အဖွားအိမ်မှာ ဆုံကြတယ်လေ။ အဖွားအိမ်ရှေ့ မှာ (ဗိုလ်ချုပ်လမ်း) မဏ္ဍပ်ထိုးပြီး ရေကစားရလို့ ။ အဲဒိနေ့ တွေဆို အစားတော်တော်စုံတယ်။

အဒေါ်တွေက ရေကစားရင်းနဲ့ စားရအောင် သရက်သီးကို ငံပြာရည်၊ ငရုတ်သီးမှုန့် နဲ့  နယ်ပေးထားတယ်။ အများကြီးဘဲ။ စားလိုက်၊ ရေကစားလိုက်နဲ့ ။
း)

၈တန်းနှစ်လောက်မှာ ပထမဆုံး အပြင်မှာ ကြေးအိုးစသောက်ဘူးတယ်။ ကြေးအိုးဆိုတာ ကြားသာကြားဘူးတယ်။စားဘူးသေး ဘူးလေ။ အဲဒိတော့ ကျူရှင်အဆင်းမှာ သူငယ်ချင်းတွေနဲ့  ကြေးအိုးသွားသောက်ကြတယ်။ လာချပေးတုန်းက အောင်မလေး ကုန်ပါ့မလား နင့်ကြေးအိုးဆိုတာကြီးကလဲ ထည့်ထားတာ များလှချည်လားပေါ့။ နောက်တော့ စားလိုက်သူငယ်ချင်းတွေနဲ့ စကား များလိုက်နဲ့  ဟော အချိန်တန်တော့လဲ ကုန်သွားတယ်တော့။

ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့အစားတွေထဲမှာ မုန့် ဘိုင်းတောင့် (စာလုံးပေါင်းမှားနိုင်ပါတယ်) အရမ်းကြိုက် ပါတယ်။
မုန့် ဘိုင်းတောင့်ကို ဆီနဲ့ နယ်ပြီးစားရတဲ့အရသာ ခုပြောနေရင်းတောင် မျက်စိထဲမြင်လာတယ်။

ခေါက်ဆွဲကြော်တို့ ၊ ကြာဇံကြော်တို့ ၊ မုန့် ဟင်းခါးတွေက ငယ်ငယ်ကတည်းက တော်တော်ကြိုက်ခဲ့တယ်။ တော်တော်များများလဲ စားခဲ့တယ်။

နောက်တော့ ဖေက မြစ်ဝကျွန်းပေါ်ဘက် ပြောင်းရတယ်။ ငါးပိ ငါးခြောက်သိပ်ပေါတဲ့နေရာဆိုတော့ အိမ်မှာ အလျှံပယ်ဘဲ။ အဲဒိနောက်ပိုင်း ငါးခြောက်ဖုတ် အရမ်းကြိုက်လာတယ်။ ငါးပိထောင်းကို သံပရာရည်ညှစ်ပြီး ထမင်းနဲ့ စားတတ်လာတယ်။

တစ်နေ့  နေ့ ခင်းအိပ်ယာနိုးတော့ ဗိုက်ဆာလာတယ်။ မေဗိုက်ဆာတယ်လို့  ပူဆာတော့ မေက ငါးပိရည်ရယ်၊ ပုဇွန်ခြောက်ရယ်၊ ဆီရယ် နယ်ပေးပြီး သရက်ကင်းတို့ စရာလေးနဲ့ စားချင်စရာ ပြင်လာပေးတယ်။ ဆန်ကလဲ ကော့နေအောင်ကောင်းနေတော့ စားကောင်းလိုက်တာ။ စားကောင်းတယ်ဆိုတာကလဲ မေကခွံ့ ကျွေးတာကိုး။

ပြီးတော့ နေ့ လည်ဘက်တွေမှာ သားအမိတွေ ပျင်းပျင်းနဲ့  လက်ဖက်သုတ်စားတယ်။ ဟော ကြိုက်သွားပြန်ရော။ လက်ဖက်ကတော့ မျိုးရိုးနဲ့ ကို ကြိုက်တာ။ မေကလက်ဖက် နှပ်တဲ့နေရာမှာ တော်တော်လေးကို လက်စွမ်း ထက်တယ်။ လက်ဖက်ကို နယ်ပေးထားပြီး ဆီစိမ်ထား။ ကျွန်မတို့ က နှိုက်စား။ သြော် လက်ဖက် ဆိုလို့  ကျွန်မစားတဲ့ လက်ဖက်က အကြော်စုံပါဘူးနော်။ အဘိုးကြီးသုတ်လို့ ခေါ်တဲ့ ကြက်သွန်ကြော်ရယ် နှမ်းရယ်။ ပြီးတော့ မပါမဖြစ် ဒညင်းသီးရယ် ၊ ခရမ်းချဉ်သီးရယ်ပေါ့။

နောက် ဘားအံကိုပြောင်းရတော့ ဘာတဲ့ မျှစ်တာလပေါ့တဲ့။ ကောင်းတယ်တော့ စားရတာ။ မော်လမြိုင်ဘက်ကို ပြောင်းရတော့ ဒူးရင်းသီးတွေ ပေါလိုက်တာ။ စားတာတောင် အပင်အောက်မှာ စားတာ။ နောက် ဖေ့အသိ တစ်ယောက်က မင်းဂွတ်ခြံတွေ တော်တော်များများပိုင်တယ်။ သူ့ မှာ စာဆိုတောင်ရှိသေးတယ်။ တစ်ပင်ကို တစ်လုံး၊ တစ်လုံးကို တစ်မွှာတဲ့။ စားနိုင်တဲ့သူကို သူ့ ခြံတစ်ဝက်ပေးတယ်တဲ့။ သူ့ ခြံက အဲဒိလောက်ကျယ်တာ။ မျက်စိတစ်ဆုံးဘဲ။

တကယ်တော့လေ အဲဒိအစားတွေသာ ချရေးရမယ်ဆို တော်တော်များနေမယ်။ စာဖတ်သူတွေလဲ မျက်စိညောင်း နေမယ်။ အနှစ်ချုပ်မယ်ဆို ကျွန်မက မြန်မာအစားအစာတွေ တော်တော်များများကြိုက်တယ်။ ဒါမယ့် ဆီများတဲ့ ပုသိမ်ဟာလ၀ါတို့ ၊ မန်းလေး ထိုးမုန့် တို့  သိပ်မစားဖြစ်ဘူး။

မမ မဟာဆန်ရေ။ သမီးလေး အိပ်ယာထဲမှာ ဖြစ်ညှစ်စဉ်းစားပြီးရေးပေးလိုက်တယ်နော်။ ကျေနပ်မယ် ထင်ပါ တယ်။
း)

သြော် ပြောဘို့ ကျန်ခဲ့တယ်။ မေကလေ ကျွန်မ မြန်မာပြည်ကို ပြန်တိုင်း ခုထိ ထမင်းခွံ့ ကျွေးတုန်း။ မေခွံ့ ကျွေးတဲ့ ထမင်းတွေက ခုထိ စားကောင်းနေဆဲဘဲ။ မေက စိတ်ရှည်တယ်။ ကျွန်မကို ထမင်းခွံ့ ကျွေးတိုင်း။ တစ်ခါတစ်ရံ ကျွန်မက ကလေးငယ်လေးတွေ ထမင်းကို မျိုမချဘဲ ငုံထားသလိုငုံထားရင် အဲချိန်ဆို မေက စိတ်မရှည်တော့ဘူး။ ပုံမှန်ဆို
အမြဲခွံ့ ကျွေးတယ်။

15 comments:

မဟာဆန် said...

နံပါတ်တစ် ကွန်မန့်ပေးသည်။ ဖတ်လိုက်ဦးမယ်
ပြီးမှ ထပ်မန့်မယ်

မဟာဆန် said...

အိတ်လေးရေ...အိတ်လေးပြောတာတွေ အကုန်လုံးက အစ်မ ကြိုက်တာတွေချည့်ပဲ။ ဖတ်ရင်းဖတ်ရင်း နဲ့ စားချင်လာရော။ ဖတ်ရင်းနဲ့ နောက်နေ့ လုပ်စားမယ်လို့ မှတ်ထားလိုက်တာ အများကြီး ဖစ်သွားတယ်။ ထမင်းခြောက်ကြော် ဆားလေးဖြူးပြီး ၀ါး..အရမ်းကြိုက်ပေါ့။
ခေါပုတ်ကို ဆားလေးနဲ့ တို့စား..ရှလွတ်။ ရှမ်းစာ အားလုံးကြိုက်ပါ၏.။ ဟင်းထုပ်နဲ့ တို့ဟူးနွေး အသည်းစွဲ။ မုန့်ဟင်းခါး ပြန်အန်ထွက်အောင် စားတဲ့ ကလေးမ...”မုန့်ဟင်းခါး” လို့ ပြောင်းခေါ်ရမယ်။ သေချာသိသွားတာကတော့ ကျောပိုးအိတ်ဟာ အငယ်ဆုံး သမီးထွေးလေးဆိုတာပေါ့။ သူ့ မေမေက အမြဲပဲ ခုချိန်ထိ ခွံ့ကျွေးနေတာဆိုတော့။ တို့လဲ အငယ်ဆုံး အိမ်က အမြဲပဲ ခွံကျွေးနေကျလေ။ ကွန်မန့်ကြီးက အရှည်ကြီးပဲတော့။ ပို့စ် ဖြစ်တော့မယ်။ ဟိ...။ ကျေးဇူး Thanks Danke......။ အာဘွား...kiss...Kuss....။

စန္ဒကူး said...

ကျောပိုးအိတ်လေး.. ထမင်းခြောက် ကူးကူးလဲကြိုက်တယ်... ဆားလေးဖြူးပီးစားတာ... သရက်သီးသုပ်ကဖတ်ရင်းနဲ့တောင် စားချင်လာတယ်..း)

Anonymous said...

ချစ်တုံးလေး
ဟဲနာမည်ပြောင်းလိုက်ပြီ
ချစ်ဆုံးမြူးလေးဆိုတော့
ဟီးးးးး ချစ်တုံးစားပုတ်လေးဟဟ
အားလုံးစားချင်တယ် လာနေရင်တော့လား
ကျွေးဖို့ သာပြင်ထား ချက်စားကြမယ်နော်
စားပုတ်လေးးးးးးးးးးးးးးးးးးးးးးး

ချစ်တဲ့
ချစ်မြူးလေး

မိုးကောင်းသူ said...

မြူးလေးအိမ်ကလဲ ခေါပုတ်တင်ထားလို့ စားချင်နေတာ။ ခု ကျောကျောလေးကပါ ခေါပုတ်ကို ဆားနဲ့တို့စားတယ်ပြောလို့ စားချင်လာပြီနော်။ ဆားနဲ့တော့ဟုတ်ဘူး။ သရက်သီးတော့ ငရုတ်သီးမှုန့်များများနဲ့သုပ်စားချင်တာ။ မျှစ်တာလပေါ့ လဲစားချင်တယ်။ ထူးပါဘူးလေ အချိုတွေမှ လွဲလို့ အားလုံးစားချင်တယ်နော်။ :D

ဂျပန်ကောင်လေး said...

သူပြောမှ ကောက်ညှင်းလက်ဆုပ် စားချင်လာပြီ.. နှမ်းလေးနဲ့ ဆားလေးနဲ့ဖြူးပြီးတော့ မနက်ဆို စားကြတာလေ.. ဟင့်.. လွမ်းတယ်...

မေဇင် said...

အမလေး အမေလေး..... သူပြောတာတွေ ကို တံတွေးတဂွပ်ဂွပ် မျိုချပြီး ပြန်သွားပြီ..... များလိုက်တာတွေ...ဒါပေမယ့် အားလုံးကိုကြိုက်တယ်..။ ဟီးးး

မီးမီးချစ် said...

သရက်သီး သုတ် ကတော့ အိမ်က အပင် က တနေ့  2လုံး 2လုံး ခူး ပြီးတော့ သုပ်စားတာား))
ဒီက အစိမ်းတွေ က အချဉ်ရော အချိုရော ပေါ့လို့  သုပ်စားလို့  မကောင်းဘူး..

rose of sharon said...

အကုန်စားချင်စရာတွေချည်းဘဲနော်... အားလုံးကြိုက်တယ်

သီဟသစ် said...

ကျောပိုးအိတ်လေးရေ

သူကတော့ငယ်ဘ၀ သတိရ
တို့ကတော့ဖတ်ရင်း သားရေယို ဗိုက်ဆာပါလားကွယ်

:)

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

အောင်မလေးဟဲ့ ဖတ်ရင်းတောင် စားချင်လာပြီ..... ရှလွီး

ဂျစ်တူးလေး said...

ငယ်ဘ၀လေးကို ရေးထားတာ အရမ်းကောင်းတယ်...
စားချင်စရာတွေပဲ.......ဗိုက်တောင်စာသွားရတယ်...။

ဂျစ်လဲ အိမ်ကမေမေ့ကို သတိရမိတယ်....။
ခုအသက်၂၀ ကျော်ထိ ထမင်းခွံ့ကျွေးနေတုန်းပဲ ...
မေမေခွံ့ကျွေးတဲ့ ထမင်းက ဘာနဲ့မှမတူ
အနှိုင်းမဲ့ပါပဲ.....။

ခင်မင်စွာဖြင့်
ဂျစ်တူး

လုလု said...

အစားပုပ်မလေး
မမလုလည်းတူတူပဲ
အရမ်းအစားပုပ်တာ
အမေ့ကိုလည်း ကပ်ချွဲပြီး ခုထိ ထမင်းခွံ့ကျွေးခိုင်းတုန်းပဲဆိုတော့
အချွဲမလေး
နာမည်ထပ်တိုးပေးတာ
ဟိ

လုလု said...

အစားပုပ်မလေး
မမလုလည်းတူတူပဲ
အရမ်းအစားပုပ်တာ
အမေ့ကိုလည်း ကပ်ချွဲပြီး ခုထိ ထမင်းခွံ့ကျွေးခိုင်းတုန်းပဲဆိုတော့
အချွဲမလေး
နာမည်ထပ်တိုးပေးတာ
ဟိ

မေ့သမီး said...

ဖတ်ပြီးတော်တော်စားချင်သွားတယ်။ ဒီမှာကအစားရှောင်နေရပါတယ်ဆိုမှ။ လူဆိုး။ :D