အိမ်ကိုလွမ်းနေသူ

17:16 Posted by ကျောပိုးအိတ်

ညက တိတ်ဆိတ်လွန်းလှတယ်။ ကောင်းကင်မှာလဲ ကြယ်တွေက ညီလာခံသဘင် ကျင်းပနေသလို စုံညီ စွာနဲ့  လမင်းကြီးကို ဦးခိုက်နေကြတယ်။ ဟိုးအဝေးက အိမ်စုလေးမှာလဲ မိသားစုတွေစုံစုံညီညီနဲ့  ညစာထမင်းလက်စုံ စားနေကြတယ်။ ဘေးအိမ် ကတော့ ပျော်ရွှင်စွာနဲ့  တီဗွီကြည့်နေကြတယ်။

ခပ်လှမ်းလှမ်းက အုတ်ခုံလေးပေါ်မှာ ကောင်လေး တစ်ယောက် က သူ့ ချစ်သူ လို့ ထင်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့  ဖုန်းပြောနေတယ်။ ခပ်လှမ်းလှမ်း ပန်းခြံထဲ က ပန်းရနံ့ တွေက လေနဲ့ အတူ ဆော့ကစားပြီး ကလူ၏သို့ မြူ၏သို့ လုပ်နေ ကြတယ်။ တစ်ခါတစ်ခါ ဘယ်ကနေ တီးနေမှန်းမသိတဲ့ ဂစ်တာသံချိုချိုလေးကလဲ လေနဲ့ အတူပါပါလာတယ်။ မြို့ လေးကို ပတ်လည်ဝန်းရံ နေတဲ့ တောင်တန်းကြီးတွေကတော့ အိပ်မောကျနေလောက်ပြီ။

တဖြည်းဖြည်းနဲ့  ညက အေးစက်လာတယ်။ ထိုင်နေရာကနေ ဖြည်းညှင်းစွာ ကျွန်မထလိုက်တယ်။ အိမ်ခန်းထဲ ရောက်တော့ ညအတွက်ပေးထားတဲ့ဆေးကို မသောက်ချင်သောက်ချင်နဲ့  ယူသောက်လိုက်မိတယ်။ ဆေးက ရုတ်တရက်မျိုမရဘူး။ ပါးစပ်ထဲ မှာဘဲ ရေတွေနဲ့ လုံးထွေးနေတယ်။ ခါးသက်သက်အရသာက ပါးစပ်တစ်ခုလုံး ပြည့်လာတယ်။ ဘယ်လိုမှထိန်းမရတာနဲ့ ဝေါက နည်း အန်မိတယ်။ အိပ်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ရေတွေက ဟိုတစ်ကွက် ဒီတစ်စက်နဲ့ ။

ဒီလိုနေထိုင်မကောင်းရင် အိမ်ကို သိပ်သတိရတာဘဲ။ မေမေသာအနားရှိရင် အရမ်းကောင်းမှာဘဲ။ ကျွန်မနေထိုင် မကောင်းရင် မေမေတစ်ယောက်အရမ်းပင်ပန်းတယ်။ ကျွန်မက အဖျားကြီးပြီး ခဏခဏ ဂယောင်ကတမ်းတွေ
ပြောတတ်လို့ မေမေကဘယ်တော့မှ စိတ်မချဘူး။

ငယ်ငယ်တုန်းက တစ်ခါ အကြီးအကျယ်ဖျားဘူးတယ်။ အဖျားက တော်တော်နဲ့ မကျဘူး။ အမြဲလိုလို ၁၀၃ ကနေ မကျချင်ဘူး။ ဖြစ်ချင်တော့ ကျွန်မတို့ ကလဲ နယ်မြို့ လေးမှာ ရောက်နေတော့ ပိုဆိုးတယ်။ နောက်တော့ ဖေဖေက ဘယ်လိုမှ မဖြစ်တော့ ဘူးဆိုပြီး လေယာဉ်လက်မှတ်အမြန်စီစဉ်ပေးပြီး မေမေနဲ့ ကျွန်မကို ရန်ကုန် အတင်းပြန် လွှတ်ခဲ့တယ်။ လေယာဉ်က မနက် ၁၀နာရီ ကွင်းချိန်းဆိုတော့ မနက်စာကို ၉နာရီလောက်မှာ စားကြတယ်။ စားကြတယ်ဆိုတာကလဲ ဖေဖေရယ် မေမေရယ် ၂ယောက်ထဲပါ။ ကျွန်မကတော့ အနွေးထည်လေးဝတ်ပြီး ထမင်းဝိုင်းနားမှာ မယောင်မလည်နဲ့ ပေါ့။

ကျွန်မကို မေမေက ထမင်းစားနေရာကနေ မော့ကြည့်ပြီး သမီးလေးအတွက်ဆန်ပြုတ်ပြုတ်ထားတယ်။ သောက်လိုက်နော်တဲ့။ ကျွန်မကလဲ ဆန်ပြုတ်သောက်ရတာ တော်တော်ငြီးငွေ့ နေပြီ။ သမီးကိုလေ မေမေ့ ပန်းကန်ထဲက ထမင်းလေးနည်းနည်း ကျွေးပါလားဆိုတော့ မေမေကမျက်ရည်တွေဝဲပြီးသမီးရယ် မကျွေးချင်လို့ မှ မဟုတ်တာ။ ဆရာဝန်က အဖတ်မစားရသေးဘူးဆိုလို့ မကျွေးသေးတာတဲ့။ ကျွန်မလဲ ဘာမှပြန်မပြောတော့ဘဲ ထမင်းဝိုင်းလေးနားကနေ ထလာခဲ့မိတယ်။

ကျွန်မဖျားပြီဆို ထုံးစံအတိုင်း မေမေကဆေးခွက်လေးကိုင်ပြီး ဆေးသောက်ဘို့ လာနှိုးတယ်။ ဆေးတွေက ဘယ် လောက်ခါးခါး မေမေတိုက်ရင် အကုန်သောက်တယ်။ ပြီးတော့ဆေးသောက်ခါနီး မေမေက အမြဲ ဆေးတွေကို နာဖူးပေါ်တင်ပြီး ဘုရားဆေး၊ တရားဆေး၊သံဃာံဆေး မေ့သမီးလေးနေကောင်းလာမယ့်ဆေး ဆိုပြီး အဲလိုပြော ပြီးမှ တိုက်တာ။ ပြီးတော့ ကျွန်မနာဖူးလေး တွေစမ်းပြီး နွေးနွေးလေး နမ်းမယ်။ ပြီးရင် ကျွန်မဘေးမှာ လာလှဲပြီး ကျွန်မနဲ့  ရောက်တတ်ရာရာတွေပြောမယ်။ ကျွန်မကို ပုံပြင်ဆန်တာတွေ ပြောပြမယ်။ ကျွန်မပြန်အိပ်ပျော်သွားပြီ ဆိုမှ ကျန်တဲ့အိမ်အလုပ်တွေလုပ်တယ်။ အိမ်အလုပ်တွေလုပ်နေရင်းနဲ့  မကြာခဏ ကိုယ်ပူလာစမ်းမယ်။ ချွေးတွေထွက်နေရင် အင်္ကျီလာလဲပေးမယ်။

ကျွန်မကိုယ်ကျွန်မ ပြန်စဉ်းစားတယ်။ ငယ်ငယ်တုန်းကတော့ မကြာမကြာဖျားတယ်။ အသက်ကြီးလာတော့ ခဏခဏဖျားလာတယ်။ အသက်လမ်းကြောင်းကလဲတိုတိုလေး။ ဆေးတွေကိုလဲ အရမ်းမုန်းပါတယ်။ ခုဖျားနေတာလဲ အိမ်ကိုမပြောရဲဘူး။ မေမေက အရမ်းစိတ်ပူတတ်တာ။ ဖုန်းဆက်တိုင်းမေးတာက မေ့သမီးလေး နေကောင်းလားတဲ့။ ဒါဘဲမေးတတ်တယ်။

ခုတော့ အိမ်ကိုလွမ်းရင်း ဆေးခါးခါးတွေ သောက်ပြီး ပြန်အိပ်လိုက်ဦးမယ်။

;(

8 comments:

အချစ်မဲ့ဂစ်တာ said...

နေမကောင်းဖြစ်တဲ့ အချိန်တွေမှာ အိမ်ကို ဒါမှ မဟုတ် မိဘကို လွမ်းတတ်ကြတာ သဘာဝလို့ ထင်ပါတယ်..
အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်..

သီဟသစ် said...

ကျောပိုးအိတ်လေးရေ

မြန်မြန်နေကောင်းကျန်းမာပါစေကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ချစ်ဆုံးအိတ်လေး

နေမကောင်းဘူးလား
မြန်မြန်နေကောင်းပါစေနော်
မြူးလေးလည်းနေမကောင်းဖူး
မိုက်ဂရိန်း ပြန်ဖြစ်နေတယ်
ခေါင်းမနားတမ်းကိုက်တာ
သေမလိုပဲ သိလား
ဆုတောင်းပေးနေမယ်သိလား
ချစ်ဆုံးလေး မြန်မြန်နေကောင်းပါစေလို့ 

ချစ်တဲ့
မြူးလေး

ahphyulay said...

ဟား.ဟား.. မောနင်းပဲ ညီမလေး...
မနက် မိုးလင်းလင်းခြင်း မျက်နှာသစ် အီကြာကွေး ထွက်ဝယ်ပြီး
အိမ်ပေါ် ပြန်တက်တက်ခြင်း ဘုရား မရှိခိုးမှီ ကိုယ့် ဘလော့ လေး
ကို ဖွင့် လဲကြည့် မိရော ပျောက်ဆုံးနေတဲ့  ညီမလေးတစ်
ယောက် လာနူတ်ဆက် ထားတာတွေ့ လိုက်ရလို့  ဝမ်းသာသွားမိ
တာအမှန်ပါ။
အားငယ်ချိန်၊ဖျားနာချိန်မှာ မိဘတွေကို သတိရတာ ထုံးစံပါ။
ဆန်ပြုပ်ညီးငွေ့ နေရင် ငါးရံ့ ဆန်လှော် ဟင်းလေးလုပ်သောက်။
ငါးရံ့ ရှာမရရင်ချိုမဲ့ ရိုးရိုးငါးနဲ့ လုပ်လေ။ ငါးရုပ်ကောင်း
လေးထည့် ဖို့ လဲ မမေ့ နဲ့ နော်။ မလုပ်တတ်ရင်ပြန်မေးပါ။
ဗီ ဇက် အို(သို့ )ဂျီမေး ပို့ ပေးမယ်လေ။
ခင်တဲ့ 
အဖြူလေး

rose of sharon said...

ညီမလေး...မြန်မြန်နေပြန်ကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

လုလု said...

နေမကောင်းလို့ အားငယ်နေတဲ့ ညီမလေး အမြန်ဆုံး နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်နော်။

moemoestar said...

အ့မြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးတယ်နော်...

မိုးစက်အိမ် said...

ကျန်းမာရေးလေး ဘာလေး ဂရုစိုက်အုံးဟ
စိတ်ညစ်စရာတွေ သိပ်မတွေးနဲ့  ဘ၀မှာ
ပျော်ပျော်နေပါ ယင်ကောင်ရာ :)