အဲဒီနေ့ က

18:30 Posted by ကျောပိုးအိတ်

ပူပြင်းလှတဲ့ နွေရက်တစ်ရက်မှာ ကျွန်မ နယ်ပြောင်းဘို့  အမိန့် ကျလာပါတယ်။ ကျွန်မဒီအလုပ်ကို လုပ်လာခဲ့တာ အခုဆိုရင် ၅နှစ်ပြည့်တော့မယ်။ ၅နှစ်ဆိုတဲ့ သက်တမ်းတစ်လျှောက်မှာ ကြီးကြီးမားမား အမှားယွင်းလုံးဝမရှိအောင် အမြဲဂရုစိုက်ခဲ့တယ်။ လုပ်ငန်းခွင် အဆင့်အရတိုက်ရိုက်အုပ်ချုပ်တာကတော့ အင်္ဂလိပ်လူမျိုးဖြစ်ပြီး မြန်မာဘက်မှာ စီမံကိန်းဆရာဝန်က အကြီးဆုံးပါ။ စီမံကိန်း ဆရာဝန်ပြီးရင် ( Admin )ရာထူးရထားတဲ့ ကျွန်မက ဒုတိယအကြီးဆုံး တာဝန်ကို ယူထားရပါတယ်။

ရုံးမှာ အသက်အငယ်ဆုံးဖြစ်ပေမယ့် ရာထူးအရကြီးနေတာကြောင့် အားလုံးက နာမည်တောင် မခေါ်ဘဲ သမီးလေးလို့  ကျွန်မကို ခေါ်ကြပါတယ်။ ကျွန်မရဲ့ ဘ၀က တစ်နေ့ တစ်နေ့  ရိုးရှင်းစွာနဲ့ ဖြတ်သန်းလာခဲ့တာ အခုဒီဇင်ဘာဆို ၅နှစ်ပြည့်ပါပြီ။ ကျွန်မပတ်ပို့ စ်က ၅နှစ်သက်တမ်းရှိတာကြောင့် ဒီနှစ်ပြီးရင် ပတ်ပို့ စ် သက်တမ်း ထပ်မတိုးတော့ဘဲ ပြန်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့တာ။

ကျွန်မ ဒီဇင်ဘာအပြီးပြန်တော့မယ်လို့  စကားကြုံလို့ ပြောလိုက်တိုင်းမှာ ကျွန်မရုံးက လုပ်ဖော်ကိုင်ဖက်တွေ မျက်နှာ မကောင်းကြ ပါဘူး။ တချို့ တလေဆို ပြန်တော့မှာသာ ပြန်ပါသမီးရယ် .. မပြန်ခင်စပ်ကြားမှာတော့ ဒီဇင်ဘာအပြီး ပြန်မယ်ဆိုတဲ့ စကား ခဏခဏ မသုံးပါနဲ့ ဆိုပြီး ၀မ်းနည်းစွာဆိုတတ်ကြသေးတယ်။

ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်လာရင်း မထင်မှတ်တဲ့ ကြီးမားသော ကံမကောင်းမှု ကျွန်မဆီကို တိုက်ရိုက် ရောက်လာခဲ့တယ်။ မထင်မှတ်ဘဲ ရောက်လာတဲ့ ကံမကောင်းမှုကို ကျွန်မ အောင်မြင်စွာ မရှောင်တိမ်းနိုင်ခဲ့ဘူး။ အရာရာ လဲပြိုခဲ့တယ်။ အဆိုးဆုံးမှာ ကျွန်မပျော်ရွှင်ခဲ့တဲ့ ကျွန်မရဲ့  လုပ်ငန်းကို ထိခိုက်မှုက ပိုပြီးဆိုးရွားခဲ့ပါတယ်။

ဘယ်လောက်ထိတောင် ဆိုးရွားခဲ့လဲဆို ကျွန်မကို အလုပ်ထုတ်ပစ်မယ့် အခြေနေတောင် ရောက်ရှိလာခဲ့တယ်။ ဒါပေမယ့် အစစ အရာရာ လုပ်ငန်းကျွမ်းကျင်မှုကြောင့် မျက်နှာလွှဲပြီး စိတ်ချရတဲ့ ကျွန်မရဲ့  လုပ်ကိုင်မှုကို အသိမှတ်ပြုတာကြောင့် အလုပ်မထုတ်တော့ ဘဲ နယ်ပြောင်းဘို့  ကျွန်မကို ပြောလာပါတယ်။

နောက်တစ်နေ့  မနက်မှာတော့ ကျွန်မကို နယ်ပြောင်းရမယ်။ လောလောဆယ် လက်ရှိရာထူးအတွက် လစ်လပ်နေတာ (၃)နေရာ ရှိတယ်။ ကြိုက်တဲ့နေရာ ရွေးပါတဲ့။ အရာရှိပြောလာတဲ့ နယ်ကို ကျွန်မကြည့်လိုက်တော့ (၂)နေရာက အရမ်းကောင်းပါတယ်။ အဲဒိဆိုက်မှာ ရှိတဲ့ သူတွေအကုန်လုံးနဲ့ လဲ ကျွန်မသိတယ်။ နေမယ်ဆို နေလို့  ကောင်းတဲ့ နေရာလေးပါ။ အဲဒီနေရာတွေမှာ အလုပ်လုပ်ခဲ့တဲ့သူတွေကလဲ အခြားပိုမြင့်တဲ့နေရာမှာ အလုပ်ရလို့  ထွက်သွားတာ ကြောင့် နေရာလစ်လပ်နေခဲ့တာ။

နောက်တစ်နေရာကတော့ ပြောရမယ်ဆို တော်တော်လေး မကောင်းပါဘူး။ ကျွန်မတို့ ရုံးချုပ်ကတောင် လက်မြောက် ထားရတဲ့ နေရာလေးပါ။ သူတို့ ဘယ်လိုဆိုးလဲမသိပေမယ့် ဘယ်အရာရှိမှ ကြာကြာမနေရဘဲ ထွက်သွားရတဲ့ နေရာဆိုးလေးပါ။

ကျွန်မက အရာရှိကို အဲဒီနေရာ ငါသွားမယ်လို့  အဖြေပေးလိုက်တဲ့အချိန်မှာ အားလုံးက ကျွန်မရူးသွားပြီလို့  သတ်မှတ် ခဲ့တယ်။ ဘယ်သူမှမသွားချင်တဲ့ ဆိုးရွားတဲ့ ၀န်ထမ်းတွေ နေတဲ့နေရာကို ဘာလို့  ကျွန်မရွေးခြယ်ခဲ့တာလဲတဲ့။ ဟင့်အင်း အဲဒိအတွက် ကျွန်မမှာ အဖြေမရှိဘူး။

ဒီလိုနဲ့ ကျွန်မ ဆိုးလွန်းတယ်လို့  နာမည်ကြီးလှတဲ့ ဒီနေရာလေးကို ရောက်လာခဲ့ပါပြီ။ လေဆိပ်မှာ ကျွန်မကို ဘယ်သူမှ လာမကြို ကြပါဘူး။ လေဆိပ်ထဲမှာ ယောင်လည်လည်နဲ့  ကျွန်မလိုက်ကြည့်နေမိပါတယ်။ နောက်တော့ လုံးဝ လာမကြိုတာ သေချာနေတာ ကြောင့် ကျွန်မ ရုံးကို ဖုန်းဆက်ပြီး ရောက်နေကြောင်း အကြောင်းကြားလိုက်ပါတယ်။ တစ်ဘက်က ပြန်ဖြေတဲ့ အဖြေဟာ ကျွန်မအတွက် ပူလွန်းလှပါတယ်။

နာရီဝက်လောက် စောင့်ပြီးတော့ ၀န်ထမ်းတစ်ယောက် ဆိုင်ကယ်နဲ့ ရောက်လာတယ်။ ဆရာမ အခန်း စီစဉ်ပေးထား တယ်။ ကျွန်တော့် နောက်က တတ်တဲ့။အဲဒီဝန်ထမ်းစကားပြောလိုက်တော့ စူးရှစွာနဲ့  ကျွန်မနှာခေါင်းထဲ အနံ့  တစ်ခုက အပြေးအလွှား ရောက်လာ တယ်။ ဘုရားရေ ဒါအရက်နံ့ ။ အလုပ်ချိန်မှာ အရက်သောက်နေတာလား။ ကျွန်မ မဝေခွဲနိုင်တော့ဘူး။

နောက်တော့ ကျွန်မအတွက် ငှားပေးထားတဲ့ အခန်းလေးထဲမှာ ပစ္စည်းတွေကို အစီစဉ်တကျ ထားပြီး ကျွန်မအနားယူ ခဲ့တယ်။ နောက်နေ့ မနက်ရုံးတတ်တော့ လှိုက်လှဲမှုကင်းစွာနဲ့  တာဝန်ကျေ လာနှုတ်ဆက်ကြတယ်။ နေပါစေလေ ၀မ်းမနည်းတော့ပါဘူး။ ဒီလမ်းကို ကျွန်မကိုယ်တိုင် ရွေးခြယ်ပြီး လျှောက်လှမ်းခဲ့တာဘဲ။

ပြုတင်းပေါက်နဲ့ မျက်နှာခြင်းဆိုင် ရှိနေတဲ့ ကျွန်မစားပွဲရှေ့ က လိုက်ကာအကြီးကြီးကို ဖယ်ကြည့်လိုက်မယ်ဆို ကျွန်မ သိပ်ချစ်တဲ့ တောင်တန်းကြီးတွေကို တန်းပြီး မြင်ရတယ်။ ဘယ်လောက်ဘဲ မောနေပါစေ တောင်တန်းကြီးတွေကို မြင်လိုက်ရရင် အလိုလိုကို စိတ်ထဲပျော်သွားတာ။ ကျွန်မက အဲ့ဒီလောက်ထိ တောင်တန်းတွေ အပေါ်ကို ရူးသွပ်ခဲ့တာ။

အဲဒီနေ့ က ကျွန်မလိုက်ကာ အကြီးကြီးကို ဖယ်ကြည့်လိုက်တော့ တောင်တန်းတွေ မှိုင်းနေတယ်။ သြော် မိုးရွာတော့မယ် ထင်ပါရဲ့ ။ အဲဒီလိုတွေးပြီး ကျွန်မလုပ်စရာရှိတာတွေ ဆက်လုပ်နေမိတယ်။ နောက်တော့ ၀ုန်းဝုန်းခွမ်းခွမ်း ဆိုပြီး အသံတွေကြားလိုက်ရတယ်။ ကျွန်မရှေ့ မှာရှိနေတဲ့ လိုက်ကာကြီးကြီးနဲ့ ဖုန်းထားတဲ့ ပြုတင်းမှန်တွေက ကွဲပြီး အထဲကို ဖန်ကွဲစတွေ ၀င်လာတယ်။ ကျွန်မလေ ရုတ်တရက် ကြောင်သွားတယ်။

နောက်တော့ ရုံးက၀န်ထမ်းတစ်ယောက်က ဆရာမ လို့ ခေါ်ပြီ ဆွဲချလိုက်တာနဲ့  ကျွန်မလဲကျသွားတယ်။ မီးတွေ ရုတ်တရက် ပျက်သွား တယ်။ လောကကြီး လတ်တလော မှောင်မဲသွားတယ်။ ကားတွေ ဟွန်းတီးသံတွေက လိုအပ်တာထက် ပိုပြီးကျယ်နေတယ်။ လူတွေ အော်သံကြားရတယ်။ သစ်ကိုင်းတွေ လဲကျသံကြားတယ်။ပြုတင်းပေါက် မှန်တွေကနေ တဆင့် မိုးရေစက်တွေက အတားဆီးမဲ့ ၀င်ရောက်လာတယ်။

ရုံးထဲမှာလဲ ဆူညံပွက်လောရိုက်နေတယ်။ အားလုံးနာရီဝက်နီးနီးတော့ ရှိလောက်မယ်။ နောက်တော့မှသိရတာက လေဆင်နှာမောင်း တိုက်တာတဲ့။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဘူးတဲ့ လေဆင်နှာမောင်းပါ။ အခြေနေကောင်းလာပြီဆိုတော့ ကျွန်မတို့ ရုံးမှာ ပျက်စီးခဲ့တာတွေ ရှင်းလင်းကြတယ်။ မထူးဆန်းပေမယ့် အံ့သြစွာ ရုံးကလူတွေရဲ့ စိတ်ကို အနီးကပ် ကျွန်မတွေ့ လိုက်ရတယ်။

အပျက်စီးတွေကို သူမလုပ်ချင် ငါမလုပ်ချင်နဲ့ ယောကျာင်္းလေးတွေကလဲ မိန်းကလေးတွေနဲ့ အပြိုင် တွက်ကပ်နေကြတယ်။ ဒီတော့ ကျွန်မက ဦးဆောင်ပြီး တံမြတ်စည်းကိုင်လိုက်တယ်။ အမှိုက်တွေ ရှင်းတယ်။ လက်မှာ ဖန်ကွဲတွေစူးပြီးသွေးထွက်တဲ့အထိ လုပ်ပြ တော့မှ ကျန်တဲ့သူတွေက ယောင်လည်လည်နဲ့ လာပြီး ရုံး
သန့် ရှင်းရေး လုပ်ကြတယ်။

အဲဒီအချိန်မှာ ရုတ်တရက် ကျွန်မ သတိရလိုက်တာကတော့ ကျွန်မရဲ့  ကွန်ပျူတာ။ တရုတ်ကပ်မှန်တံခါးတွေကို ညတုန်းက ဖွင့်ထား မိတာ ချက်ချင်း သတိရလိုက်တယ်။ ကျွန်မလဲချက်ချင်း ရုံးကကားနဲ့ ကျွန်မနေထိုင်ရာ အခန်းဆီကို ရောက်လာပါတယ်။ အဝေးကနေ ကြည့်လိုက်ရုံနဲ့ သိသာတာက ကျွန်မငှားထားတဲ့ အခန်းရဲ့  အိမ်ခေါင်မိုးပါ။ ခေါင်မိုးတွေမရှိတော့ဘူး။ အုတ်ကျွတ်တော်တော်များများက လန်ပြီး ကျကွဲနေတယ်။

ကျွန်မ အခန်းတံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်တော့ ထင်တဲ့အတိုင်းဘဲ ကွန်ပျူတာဘေးနားမှာ ရေတွေ အများကြီးဘဲ။ ကွန်ပျူတာကို ဆွဲမလိုက်တော့ ရေတွေက တောက်တောက်နဲ့  ကျနေတယ်။

ကျွန်မလက်တော့လေးတော့ ရေမွန်းရုံမကလို့  ရေတောင်နစ်နေရောပါလား။ ဖွင့်လဲမဖွင့်ရဲဘူး။ ရှော့ဖြစ်မှာ ကြောက်တယ်။ နောက်တော့ ကြမ်းမှာစိုနေတဲ့ မိုးရေတွေကို ကျွန်မ အ၀တ်နဲ့ လိုက်သုတ်ခဲ့တယ်။ အခန်းပတ်လည်က တရုတ်ကတ်မှန်တွေ လိုက် ပိတ်ပြီး နောက်ဆုံး အိပ်ခန်းထဲရောက်လာတယ်။ မွေ့ ယာပေါ်ကျွန်မခြေထောက် တတ်နင်းလိုက်ရုံဘဲရှိသေးတယ် မိုးရေတွေကမွေ့ ယာ ထဲကနေအတားစီးမဲ့ ထွက်လာတယ်။

ကျွန်မလေ အရမ်းငိုချင်သွားတယ်။ မွေ့ ယာတွေလဲ အကုန်စိုနေတယ်။ မီးကလဲ မလာဘူး။အဲဒါတွေကိုကြည့်ပြီး ၀မ်းနည်းလွန်းလို့  ကျွန်မ အော်ငိုခဲ့တယ်။ ကံမကောင်းမှုက ဘာလို့ များ နောက်ကနေ လိုက်နေရတာလဲဟင်။ မိုးရေတောထဲမှာ ကျွန်မတန်ဘိုးထား ရတဲ့ လက်တော့လေးကို ရင်ခွင်ပိုက်ပြီး တစ်ညလုံး ကျွန်မ ငုတ်တုတ်ထိုင်ခဲ့ ရတယ်။

ဒီလိုကျွန်မတစ်ယောက်ထဲ ၀မ်းနည်းနေချိန်မှာ ကျွန်မကို အားပေးမယ် အဖော် ကျွန်မနားမှာ မရှိဘူး။ မျက်ရည်တွေက အတားဆီးမယ့် ကျလာတယ်။ မတ်တတ်ရပ်လိုက်တယ်။ ဒါပေမယ့် ပြိုလဲသွားတယ်။ ထပ်ရပ်ဘို့  ကြိုးစားကြည့်တယ်။ ခုချိန်ထိတော့ အလဲလဲအပြိုပြို ဘဲ။ ကျွန်မအားယူရဦးမယ်။

9 comments:

မြစ်ကျိုးအင်း said...

တကယ့်အဖြစ်အပျက်လား
နေရာကို ရွေးချယ်ပုံက ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချလွန်းမှန်း သိသာစေတယ်။
ရွေးချယ်ထားတဲ့လမ်းမှာ အောင်မြင်အောင် စွမ်းဆောင်နိင်တာဟာ ထက်မြက်သူတွေရဲ့ အရည်အချင်းပါပဲ။
လဲရင်ပြန်ထ ဒါဘဝ တဲ့လေ။

Maung Myo said...

အဖော်လား လာမှပေါ့ကွယ် စိတ်မလောပါနဲ့ခုပဲ 2010 ရောက်လာပြီပဲ 2012 ကျရင် ကမ္ဘာပျက်မယ်တဲ့နော့် မမီး =)

တကယ့်မဟုတ်ဘူးထင်လို့ စသွားတာ ကျနော်သိတဲ့ မမီးက ဒီလိုစိတ်မပျော့ဘူးလေ။

Sandakuu said...

ကျောပိုးအိတ်..စိတ်မကောင်းဘူးရယ်..
ဒါပေမယ့် အားမလျှော့နဲ့နော်..
ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်.. အခက်ခဲတွေ့လဲ နောက်ဆို ဘ၀အတွက် သင်ခန်းစာတစ်ရွက်တိုးလာ တယ်ဘဲသဘောထား..
ဆုတောင်းပေးမယ်နော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျောပိုးအိတ်ရေ
ခဏတာအခက်မခဲက တစ်ဘ၀စာမဟုတ်ပါဘူးကွယ်..
စိတ်ဓာတ်မကျနဲ့နော်... ကိုယ်လျှောက်မယ်လို့ ရည်ရွယ်ထားခဲ့ရင် အမှားဘဲတွေ့တွေ့ အခက်အခဲဘဲတွေ့တွေ့ အားမငယ်နဲ့နော်..
ကိုယ့်စိတ်ကိုယ်မှ ပြန်မတင်းရင် ဘယ်သူက လာတင်းပေးနိုင်မလဲ..
တစ်ခါတစ်လေတော့ လျှောက်တဲ့လမ်းတွေမှာ ခုလို ခယောင်းလမ်းတွေ ဖြစ်နေတတ်ပါတယ်..
အားတင်းပြီး ကြိုးစားလျှောက်ကြစို့.. ရှေ့မှာ အောင်မြင်မှုပန်းတိုင်ရှိပါတယ်.. * ကြိုးစားစို့ *

သိင်္ဂါကျော် said...

ဘဝမှာ ကြမ်းတမ်းတာတွေ ကြုံရတဲ့ အခါလည်း ရှိတာပဲလေ.. This too will pass လို့ပဲ သဘောထားပြီး အားမလျော့ပဲ ကြိုးစားရမှာပေါ့..

ကျောပိုးအိတ် said...

ခုလို အားပေးအတွက် အားလုံးကို ကျေးဇူး အကြီးကြီးတင်ပါတယ်ရှင့်။

ကျွန်မ ကြိုးစားနေပါတယ်။ ခုလိုအားပေးမှုတွေကြောင့် ပိုပြီ ရပ်နိုင်အောင် အားတွေရှိသွားပါတယ်။
း))

လင်းကြယ်ဖြူ said...

ကျွန်တော်စိတ်ညစ်လာတိုင်း အခက်အခဲ တစ်ခုခု ကြုံတိုင်း ဒီအောက်ကစာသားလေးကို ရွတ်ပြီး စိတ်ကို
ပြင်ကြည့်တာ အဆင်ပြေလာပါတယ်...အဆင်ပြေရင်
ရွတ်ကြည့်လိုက်ပါလို့..ဒါကတော့
"Life is not about waiting for the storms to pass by But it is all about learning how to dance under the heavy rains.."...ပါတဲ့ ခင်ဗျာ

ပျော်ပါစေ

*.*.*

နေ၀သန် said...

စိတ်မကောင်းဘူးဗျာ... ဒါပေမယ့် ကျောပိုးအိတ်လို ထက်မြက်တဲ့သူအတွက် ဒါဟာခွန်အားတစ်ခုအဖြစ် အသွင်ပြောင်းသွားလိမ့်မယ်လို့ ထင်ပါတယ်... လက်တော့ပ်လေး နှမြောစရာနော.်...


ခင်မင်တဲ့
နေ၀သန်

Yuya Mon said...

Be Strong!