အချစ်ကို ဘယ်လိုလွမ်းရမလဲ

18:21 Posted by ကျောပိုးအိတ်

သူမတော်တော်စိတ်ညစ်နေတယ်။ ဘာကိုစိတ်ညစ်တာလဲ။ အများအမြင်မှာတော့ သူမမှာ ပျော်စရာတွေချည်းဘဲ။ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတဲ့ စကားပုံလိုပေါ့။

ချစ်သူကို သူမအရမ်းလွမ်းတယ်။ သူမစဉ်းစားတယ်။ ချစ်သူကို ဘယ်လိုလွမ်းရမလဲ။

မြန်မာရုပ်ရှင်ကားတွေမှာတော့ချစ်သူကိုလွမ်းရင် ယောကျာင်္းလေးဆိုအရက်တွေသောက်မယ်။ဂစ်တာတီးမယ်။သူငယ်ချင်းတွေနဲ့ပေါက် ကွဲမယ်။ မိန်းကလေးတွေဆို နှုတ်ခမ်းနီ ပါးနီ မျက်တောင်တုနဲ့  အ၀တ်တွေတစ်ထည်ပြီး တစ်ထည်လဲပြီးတော့ချစ်သူကို မျက်ရည် ကျပြီး လွမ်းမယ်။ ဇာတ်လမ်းထဲက သီချင်း မဆုံးမခြင်းလွမ်းလို့ ကို မပြီးတော့ဘူး။

သူမကရော မြန်မာကားထဲက ဇာတ်လိုက်မင်းသမီးလို့ ချစ်သူကိုလွမ်းရမလား။ ပြန်စဉ်းစားကြည့်တော့ သီချင်း တော်တော် များများ သူမ မရဘူး။ အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည်လဲရအောင်လဲ သူမမှာ အဲလောက် အ၀တ်အစားမပေါဘူး။ ပြီးတော့ သူမ အရက်လဲမသောက်တတ်ဘူး။ သူငယ်ချင်းတွေကို ရင်ဖွင့်ရလောက်အောင် သူမမှာ သူငယ်ချင်းအဲဒိလောက်မရှိပြန်ဘူး။ မျက်တောင်တု တပ်ရလောက်အောင်လဲ သူမရုပ်မဆိုးသေးဘူး။ (ဒါကတော့ ချောကြောင်းကြေညာတာပါ)
အဟားဟား

ကုလားရုပ်ရှင်ဇာတ်လမ်းထဲမှာတော့ ချစ်သူကိုလွမ်းရင် သီချင်းတွေ ဆိုတော့တာဘဲ။ ကော့ပျံလန်ကားပြီး ကပြပါလိမ့်မယ်။ ပြီးတော့ ဘယ်ကဘယ်လိုထွက်လာတဲ့ သူတွေလဲ မသိဘူး။ အများကြီးဘဲ ၀ိုင်းပြီက လိုက်ကြတာ။ ဘယ်အချိန်ကဇာတ်တိုက်ထားလဲမသိဘူး။

သူမကရော ကုလားကားတွေထဲက မင်းသမီးလို ချစ်သူကို လွမ်းရမလား။ သူမက ဒိုးဒိုးဒန့် ဒန့်  မကတတ်။ မကတတ်တာထက် ၀ါသနာကို မပါတာ။ ကတာခုန်တာ သီချင်းဆိုတာ ၀ါသနာမပါဘူး။ ပြီးတော့ သူမက က တတ်တယ်ဘဲထား။ ဇာတ်လမ်းထဲကလို သူမနဲ့ ဝိုင်းကူ ကပေးမယ့် လူတွေက ဘယ်မှာလဲ။

ကိုရီးယားဇာတ်ကားထဲမှာတော့အရမ်းလွမ်းလာပြီစိတ်တွေဆိုးလာပြီဆို ထမင်းတွေကို ဇလုံထဲထည့်မယ်။ကင်ချီတွေနဲ့ နယ်ပြီး အားရပါးရ ပလုပ်ပလောင်း စားပြပါလိမ့်မယ်။ စားရင်းနဲ့ ငိုမယ်။ ငိုရင်းနဲ့ စားမယ်။

သူမကရော ကိုရီးယားမင်းသမီးတွေလို ချစ်သူကိုလွမ်းရမလား။ မဖြစ်ချေဘူး။ သူမဆီမှာ ထမင်းပန်းကန် သေး သေး ဘဲရှိတယ်။ ဇလုံမရှိဘူး။ ကင်ချီမရှိဘူး။ စားရင်းနဲ့ လဲ မငိုတတ်ဘူး။

အင်္ဂလိပ်ကားတွေမှာ ချစ်သူကိုလွမ်းရင် ကားကြမ်းကြမ်းမောင်းမယ်။ စီးကရက်တွေသောက်မယ်။ နိုက်ကလပ်တွေသွားမယ်။ အဲဒိမှာ ကရင်းခုန်ရင်း ရန်ဖြစ်မယ်။ မနက် အချုပ်ထဲရောက်မယ်။

သူမကရော အင်္ဂလိပ်မင်းသမီးတွေလိုကားကြမ်းကြမ်းမောင်းရမလား။မဖြစ်နိုင်ပါဘူး။သူမမှာတန်ဘိုးကြီးတဲ့ကားဆိုလို့ ဝယ်စီး ဘို့ ရာ နေနေသာသာ သူများကားတွေဘဲ လိုက်ကြည့်နေရတာ။ သူမမှာ စီးစရာဆိုလို့ ဖိနပ် ဘဲရှိတယ်။ ပြီးတော့ နိုက်ကလပ်လဲ မတတ် ဘူးဘူး။ သူမရောက်နေတဲ့နေရာက တောမကျ မြို့ မဆန်နေရာမှာ။ ဘယ်က နိုက်ကလပ်ရှိရမှာလဲ။ ရှိတော့ရော သွားမယ် ထင်နေလား။ သူမမှာ အဲလောက်ပိုက်ဆံမပေါဘူး။ ပြီးတော့ သူမ ဆေးလိပ်နံ့ မခံနိုင်ဘူး။ ကျေးဇူးတင်ဘို့ ကောင်းတာက ချစ်သူကလဲ လုံးဝဆေးလိပ်မသောက်တတ်ဘူး။ ဒါလဲကြေညာခြင်းတစ်မျိုးဘဲ။ အဟတ် အဟတ်

ဒီတော့ သူမ ချစ်သူကို ဘယ်လိုလွမ်းရမလဲဟင်။

မြန်မာကားတွေထဲက မင်းသမီးလိုလား။
ကုလားကားတွေထဲက မင်းသမီးလိုလား။
ကိုရီးယားကားတွေထဲက မင်းသမီးလိုလား။
အင်္ဂလိပ်ကားတွေထဲက မင်းသမီးလိုလား။

ပြောပြပါနော်။ အချစ်ကို သူမဘယ်လိုလွမ်းရမလဲ။

8 comments:

rose of sharon said...

မပြောတတ်ဘူးညီမလေးရယ်.... ကိုယ့်တုန်းကတော့ ဖုန်းဆက်တယ်... စာရေးတယ်... ဓာတ်ပုံကြည့်တယ်... သူရေးတဲ့စာတွေ ခဏခဏပြန်ဖတ်တယ်.... သူ့အကြောင်းပြောပြလို့ရတဲ့သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးပြီး သူ့အကြောင်းတွေပြောပြတယ်.... ဘယ်ဟာကအဆင်ပြေမလဲ...း)

ကိတိုးလေး said...

လွမ်းတိုင်းဆိုရင်တော့ ငိုသာငိုသိလား။ အဆင်ပြေတယ်မဟုတ်လားအမရေ ပျော်ရွှင်ပါစေနော်အမ။

မိုးစက်အိမ် said...

ယင်ကောင်လည်း အလွမ်းနာကျပြီး ပေါက်သွားရှာပြီ
ငါတကယ် စိတ်မကောင်းဘူးဟာ :P ....

သီဟသစ် said...

ရှေးမြန်မာကားတွေမှာလို လွမ်းပါ ကျောပိုးအိတ်လေးရေ

မျှော်တော်ယောင် သီချင်းလေးဆိုပြီးတော့လေ

လင်းကြယ်ဖြူ said...

လွမ်း...အဆင်ပြေသလိုသာလွမ်း..
ကုလားကားတွေထဲမှာတော့..သူတို့က
ဝမ်းနည်းဝမ်းသာ..စိတ်ညစ်ရင်၊ပျော်ရင်..တစ်ချိန်လုံး
အုပ်စုဖွဲ့ပြီးကလေ့ရှိကြတယ်..
အဲ့သလို စမ်းကြည့်ပါလား...ဟဲ..

ahphyulay said...

ဘယ်လိုလွမ်းရမလဲတဲ့ ...။ ဟေ့ ..၊လွမ်းတာက သင်စရာမလိုပါဘူး၊ ချစ်တတ်ရင်လွမ်းတတ်တာပဲ
သင်ခန်းစာနှစ်ခုက တွဲရက်ပဲ။ အမြဲတန်းတွေ့ နေ
ပေမဲ့ နီးနီးလေးနဲ့ တောင် သတိရနေတာ အချစ်လေ။
ကိုယ့် ရင်ထဲမှာ.. ဟာပြီးပူနေမယ်၊မနေနိုင်မထိုင်နိုင်
အောင်ပြေးတွေ့ လိုက်ချင်နေပြိဆိုယင်လွမ်းနေတာပဲ
ပေါ့ ။ ကလောင်တစ်ချောင်းရှိနေပြီပဲ။စာရေးပေါ့ ။
လွမ်းတာကကုန်ကြမ်းလေ။ဆရာလုပ်တာနဲနမျြားသွား
လို့ တော်ပြီနော်။့

နေဒေးသစ် said...

ကူညီလို့ ရတာလေးတွေ ပြောပြပါရစေခင်ဗျ .. :D
ကုလားလိုလွမ်းချင်ရင်တော့ ကျွန်တော့်မှာ ပြောမနာ ဆိုမနာ အပေါင်းအပါတစ်စု ရှိပါတယ် ခင်ဗျ ..
ကြီးကြီးကျယ်ကျယ်မကတတ်ပေမယ့် အိုးနင်းခွက်နင်းတော့ နောက်ကနေ လိုက်ကပေးတတ်ပါတယ်ခင်ဗျ .. :D

ကိုရီးယားလိုလွမ်းချင်ရင်တော့ ကျွန်တော် သူများဆီက ဌားဌားစားနေတဲ့ ဇလုံတစ်လုံး ရှိပါတယ်ခင်ဗျ ..
အဲတာ ယူလာပေးပါ့မယ် ..

ဟီးဟီး .. စတာ .. ငယ်ချင်းလေး
ညစ်နေလား .. စာလည်း မရေးဘူး ..
ငါ့လို တစ်လ တစ်ပုဒ်တော့ လုပ်နဲ့လေ ..
ညနေဆို နင်ချက်တဲ့ ဟင်းလာလာငေးပြီး ငါချက်စားနေရတာ ..
ဟင်းကောင်းလေး လုပ်ပါဦး ..

ညစ်နဲ့ ညစ်နဲ့
ချစ်သူကိုလွမ်းရင် ငါလည်း အစ်မရို့စ် ပြောသလိုပဲ ဖုန်းဆက် ၊ ဓာတ်ပုံကြည့် ၊ လွန်ခဲ့တဲ့ ၆ နှစ်လောက်က စာတွေပြန်ဖတ် ... အဟောင်းတွေ ပြန်တွေး ... များသောအားဖြင့်တော့ ဖုန်းဆက်ပြီး သူပြောတဲ့ စကားသံ ကြားလိုက်ရရင် လွမ်းနေတာ နဲနဲ သက်သာသွားတယ် ..

ဒီလိုပါပဲ ..
ဝေးနေသရွေ့တွေ့ မလွမ်းချင်တောင် ဒီအလွမ်းကို ဖက်တွယ်နေရဦးမှာပဲ ..

ယောကျာင်္းမြန်မြန်ယူပေါ့ဟာ .. ဟဟ

နေဒေးသစ်။

Anonymous said...

လာခဲ့လေ သေချာ ကိုယ်ဖိရင်ဖိ သင်ပေးမယ်... ဟင်းဟင်းဟင်း... အခမဲ့သိလား.. တပြားမှမယူဘူး။ ဒါမျိုးဆို သိပ်သင်ပေးချင်နေတာ လာခဲ့...။