ကျိုက်ထီးရိုးသို့ 

09:59 Posted by ကျောပိုးအိတ်

ခွင့်ရလို့ မြန်မာနိုင်ငံကို အပျော်တွေများစွာနဲ့  ပြန်သွားခဲ့ပါတယ်။ ပြန်ရောက်တယ်ဆိုရင်ဘဲ လုပ်စရာအလုပ်တွေက များမှများဘဲ။ ပထမဆုံးလုပ်ရတာက လူကြုံပေးခိုင်းလိုက်တဲ့ ပစ္စည်းတွေ လက်ဆောင်တွေကို အချိန်မှီ သွားပေးရတာ။ ပြီးတော့ ပြန်မယ့် ရက် မှာ ဘာတွေပြန်ထည့်ပေးဦးမလဲလို့  မေးပြီး ပြန်မယ့်နေ့ ကိုပြော၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊အိမ်လိပ်စာတွေ ပေးပြီးတဲ့အခါမှာ တာဝန်တစ်ခုပြီးသွားသလိုစိတ်ချမ်းသာသွားတယ်။

နောက်တော့ သူငယ်ချင်းများ (မူလတန်းကတည်းက တွဲလာတဲ့သူတွေ) နဲ့ တစ်နေရာရာကို ခရီးထွက်မယ်ဆိုပြီး တိုင်ပင် ကြတယ်။ သူငယ်ချင်းတွေကလဲ စုံစုံလင်လင်ရှိနေတော့ သွားချင်တဲ့နေရာတွေက များနေတယ်။ တစ်ယောက် တစ်ပေါက်နဲ့  သွားချင်တဲ့နေရာတွေကို A4 စာရွက်နဲ့ ချရေးလိုက်တာ စာရွက်တောင် မလောက်ချင်ဘူး။

နောက်ဆုံးတော့ နေရာ ၄ခုကို ရွေးလိုက်တယ်။ ပထမကတော့ ဆောင်းရာသီရဲ့  ခရီးသွားဖက်ရှင်လို့ ပြောလို့ ရတဲ့ ကျိုက်ထီးရိုးဘုရားဖူးသွားဘို့ ကို ရွေးခြယ်လိုက်တယ်။ ကျိုက်ထီးရိုးသွားမယ်ဆိုတော့ အားလုံးက သဘောတူ ကြတယ်။ ကျွန်မတို့ သူငယ်ချင်းတွေက ဘယ်နေရာသွားသွား သွားလို့ ရတယ်။ ဒါပေမယ့် ကျိုက်ထီးရိုးဘုရားကို ဖူးမယ်လို့ ဆိုလိုက်တိုင်း အမြဲမသွားဖြစ်ဘူး။ တစ်ခုခုက ကိုးလို့ ကန့် လန့် နဲ့  အမြဲ ပျက်ခဲ့ရတယ်။

ဒီတစ်ခါတော့ ဘယ်လိုမှ မပျက်စေရဘူးဆိုပြီး အားလုံးသဘောတူခဲ့ကြပါတယ်။

၉ရက်နေ့ မှာတော့ လမ်းမှာစားသောက်ဘို့  ချက်ပြုတ်ကြော်လှော်ကြပါတယ်။ များသောအားဖြင့် ကျွန်မတို့  မိသားစုတွေ ခရီးသွားရင် အပြင်အစားအစာ ၀ယ်စားခဲပါတယ်။ ကျွန်မတို့ မိသားစုက အချိုမှုန့်  တော်တော် ကြောက်တယ်။ ထမင်းဆိုင်က အစားအစာတွေက များသောအားဖြင့် အချိုမှုန့် အရမ်းသုံးတာကြောင့် တော်ရုံမစားဖြစ်တော့တာ။ အခုလဲ လမ်းမှာစားဘို့  ချဉ်ပေါင်ကြော်တယ်။ ကြက်သားကြော်တယ်။ ပြီးတော့ ပုဇွန်ခြောက်ကြော်တယ်။ သရက်သီးသနပ်ပါတယ်။ မုန့် တော်တော် များများပါတယ်။

ဒီဇင်ဘာရဲ့  ၁၀ရက်နေ့  မနက် ၄း၃၀ မှာ ကျွန်မတို့ အိမ်ကနေ စုပြီးထွက်ကြတယ်။ သူငယ်ချင်းတွေ အတော်များများ လာအိပ်ကြတယ်။ လာမအိပ်နိုင်တဲ့ သူငယ်ချင်းအချို့ ကိုတော့ လမ်းမှာ ၀င်ခေါ်သွားရတယ်။ သူငယ်ချင်းတွေနဲ့ မတွေ့ တာ ကြာနေတော့ တစ်ယောက်နဲ့ တစ်ယောက် စကားလုပြောနေရတာ အသံက တစ်ဖြေးဖြေးကျယ်လာတယ်။ မေမေက မနက်ခရီးသွားရမယ် အိပ်တော့ ခေါင်းမူးမယ် ဘာညာနဲ့  လာပြောမှဘဲ အိပ်ဘို့  သတိရတော့တယ်။

ကျွန်မရဲ့ အခန်းသေးသေးလေးထဲမှာ သူငယ်ချင်း ၁၀ယောက်လောက်နဲ့  ငပိသိပ် ငါးချဉ်သိပ် အိပ်ခဲ့ရတယ်။ မနက် ၃း၃၀ကျတော့ မေမေလာနှိုးတယ်။ ပြင်တော့ဆင်တော့တဲ့။ အိပ်ချင်မူးတူးနဲ့  ပြင်ဆင်သံတွေကြားပေမယ့် ကျွန်မက မထဖြစ်သေးဘူး။ အိပ်ယာထက်မှာ နှပ်နေသေးတယ်။ အားလုံးပြီးမှ ကျွန်မထတယ်။ အစာပြေစားရင်း စတင်ခရီးထွက်ခဲ့တယ်။

လူက အားလုံးပေါင်း ၁၄ယောက်ဆိုတော့ ကားက တစ်စီးနဲ့ လုံးဝ မလောက်ဘူး။ ပထမတော့ ကား ၃စီးနဲ့  သွားမယ်လို့  စီစဉ်ထားပေမယ့် တစ်လုံးထဲ တစ်စီးထဲ သွားချင်တာကြောင့် လိုင်းအေ့ကားကို ငှားလိုက်ရတယ်။မနက်စောစောမှာ ကားပေါ်ပစ္စည်းတင်ပြီး လူစုံတာနဲ့ သတ်မှတ်ထားတဲ့ ၄း၃၀မှာ စတင်ပြီး ကားထွက်ခဲ့တယ်။ ဘုရားရေ အရမ်းချမ်းတာဘဲ။ ချမ်းချမ်းနဲ့ တစ်ယောက်တစ်ယောက် ပူးထိုင်လိုက်တာ ပုရွက်ဆိတ်တွေ အစာမှာ အုံခဲနေတဲ့အတိုင်းဘဲ။ သူငယ်ချင်းတွေကို လမ်းမှာဝင်ခေါ်ကြတယ်။ ရန်ကုန် ပဲခူး လမ်းက အရင်ကထက်စာရင် တော်တော်လေးကောင်းနေပါပြီ။ ပဲခူး ရွှေခရားကြီးမှာ လက်ဘက်ရည်ဝင်သောက်လိုက်တယ်။ သောက်လို့  ကောင်းသားဘဲ။

စားသောက်ပြီးခရီးဆက်ကြတော့ ကားကို ဖြေးဖြေးမောင်းဘို့ ကျွန်မပြောလိုက်တယ်။ ကားက အရမ်းမောင်းတော့ လေတွေအရမ်းတိုက် အရမ်းကိုချမ်းလို့ ပါ။ နေလေးနည်းနည်းပွင့်လာတော့ ကျွန်မတို့  ကျယ်ကျယ်ပြန့် ပြန့်  ထိုင်လို့ ရသွားတယ်။ အဲဒိအချိန်မှာ သူငယ်ချင်းက ဖဲထုတ်ပါတယ်။ ဖဲရိုက်ကြမယ်တဲ့။ အားလုံးကလဲ ၀ါသနာမပါရှာဘူးလေ ဟေးးးးးးးးးးးးးးး ဆိုပြီး သဘောတူကြတယ်။ကားနောက်ခန်းမှာ တစ်လမ်းလုံးဖဲရိုက်ပြီး ခရီးဆက်ခဲ့တယ်။

မနက် ၁၁း၄၅ လောက်မှာကင်ပွန်းစခန်းကို စရောက်တယ်။ ကွန်မအပါအ၀င် အားလုံးက ခြေလျှင်ဘဲတတ်မယ် လို့  သဘောတူခဲ့ပါတယ်။ ကားလမ်းကနေ လုံးဝ မတတ်ချင်ပါဘူး။ တောတောင် သဘာဝအလှကို ခံစားပြီးမှ ကျိုက်ထီးရိုး ဘုရားဖူးရတာ ပိုကောင်းတယ်။ ဒါပေမယ့် ကားလမ်းနဲ့ တတ်တဲ့သူတွေက ပိုများနေပါတယ်။ အနည်းစုကဘဲ ခြေလျှင် တတ်ကြတယ်။

ရေမြှောင်ကြီးစခန်းမှာ ခနနားပြီး ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင်စနောက်ပြီး ခရီးဆက်ကြတယ်။ စနောက်တယ် ဆိုပေမယ့် တရားလွန် ဘယ်သူမှ မစနောက်ကြဘူး။ နတ်ကြီးတယ်လို့  ငယ်ငယ်ကတည်းက ကြားဘူးနေတာကြောင့်ပါ။

ဆောင်းတွင်းတတ်ရလို့ လားမသိဘူး အရမ်းပျော်စရာကောင်းတယ်။မောလာရင်လဲ ခဏနား ပြီးမှ ခရီးဆက်ဆိုတော့ သိပ်မမောလိုက်ဘူး။ မြူခိုးမြူဆိုင်တွေက ကျိုက်ထီးရိုးတောင်တန်းတွေကို ရစ်ခွေနေတော့ အရမ်းကို ကဗျာ ဆန်နေတယ်။ အိပ်မက်ထဲလမ်းလျှောက်နေရသလိုပါဘဲ။ တောင်ထိပ်ပိုင်းရောက်လာတော့ အအေးဓါတ်က ပိုသိသာလာတယ်။ နှင်းတွေလဲ အရမ်းကို ကျလာတယ်။ မြူတွေလဲ အရမ်းဆိုင်းလာတယ်။ တစ်ယောက်နဲ့ တစ်ယောက်တောင် သိပ်သဲသဲကွဲကွဲ မမြင်ရတော့ဘူး။

နောက်တော့ ညအိပ်နားမယ့် နေရာမှာ ပစ္စည်းတွေထားခဲ့ပြီး ရင်ပြင်တော်ပေါ်တတ်ပြီး ဘုရားဝတ်ပြုခဲ့ပါတယ်။ တစ်လမ်းလုံးပင်ပမ်းခဲ့သမျှ အမောပြေသွားပါတယ်။ နောက်တော့ ဘုရားရင်ပြင်တော်ကနေ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တောင်တန်းပတ်ပတ်လည်နဲ့ လွမ်းမောစရာ သဘာဝ ပတ်ဝန်းကျင်ကြောင့် လွမ်းတောင် လွမ်းသွားတယ်။ အားတင်းထားတယ်။ ချစ်သူပြန်လာရင်လဲ ချစ်သူနဲ့ ကျိုက်ထီးရိုးသွားမယ်လို့ ။
း)

ညနေပိုင်းက ပိုလှပါတယ်။ နေ၀င်ကာနီး အလှက တော်တော်လှပါတယ်။ ညပိုင်းလဲလှပါတယ်။ ရွှေရောင်တွေ ၀င်းအိနေတဲ့ တန်ခိုးကြီးလှတဲ့ ကျိုက်ထီးရိုးဘုရားကြီးကလဲ သိပ်ပြီး သပ်ပယ်လှပါတယ်။ ဖူးလို့ ကို မ၀နိုင်ပါဘူး။ ညပိုင်းမှာ တရားထိုင်ရတာ ချမ်းအေးလှပေမယ့် တိတ်ဆိတ်လွန်းတာကြောင့် စိတ်ကို တည်ငြိမ်စေပါတယ်။ ဘုရားရှိခိုးအမျှဝေပြီး ချစ်သူကိုလဲ
မေတ္တာပို့ လိုက်သေးတယ်။

မနက်စောစောထပြီးဆွမ်းကပ်ခဲ့တယ်။ ဒါပေမယ့် များပြားလှတဲ့ဆွမ်းခွက်တွေကြောင့် ကျွန်မတို့ တော်တော် နောက်ကျ နေမှန်းဖော်ပြနေသလိုလို။ ၁၀း၀၀နာရီလောက်မှာ ပတ်လည်မှာရှိတဲ့ဘုရားတွေလိုက်ဖူးကြတယ်။ ညနေအေးတော့ သဘာဝအလှတွေငေးမောခံစားတယ်။ အိမ်ကထည့်ပေးလိုက်တာတွေ အားမနာတမ်းစား ကြတယ်။ ညဘက်ရောက်တော့ ဘုရားဝတ်ပြုတယ်။

၁၂ရက်နေ့ မနက်စောစောမှာတော့  အားလုံးပျှော်ရွှင်စွာနဲ့  ဘေးကင်းစွာ နေရပ်ကို ပြန်ရောက်လာပါတယ်။ ထူးခြားချက်က သူငယ်ချင်းတွေနဲ့  သွားမယ်လို့ စိတ်ကူးတိုင်း အမြဲပျက်ခဲ့ရတဲ့ ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားကြီး ကို အားရပါးရ မပျက်မကွက် ဖူးခဲ့ရတယ်။ အပြန်မှာတော့ ကျိုက်ထိုက ယိုစုံတွေဝယ်လာခဲ့တယ်။ ၀ယ်လာတာ များသလို ကျွန်မတို့ အမြည်းအနေနဲ့ နှိုက်စား ခဲ့တာလဲ ဆိုင်ရှင်အရင်းမပြုတ်ရုံတမည်ပါဘဲ။

4 comments:

မငုံ said...

ပျော်စရာကြီး။ ကျိုက်ထီးရိုးတောင်ကို အပေါင်းအသင်းတွေနဲ့ လမ်းလျှောက်တက်ရင်း တောင်ပေါ်အရောက် ဘုရားဖူးရတာ ပျော်စရာကောင်းတယ်နော်။ မငုံလဲ ကျိုက်ထီးရိုးဘုရားဖူးသွားရတာ သဘောကျတယ်။ မရောက်တာကြာပေါ့။
ပျော်စရာအိမ်အပြန် ဘုရားဖူးခရီးစဉ်လေးပေါ့လေ။

Anonymous said...

ကျိုက်ထီးရိုးမှာ တော်တော် ပျော်ခဲ့တယ်ပေါ့လေ.. အားကျတယ်ဗျာ.... မရောက်တာ အတော်ကိုကြာပြီ သွားချင်တယ်

စန္ဒကူး said...

ကူးလဲတစ်ခေါက်ရောက်ခဲ့ဖူးတယ်.. ၂၀၀၅ လောက်က။ သင်တန်းတစ်ခုတက်တော့ ဆရာမနဲ့ အားလုံးစုသွားကြတာ... ပျော်ဖို့ကောင်းတယ်.. ဒါပေမယ့် အဖွဲ့မှားပီး အောက်ချိုင့်ထဲ ကျီးကန်းပါးစပ်ဆို လား အဲဒီအထိဆင်းသွားတာ...ပြန်တက်တော့ အသက်ထွက်ခါနီးဘဲ..မောလိုက်တာပြောမနေနဲ့.. နေ့ချင်းပြန်ဆိုတော့အချိန်သိပ်မရဘူး။ ၀က်ဝံဆီ ဆိုလား ၀ယ်ခဲ့တယ်..ဦးလေး ထိပ်ပြောင်က မှာလိုက်လို့... တောင်တက်တဲ့အချိန်ကားကြီးနဲ့ အပျော်ဆုံးဘဲ...း) တစ်ခေါက်လောက်တော့ထပ်သွားချင်သေးတယ်။

လင်းကြယ်ဖြူ said...

ပျော်စရာကြီးဗျာ...
ကြားရတာနဲ့ တင်..အဲ..ဖတ်ရတာနဲ့တင်
တော်တော် ပျော်စရာကောင်းတယ်နော..
ဆက်လက် ပျော်ရွှင် ပါစေ
*.*.*